spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

၂ရ နှစ်အကြာ သိမ်းယူထားသော မြေအတွက် နစ်နာကြေး ပြန်မရသေးသူများ

Author

Date

Category

လွိုင်ကော်ဘူတာ (ဓါတ်ပုံ-စိုင်းလင်းလင်းဦး)

လင်းသန့်

လွိုင်ကော်မြို့အတွင်းရှိ ရထားဘူတာတည်ဆောက်ရန် သိမ်းယူထားသည့် မြေယာများအတွက် လျှော်ကြေးနှင့် အသုံးမပြုရသေးသော မြေလပ်များကို ယနေ့အထိ မူရင်းတောင်သူများထံ ပြန်မပေးသေးပါဘူး။

ယင်းမြေအတွက် နစ်နာကြေးနှင့် ကျန်ရှိနေသေးသည့် မြေလွတ်များကို ပြန်စွန့်လွှတ်ပေးနိုင်ရေး မူရင်းပိုင်ဆိုင်သူများက ဒီနှစ်အတွင်း ပြန်ကြိုးစားနေသည်။

မူလပိုင်ရှင်နာမည်ပေါက်သူများပင် ဆုံးပါးသွားကြပြီးနောက် ၎င်းတို့၏ မျိုးဆက်ဖြစ်သော သားသမီးလက်ထက်၌ ယင်းမြေယာအတွက် နစ်နာကြေးပြန်ရေး ကြိုးစားမှုက ယနေ့အထိ မပြီးပြတ်သေးပေ။

လွိုင်ကော်ဒေသခံ တောင်သူ ၅ ဦး ပိုင်ဆိုင်သော အဆိုပါ လယ်မြေ ဧက ၅ဝ ကျော်ကို ၁၉၉၁ ခုနှစ်ကတည်းက ရထားဘူတာတည်ဆောက်ရန် အာဏာပိုင်များ၏ နုတ်မိန့်ဖြင့် သိမ်းယူခဲ့ခြင်းဖြစ်သည်။

မြေကို သိမ်းယူရန် မည်သူက အမိန့်ပေးခဲ့သလဲဆိုတာ မသိရသေးသော်လည်း ယင်းမြေအတွက် နစ်နာကြေးပြန်မရသေးသည်မှာ ၂ရ နှစ် အထိ ရောက်ရှိလာပြီဖြစ်သည်။

သို့သော် ယင်းသိမ်းဆည်းထားသော မြေနေရာများသည် နိုင်ငံတော်၏ အနာဂတ်စီမံကိန်းများ လုပ်ဆောင်ရန် လျာထားပြီးသားဟု အစိုးရရဲ့ လယ်ယာမြေစိစစ်ရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ဒုညွှန်မှူး ဦးအောင်သန်းလွင်က ပြောသည်။

“မီးရထားက ဝင်းခတ်တယ်။ အဆောက်အဦးတွေဆောက်တယ်။ အဲဒီအသုံးပြုပြီးတဲ့ ဧရိယာ ၂၉.၁၈၉ ဧကအတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညှိနှိုင်းသတ်မှတ်ခြင်းတို့နဲ့ လျော်ကြေးငွေပေးသွားဖို့နဲ့ အသုံးပြုခြင်းမရှိသေးတဲ့ အနာဂတ် plan ရေရှည်စီမံကိန်းအတွက် ဆက်လက်ဆောင်ရွက်မယ့် ဧရိယာ ၁၅.၆ရ ဧကအတွက် လျော်ကြေးပေးချေနိုင်ရေး ၂၀၁၂ လယ်ယာမြေဥပဒေအရ ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်အပေါ် လိုက်နာဆောင်ရွက်သွားဖို့ဆိုပြီးတော့ ညွန်ကြားခဲ့တာရှိပါတယ်။”ဟု ဦးအောင်သန်းလွင်က အထက်အာဏာပိုင်များ၏ အစီအစဉ်ကို ပြောသည်။

မြေသိမ်းခံတောင်သူများ (ဓါတ်ပုံ-နော်ဒွေးအယ်ခူ)

အစိုးရလက်ထက် ၂၀၁၄ ခုနှစ်ကတည်းက ယင်းမြေယာပြဿနာကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် အခြားမြေသိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်က ကွင်းဆင်း စစ်ဆေးခဲ့သေးသည်။

ဒီသိမ်းဆည်းခဲ့သည့် မြေနေရာများအနက် အဆောက်အဦးတည်ဆောက်ထားပြီးဖြစ်သော မြေဧကအတွက် လျှော်ကြေးပြန်ပေးရန်နှင့် ကျန်ရှိ မြေလွတ်များကို မူရင်းတောင်သူတွေဆီ ပြန်ပေးအပ်ရန် ယင်းစုံစမ်းရေးကော်မရှင်က အကြုံပြုထားသည်။

NLD အစိုးရ ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိုလက်ထက် ဖွဲ့စည်းလိုက်သည့် ကယားပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီကမူ အဆိုပါမြေကိစ္စတိုင်ကြားမှုကို ရာနှုန်းပြည့်ဆောင်ရွက်ပြီးပြီဟု အစီရင်ခံထွက်သည်။

စိစစ်ရေးကော်မတီ၏ အစီရင်ခံစာအရ ရထားဘူတာမြေသိမ်းကိစ္စကို ဆက်ပြီး စစ်ဆေးဆောင်ရွက်စရာမလိုတော့ဘူးဆိုသည့် သဘောသည် လိမ်လည်ရာဖြစ်နေသည်ဟု တောင်သူများက တုန့်ပြန်သည်။

