spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ပြည်နယ်အစိုးရသက်တမ်း ၁နှစ်တာတွင်း တာဝန်နှင့် လုပ်ဆောင်ချက် ကိုက်ညီမှုမရှိကြောင်း တွေ့ရှိရ

Author

Date

Category

မူအက်စတာ

ကယား(ကရင်နီ)ပြည်နယ်အစိုးရသစ်သက်တမ်း ၁ နှစ်တာအတွင်း တာဝန်နှင့် လုပ်ဆောင်ချက် ကိုက်ညီမှု မရှိကြောင်းကို Myanmar Center To Empower Regional Parliaments (MCERP) ဒေသဆိုင်ရာ လွှတ်တော်များ အားပေးကူညီရေးအဖွဲ့က ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စာအုပ် မိတ်ဆက် အစီအစဉ်အပြီး LAIN Technical Support Group မှ ကိုကျော်ထင်အောင်က ပြောကြားသွားပါသည်။

၂၀၁၆ ဧပြီလတွင် စတင်ဖွဲ့စည်းခဲ့ရာ ၂၀၁ရခုနှစ် ဧပြီလတွင် ၁နှစ်ပြည့်တော့မည်ဖြစ်သည်။ သို့သော် ပြည်နယ်အတွင်းရှိ အစိုးရများ၏ လုပ်ဆောင်ချက်နှင့် ၎င်းတို့၏ တာဝန်သည် ကိုက်ညီမှုမရှိပဲ၊ အားနည်းနေကြောင်း ဆိုပါသည်။

“အဓိက ဦးစားပေးအနေနဲ့ သူတို့အစိုးရတွေရဲ့ တာဝန်ဆိုပေမယ့် သူတို့ရဲ့ မဲဆန္ဒရှင်ပြည်သူတွေ ရွေးချယ်လိုက်တဲ့ သူတို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်ပိုင်းဆိုင်ရာတွေမှာရော လစ်ဟင်းနေတာကို ကျနော်တို့တွေ့ရတာ ဖြစ်တဲ့အတွက် လက်ရှိ သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကတော့ အစိုးရအပိုင်းမှာရော လွှတ်တော်ကိုယ်စားလှယ်အပိုင်းမှာရော အားနည်းချက်တွေရှိတယ်” ဟု ကိုကျော်ထင်အောင်က ပြောပါသည်။

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် မိတ်ဆက်စာအုပ်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ကရင်နီပြည် လူငယ်များသမ္မဂ (UKSY) ရုံးတွင် ပြုလုပ်သွားပါသည်။

ဒေသဆိုင်ရာ လွှတ်တော်များ အားပေးကူညီရေးအဖွဲ့ (MCERP) မှ ဒေသအသီးသီးအတွက် လွှတ်တော်နှင့် ပတ်သက်သော စာအုပ်စာတမ်းများကို ပြုစုထုတ်ဝေပေးလျှက်ရှိသည်။

၎င်းတို့က လွှတ်တော်ဆိုင်ရာစာအုပ်ထုတ်ဝေရခြင်းမှာ ပြည်နယ်/တိုင်းဒေသကြီးအသီးသီးမှ လွှတ်တော်များ အားကောင်းလာစေနိုင်ရန်နှင့် နိုင်ငံသားများအားလုံး နိုင်ငံရေးတွင် တက်ကြွစွာ ပါဝင်လာစေရန် ရည်ရွယ်ပြီး ထုတ်ဝေ၊ ဖြန့်ဝေပေးလျှက်ရှိကြောင်း သိရသည်။

“တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေကို ဘယ်လိုအားပေးကူညီလို့ ရမလဲ၊ ဘယ်လိုရှင်သန်ပြီးတော့ နိုးထလာရမလဲဆိုတာတွေ ကျနော်တို့ရှာတယ်။ ပြီး ကျနော်တို့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားတွေအားလုံး နိုင်ငံရေးမှာ တက်တက်ကြွကြွပါဝင်လာဖို့ လုပ်ခဲ့တာပါ ” ဟု ဒေသဆိုင်ရာ လွှတ်တော်များ အားပေးကူညီရေးအဖွဲ့ (MCERP) မှ ဒါရိုက်တာ ဦးသက်ဇော်က ပြောပါသည်။

ကယားပြည်နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ အစိုးရအဖွဲ့များသည် လက်ရှိ ၎င်းတို့လုပ်ကိုင်နေသည့် လုပ်ငန်းအခြေအနေများသည် ၎င်းတို့ သင်ယူလေ့လာနေဆဲပုံစံလို ဖြစ်နေသည့်အပြင် ၎င်းတို့ တာဝန်ယူလုပ်ဆောင်ရသည့် ဝန်ကြီးဌာနလုပ်ထုံးလုပ်နည်း၊ သဘောသဘာဝကို ထဲထဲဝင်ဝင် နားလည်သိကျွမ်းခြင်း အားနည်းနေသေးကြောင်း ကိုကျော်ထင်အောင် ပြောပါသည်။

၎င်းထဲမှာမှ အဆိုးဆုံးအချက်မှာ အစိုးရအဖွဲ့အတွင်းသို့ ရောက်ရှိသွားသည့် လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့၏ လွှတ်တော်ပိုင်းဆိုင်ရာ တာဝန်များကို လစ်ဟင်းနေသည်ကို တွေ့ရှိရပါသည်။

တကယ်တမ်းဖြစ်သင့်သည်မှာ အစိုးရအဖွဲ့အတွင်းသို့ ပါဝင်သွားသည့် ဝန်ကြီးချုပ်ပင်လျှင် ၎င်း၏ မဲဆန္ဒနယ်အတွက် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။

သို့သော် ၎င်းတို့က ဥပဒေပြုရေးအပိုင်းကို လစ်လျူရှုပြီး ကျန်သည့်အစိုးရအပိုင်းဘက်ကို သင်ယူလေ့လာဆဲဆိုသည့် ပုံစံအတိုင်း လုပ်ဆောင်နေသည့်နေရာတွင်လည်း ဖြစ်မြောက်အောင်မြင်မှု မရှိသေးသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်တွင်လည်း လစ်ဟင်းမှုနှင့် တာဝန်ယူ လုပ်ကိုင်နေသည့် ဝန်ကြီးဌာနများ၏ လုပ်ငန်းပိုင်းတွင် စနစ်တကျ စီမံခန့်ခွဲနိုင်မှုများ၊ လုပ်ကိုင် ဆောင်ရွက်နိုင်မှုများမှာ တစ်နှစ်အတွင်း အားရမှုမရှိသေးကြောင်း ကိုကျော်ထင်အောင်က ပြောပါသည်။

ယခု ထုတ်ဝေပေးလိုက်သည့် စာအုပ်တွင် ကယားပြည်နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်ရေးအကျဉ်းများ၊ ကယားပြည်နယ်၏ တပ်မတော်သားများစာရင်း၊ ပြည်နယ်တွင်း ဖွဲ့စည်းခဲ့သော ကော်မတီများ၊ အစိုးရအဖွဲ့အမည်စာရင်းများ၊ ပြည်နယ်လွှတ်တော်တွင် အတည်ပြု ပြဌာန်းခဲ့သည့် ဥပဒေများ၊ ပြည်နယ်/တိုင်း၏ ဥပဒေပြုစာရင်း၊ ပြည်နယ်/တိုင်းတို့တွင် ကောက်ခံရမည့် အခွန်အခများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဇယားများ ပါဝင်ပါသည်။

spot_img
spot_img

Recent posts