spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ပြည်နယ်အစိုးရ ဌာနဆိုင်ရာအသံများကိုသာနားထောင်သည်ဟုဆို

Author

Date

Category

ထျိုးမြာ

ကယားပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့တာဝန်ထမ်းဆောင်ရာတွင် လူထုအသံနားထောင်မှုအားနည်းပြီး ဌာနဆိုင်ရာများ၏အသံကိုသာအဓိကနားထောင်နေသည်ကိုတွေ့ရသည်ဟု တစ်ချို့သောလွှတ်တော်အမတ်နှင့် အခြားနိုင်ငံရေးပါတီတစ်ချို့က သုံးသပ်ပြောဆိုသွားပါသည်။

လွှတ်တော်အမတ်များအနေနှင့် မိမိမဲဆန္ဒနယ်ရှိလူထုများနှင့် အခြားလူထုများ၏အခက်အခဲကိုသိရှိနိုင်ရန်အတွက် ကွင်းဆင်းလေ့လာလျက်ရှိသည်။

သို့သော် အစိုးရဝန်ကြီးများဖြစ်သွားသော ကိုယ်စားလှယ်တစ်ချို့သည် ပြည်သူလူထု၏ အသံနားထောင်ပြီး ပူးပေါင်းဆောင်ရွက်သည့် အပိုင်းအားနည်းနေသည်ကိုတွေ့ရသည်ဟု ပြည်နယ်လွှတ်တော် မယ်စဲမဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်အမတ် ဦးအောင်နိုင်ဦးက ပြောပါသည်။

“ ကျနော်တို့က ကိုယ့်မြို့နယ်ကို ကိုယ်သွားရတယ်။ ပြည်သူလူထုတွေရဲ့အခက်အခဲတွေကိုလည်း လွှတ်တော်မှာ ကျနော်တို့ပြန်မေးတယ်။ မေးတဲ့အချိန်ကျလို့ရှိရင်လည်း လွှတ်တော်ကိုယ်စားလှယ်တွေက ထိထိရောက်ရောက် လွှတ်တော်ကိုယ်စားလှယ်ကသိတယ်။ ဒီအစိုးရ ၊ လက်ရှိ ရှိတဲ့ ဝန်ကြီးတွေက ကွင်းမဆင်းမလေ့လာတော့မသိလာဘူး။ သူတို့ပြန်ဖြေတဲ့ မေးခွန်းတွေကကျနော်တို့အတွက်မလုံလောက်ဘူး။ ကျနော်တို့သိချင်တဲ့မေးခွန်းကတစ်မျိုး သူတို့ဖြေလာတဲ့ဟာက သူတို့ဌာနဆိုင်ရာက အကြီးအကဲတွေကပေးလာတဲ့စာရွက်ပေါ်မှာ ဖြေတဲ့အသိလောက်ပဲသိတာကိုး.. ” ဟု သူကပြောသည်။

လက်ရှိအနိုင်ရကိုယ်စားလှယ်များအနေနှင့် လူထုတို့၏လိုလားတောင်းဆိုမှုများကို ဗဟိုမှခွင့်ပြုခွင့်ချက်ရှိသောအခြေအနေမျိုးမှသာလျှင် ဆောင်ရွက်ပေးနေရသောအခြေအနေ၊ ဗဟိုဦးစီးစနစ်များနေသောအခြေအနေဖြစ်နေသောကြောင့် ပြည်သူလူထု၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်ခြင်းအားနည်းသောကြောင့် ထိတွေ့ဆက်ဆံမှုအားနည်းနေသေးခြင်းဖြစ်လိမ့်မည်ဟု ကယားလူမျိုးစုဒီမိုကရေစီပါတီမှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးလူးကြည် ကပြောပါသည်။

“ လူထုကတော့ လက်ရှိအစိုးရအပေါ်မှာ နည်းနည်းလေးအယုံအကြည်လျော့ကျလာတယ်လို့မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့ကလူထုနဲ့နည်းနည်းထိတွေ့ဆက်ဆံမှုနည်းနည်းဝေးကွာနေတယ်လို့ ကျနော်မြင်ပါတယ် ” ဟုသူကပြောပါသည်။

ရွေးချယ်ခံသော ကို်ယ်စားလှယ်များသည် လွှတ်တော်ကိုယ်စားလှယ်များဖြစ်ပြီးနောက်ပိုင်းတွင် ပြည်သူမျာနှင့် အမြဲတမ်းထိတွေ့ရမည်ဟု ရှိပြီးသားဖြစ်သော်လည်း တစ်ချို့အမတ်သည်ပြည်သူလူထုနှင့် တွေ့ဆုံလေ့ရှိပြီး တစ်ချို့သည်တွေ့ဆုံမှုမရှိကြောင်း ပြည်သူလူထုကြားတွင် ကြားသိမြင်တွေ့ရပါသည်ဟု ကယားပြည်နယ် ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း ကပြောပါသည်။

မေလ (၉)ရက်နေ့တွင် Mercy Corps မှဦးဆောင်ပြီး လူထုအားထိတွေ့ဆက်ဆံခြင်းနှင့် ပူးပေါင်းပါဝင်မှုရှိသောဒေသဖွံ့ဖြိုးရေးအလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို လွိုင်ကော်မြို့ နောင်ယား(က)ရပ်ကွက်၊ Kayah Resort Hotel တွင် ဆောင်ရွက်ကြပါသည်။

လက်ရှိအနိုင်ရပါတီကိုယ်စားလှယ်များနှင့် အခြားသော တိုင်းရင်းသားပါတီကိုယ်စာလှယ်များတက်ရောက်ကြသည်ကိုတွေ့ရသည်။

“ သူတို့ရဲ့စွမ်းဆောင်ရည်တွေကို မြင့်တင်ပေးဖို့ ပြီးတော့ လူထုနဲ့ထိတွေ့ဆက်ဆံဖို့စွမ်းရည်တွေ ၊ ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ လူထုတွေပါဝင်ပြီးတော့ရေးဆွဲတဲ့စွမ်းရည်မျိုးပေါ့။ အဲ့လိုမျိုးကောင်းမွန်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ ဒီလို အလုပ်ရုံဆွေးနွေးပွဲတွေလုပ်ပေးတယ်ပေါ့နော ” ဟု Mercy Corps မှ Program Manager ဦးမြတ်သူကပြောပါသည်။

နိုင်ငံရေးပါတီကိုယ်စားလှယ်တိုင်းသည် မိမိတို့၏ကိုယ်ပိုင်အတွေ့အကြုံ ကိုယ်ပိုင်အရည်အချင်း ကိုယ်ပိုင်ဗဟုသုတများ ရှိကြသော်လည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုထိရောက်ရန် ဒီထက်ပိုသိရှိရန်လိုအပ်သည်ဟုမြင်မိသည်ဟု သူကပြောပါသည်။

ပထမဆုံးအကြိမ် နိုင်ငံရေးပါတီကိုယ်စားလှည်များအတွက် အလုပ်ရုံဆွေးနွေးပွဲလုပ်ပေးခြင်းဖြစ်ပြီး လေးရက်ကြာပြုလုပ်သွားခြင်းဖြစ်သည်ဟု သိရသည်။

 

spot_img
spot_img

Recent posts