ထို့ပြင် မြေအတွက် နစ်နာကြေးကို နှစ်ဘက်ညှိနှိုင်းခြင်းမရှိဘဲ သတ်မှတ်တာကိုလည်း တောင်သူတွေက ကျေနပ်မှုမရှိပေ။ အစိုးရကမူ ယင်းမြေနေရာရှိ လယ်မြေ ၁ ဧကအတွက် ကျပ်သိန်း ၅ဝ သတ်မှတ်ပြီး လျှော်ကြေးပေးဖို့ စီစဉ်နေသည်။

“ဒီခေတ်ဒီအခါမှာ သိန်း ၅ဝ ဆိုတာ ဘာမှသုံးလို့မှ မရတော့တာ။ သူတို့ လူကြီးတွေ တောင်သူရဲ့ လူနေမှုဘဝကို မြင့်တင်ပေးမယ်၊ မြင့်တင်ပေးမယ်လို့ ပြောပေမဲ့ ဒီသိန်း ၅ဝ နဲ့တော့ ဘယ်လိုမှ မဖြစ်စလောက်ဖြစ်မှာကိုး။ အဲဒါကြောင့်မို့လို့ တစ်စိုက်မတ်မတ်ပဲပြောတယ်။ ကျွန်တော်တို့က ဒီသိန်း ၅ဝ ကို လုံးဝလက်မခံဘူး။”ဟု သိမ်းဆည်းခံတောင်သူတစ်ဦးဖြစ်သူ ဦးမောင်မောင်ငယ်က ပြောသည်။

တောင်သူထံ နှစ်ဘက်သဘောတူညီတွေတောင် မရရှိသေးဘဲနှင့် တစ်ဖက်သက်ဆုံးဖြတ်ချက်က မတရားဟု တောင်သူများက သဘောထားကြသည်။

သိမ်းယူထားသော မြေဧကများအနက် ထက်ဝက်ကျော်ဖြစ်တဲ့ ၂၉.၄၅ ဧကကို ဘူတာနှင့် ဆက်စပ်အဆောက်အဦးများ တည်ဆောက်ထားပြီးဖြစ်သည်။

အဲ့ဒီအတွက် နစ်နာသူတွေ နှစ်ဦးသဘောတူ ကာလပေါက်ဈေးနှင့် လျှော်ကြေးပြန်ရရေး တောင်သူများက အလိုရှိနေသည်။ ပြီးတော့ အသုံးမပြုရသေးသည့် မြေလွတ်များကို ခြွင်းချက်မရှိ ပြန်ပေးရန် အစိုးရကို တောင်းဆို ၎င်းတို့က တောင်းဆိုသည်။

ဒီကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် ကယားပြည်နယ်လွှတ်တော်က ဇူလိုင်လ ၉ ရက်နေ့တွင် ကြားနာပွဲပြုလုပ်ခဲ့သည်။

ဘူတာရုံအာဏာပိုင်တွေကတော့ သိမ်းဆည်းထားသည့် မြေလွတ်ကို အနာဂတ်စီမံကိန်းအတွက် အသုံးပြုဖို့ လျာထားပြီးသားဖြစ်ကြောင်း ရှင်းလင်းသည်။

တောင်သူများကမူ ယင်းမြေကို တရားဝင်သိမ်းဆည်မှုပြုလုပ်ထားခြင်းမရှိဘဲ စီမံကိန်းအတွက် ဘတ်ဂျတ်တင် စီမံချက်ရေးဆွဲခြင်းသည် ဥပဒေနှင့် မညီညွှတ်ဟု တုန့်ပြန်သည်။

ဒါ့အပြင် လျှော်ကြေးပေးရန် ရည်ရွယ်ပြီး ပြန်လည်တိုင်းတာထားသည့် မြေဧကသည်လည်း မူလထက် ဧက လျော့နေသည်ကိုလည်း တွေ့ရှိရသည်ဟု ဆိုသည်။

“ကျွန်မတို့ရဲ့ တောင်းဆိုချက်အတိုင်း သူတို့ကလာပြီး စီစစ်ပေးတဲ့ချိန်မှာ အသုံးပြုမြေကိုတော့ လျော်ကြေးပေးသင့်ကြောင်းနဲ့ အသုံးမပြု ကျန်မြေကိုတော့ တကယ်လို့ မလိုအပ်ရင် ပြန်ပေးဖို့ လုပ်ထုံးလုပ်နည်း နည်းဥပဒေနဲ့ ပြန်ပေးဖို့ စီစဉ်ထားပါတယ်။”ဟု တောင်သူအဖွဲ့၏ ဦးဆောင်သူ ဒေါ်စုငယ်ထွေးက ပြောသည်။

အစိုးရအဆက်ဆက်က သိမ်းဆည်းမြေများကို အနာဂတ်စီမံကိန်းအတွက် လျာထားအသုံးပြုတာမျိုး မပြုလုပ်ကြရန် တစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေသည့် မြေယာပြဿနာနှင့် စပ်လျဉ်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားသည်။

ဘယ်လိုအခြေအနေဖြစ် ဒီမြေအတွက် နစ်နာကြေးနှင့် မြေလွတ်များကို ပြန်ရသည့်အထိ ကြိုးပမ်းသွားမည်ဟု ဒေါ်စုငယ်ထွေးက ဆိုသည်။

spot_img
spot_img

Recent posts