spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ငြိမ်းစုစီဖြင့် တရားစွဲဆိုထားသော ဆန္ဒပြဦးဆောင်သူ ၃ ဦး၏ အမှုကို ပလပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ငြိမ်းစုစီ ဥပဒေဖြင့် တရားစွဲဆိုခံရသူများကို ဇန်နဝါရီလ ၅ ရက်နေ့က လွိုင်ကော်တရားရုံးသို့ စီတန်းလှည့်လည်ကာ လိုက်ပါပို့ဆောင်ခဲ့ကြရာတွင် ဦးဆောင်သူခဲ့သူ ၃ ဦးအား စွဲဆိုထားသောအမှုမှ ရုပ်သိမ်းလိုက်ပြီဖြစ်ကာ ၁၉ ရက်နေ့၌ နောက်ထပ် ဆန္ဒပြ ဦးဆောင်သူများကိုလည်း တရားစွဲဆိုတော့မည်မဟုတ်ကြောင်း သိရသည်။

ဇန်နဝါရီ ၅ ရက်နေ့ လွိုင်ကော်မြို့တွင် ဆန္ဒပြလူစုလူဝေးအား ဦးဆောင်ခဲ့သူ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ခူးတူရယ်၊ ကယန်းမျိုးဆက်သစ်လူငယ် ဗဟိုကော်မတီဝင် ခွန်းအသန်းနှင့် ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူးတို့ကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုရန် ဇန်နဝါရီ ၁၉ ရက်နေ့က လွိုင်ကော်တရားရုံးတွင် စတင်စစ်ဆေးခဲ့သော်လည်း ယနေ့ ဇန်နဝါရီ ၂၃ ရက်နေ့တွင် ၎င်းအမှုအား ပလပ် ရုပ်သိမ်းလိုက်ပြီဖြစ်သည်။ ၎င်းတို့အား ယာယီချုပ်နှောင်ထားသော လွိုင်ကော်အကျဉ်းထောင်မှလည်း လွှတ်မြောက်လာပြီဖြစ်သည်။

လူ ၃ ဦးကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၉ ဖြင့် ထပ်မံတရားစွဲရန် ရုံးတင်စစ်ဆေးနေစဉ်ကာလအတွင်း အဆိုပါအမှုများကို ပလပ်လိုက်ခြင်းဖြစ်သည်။ ထို့အပြင် အဆိုပါ ငြိမ်းစုစီဖြင့် တရားစွဲဆိုခံ လူ ၃ ဦးအား ဇန်နဝါရီ ၁၉ ရက်နေ့က လိုက်ပါပို့ဆောင်ရာတွင် ဦးဆောင်သူ နောက်ထပ် လူ ၅ ဦးကိုလည်း တရားစွဲဆိုမည်မဟုတ်တော့ပေ။

အရပ်သားနှင့် KNPP တပ်ဖွဲ့ဝင်များ သေဆုံးခဲ့မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးဆောင်ရွက်နေမှုအခြေအနေကို ပြည်သူထံ အချိန်နှင့်တပြေးညီအသိပေးရန်၊ အရေးယူမှုအခြေအနေကို သတင်းထုတ်ပြန်ရန်၊ အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းတို့ အခါအားလျော်စွာတွေ့ဆုံခြင်းများ ပြုလုပ်ပေးရန် အစိုးရနှင့် သဘောတူညီချက် ရရှိခဲ့သည်ဟု ခွန်းဘီထူးက ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားသည်။

“နောက်ထပ် တကြိမ် သတ်ဖြတ်မှု မဖြစ်အောင် လူထုတွေ စောင့်ကြည့်ပေးပါ။ ပြည်နယ်မှာ တရားဥပဒေစိုးမိုးဖို့အတွက် အင်မတန်လိုအပ်တယ်။”ဟု ၎င်းက ပြောသည်။

အဆိုပါသဘောတူညီချက်အား KNPP မှ အစိုးရထံ ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့အပြီး အမှုအား ပလပ်ပေးခြင်းနှင့် အပြန်အလှန်ပူးဆောင်ရွက်ခြင်းနှင့် ပွင့်လင်းမြင်သာ သတင်းထုတ်ပြန်ပေးရန်အစရှိသော သဘောတူညီချက်များ ရရှိလာခြင်းဖြစ်သည်။

အဆိုပါ လူသေဆုံးမှုနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းများက ပြည်နယ်အစိုးရထံသို့ အချိန်မရွေးလာရောက် တွေ့ဆုံနိုင်ကြောင်းလည်း ကယားပြည်နယ်ဝန်ကြီးချုပ်က ဖိတ်ခေါ်ထားသည်။

ငြိမ်းစုစီ ဥပဒေဖြင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ်ရက် ၂ဝ ကျခဲ့သော လူ ၅ ဦးသည်လည်း မနက်ဖြန် ၂၄ ရက်နေ့တွင် လွှတ်မြောက်လာမည်ဖြစ်သည်။

တရားစွဲဆိုခံရသူများမှ အစိုးရမှ သဘောတူထားသော အချက်များကို လုပ်ဆောင်မည့်အပေါ် စောင့်ကြည့်သွားဖြစ်ဖြစ်ကာ လူသေဆုံးမှုအပေါ် တရားမျှတမှုဖေါ်ဆောင်ပေးရန် ဆက်လက်တောင်းဆိုသွားမည်ဟု ဆိုသည်။

အရပ်သား ၁ ဦးနှင့် KNPP တပ်ဖွဲ့ဝင်များ သေဆုံးခဲ့မှုအပေါ် အမှုဖော်ထုတ်ပေးရန် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် လွိုင်ကော်မြို့တွင် လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြသော လူငယ် ၅ ဦးကို ဇန်နဝါရီလ ၁၂ ရက်နေ့၌ တရားရုံးက လွိုင်ကော်မြို့နယ် တရားရုံးမှ ဒဏ်ငွေ ၃ သောင်းချမှတ်ခဲ့သော်လည်း တရားစွဲဆိုခံရသူများမှ ငွေဒဏ်လက်မခံဘဲ ထောင်ဒဏ် ရက် ၂ဝ ကျခံခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၉ သည် မည်သူမဆို သက်ဆိုင်ရာသို့ အသိပေးတင်ပြခြင်းမရှိဘဲ စုဝေးခြင်း (သို့မဟုတ်) စီတန်းလှည့်လည်ခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ၃ လထက် မပိုသော ထောင်ဒဏ် သို့မဟုတ် ၃ သောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

spot_img
spot_img

Recent posts