spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံလူငယ် ငြိမ်းချမ်းရေးစကားဝိုင်း သုံးသပ်ချက်

Author

Date

Category

ခူးကြူးဖဲကေး (ကရင်နီအမျိုးသား) ရေးသားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်း ခရီးစဉ်ကို ကယား(ကရင်နီ)ပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် – ကယားပြည်နယ် (National League for Democracy –NLD) ပါတီဝင်များနဲ့ အစိုးရအဖွဲ့က ယခု စကားဝိုင်းကျင်းပနိုင်ရေးအတွက် ဆွေးနွေးမယ့် ကိုယ်စားလှယ် လူအင်အားစုဆောင်ခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများကို ဒီဇင်ဘာလ ပထမအပတ်ကတည်းကပင် စတင်ပြီ ပြုလုပ်ခဲ့ကြတယ်လို့ ပြောလို့ရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ယခု ခရီးစဉ်ဟာ လျှိုဝှက်ပြီးစီစဉ်ခဲ့တဲ့ ခရီးစဉ်တစ်ခုလို ယူဆလို့ရတဲ့အချက်တွေရှိနေပါတယ်။ ဒီအခြေခံစဉ်းစားချက်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ်အတွက် အချိန်နီးကပ်မှ ထုတ်ပြန်တဲ့ အပေါ်မှာမူတည်ပြီး သုံးသပ်တဲ့ အခြေခံအချက်ပါ။ 
တဖက်မှာလဲ လျှိဝှက်တဲ့ ခရီးစဉ်တစ်ခုအတွက် သတင်းပေါက်ကြားမှုတွေလဲ ရှိကောင်းရှိနိုင်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ သူရဲ့ ခရီးစဉ်အတွက် အနှောက်အယှက်ဖြစ်စေနိုင်တဲ့ ကိစ္စကြီးတစ်ခုက ၂၀၁၂ မှာကတည်းက အပစ်အခက်ရပ်စဲရေး ယူထားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(Karenni National Progressive Party-KNPP)ရဲ့ ရဲဘော်သုံးယောက်နဲ့ အရပ်သား တစ်ယောက်ကို နယ်မြေအခြေစိုက် ခလရ (၅၄) တပ်က သတ်ဖြတ်ခဲ့ခြင်းကိစ္စတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။

သူရဲ့ ခရီးစဉ်အတွင်း ဖြေရှင်းစရာ ကိစ္စရပ်တွေ၊ ဝိဝါဒကွဲပြားမှုတွေကို မဖြစ်မနေ ပေါ်ပေါက်လာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သလားဆိုတာကိုတော့ ကျူးလွန်တဲ့လုပ်ရပ်အပေါ်မှာပဲ လူထုက ဆုံးဖြတ်ချက်ချပြီသား ဖြစ်ပါလိမ့်မယ်။

နောက်ထပ် ဝိဝါဒကွဲပြားစေတဲ့ ရေခံမြေခံအယူအဆတွေကတော့ KNPP ရဲ့ တောင်းဆိုမှုဖြစ်သော နှစ်ဖက်ကိုယ်စားလှယ်များပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီ နိုင်ငံတကာဥပဒေပညာရှင်များပါဝင်လျှက် ခုံရုံးတစ်ခုကို ဖွဲ့စည်းသွားဖို့ ဖြစ်တယ်။

ထိုနည်းတူစွာပဲ သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလဲ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Pecae Center – NRPC)က တဆင့် တပ်ကို အကြောင်းကြားထားပြီဖြစ်လို့ တပ်မတော်ရဲ့ သီးသန့် မြေပြင်ကွင်းဆင်းလေ့လာစုံစမ်းမယ့် အလုပ်အဖွဲ့က လုပ်ဆောင်နေပြီလို့ပြောတယ်။ ဒါက သီးသန့်လုပ်မယ်ဆိုတဲ့ သဘောထားကို ပြခြင်းပဲဖြစ်ပါတယ်။

နောက်တဖက်မှာကတော့ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဦးအယ်လ်ဖောင်ရှိုက နှစ်ဖက်အင်အားစုဖြစ်တဲ့ တပ်နှင့် KNPP ရဲ့ စုံစမ်းမှု၊ သက်သေခိုင်မာမှုတို့ကို ၎င်းထံသို့တင်ပြပြီး ၎င်းမှ NRPC သို့ ဆက်လက်တင်ပြသွားမယ်လို့ တရားဝင်ထုတ်ပြောထားတာဖြစ်ပါတယ်။ ဒါကလဲ ဝိဝါဒ ထွေးပြားစရာတွေပါပဲ။

ဗျူရိုကရက်တစ်ယန္တရားရဲ့ ထုတ်ကုန်ဖြစ်ခဲ့ဖူးသူက ဘက်လိုက်မှုမရှိတဲ့ စဉ်းစားချက်ကို ချမှတ်နိုင်ပါ့မှာလား ဆိုတာကတော့ စိန်ခေါ်စရာမေးခွန်ဖြစ်လာပါပြီ။ ဒါကလဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထွေးပြားမှုတွေဖြစ်စေသလို ၊ စိန်ခေါ်မှုကြီးကြီးမားမားလဲ ဖြစ်စေပါလိမ့်မယ်။ သေချာတာတစ်ခုကတော့ ညောင်မြစ်တူးရင် ပုတ်တင်ဥတော့ ပေါ်ပါလိမ့်မယ်။

ဒီလို ပြဿနာတွေ တစ်ထွေတစ်ပိုက်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စကားဝိုင်းကို စတင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါက မလိုလားသူတွေရဲ့ ယာလည်း ညက်စေ၊ ကြက်လည်း မောစေဆိုတဲ့ ကစားကွက်လား ဆိုတာကိုတော့ လူထုက အဖြေထုတ်ပြီ ဖြစ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသလူငယ်ဆွေးနွေးပွဲစကားဝိုင်းကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် ခေါင်းစဉ်ကြီး ၆ ခုနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ ယူဆနိုင်ပါတယ်။

၁။ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေး

ဒီခေါင်းစဉ်အောက်မှာတော့ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ တိုက်ရိုက်အချိုးကြပါတယ်လို့ ပြောဆိုသွားပါတယ်။ ဘက်နှစ်ဘက်ကြည့်တဲ့ တရားမျှတရေးကနေ တစ်ဆင့် နားလည်မှုတည်ဆောက်တဲ့ လမ်းကြောင်းကို ဦးတည်တဲ့ ဆွေးနွေးမှုမျိုးကို ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံအတွင်းမှာ ငြိမ်းချမ်းရေးလုပ်ဖို့ အဖွဲ့အစည်း နဲ့ ဘက်တွေများတဲ့အတွက် လူငယ်တွေကနေတစ်ဆင့် ပြောင်းလဲမှုကို ပြုလုပ်ရမယ်ဆိုတဲ့ အယူအဆကို ရှေ့တန်းတင် ဆွေးနွေးခဲ့ကြတယ်။

တဖက်မှာလည်း အတိုင်ပင်ခံပုဂ္ဂိုလ်မှ အသက်ကြီးလာတဲ့လူတွေဟာ တသက်လုံးကိုင်စွဲလာတဲ့ အယူအဆကို မစွန့်လွတ်ချင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ သတိပေးပြောဆိုသွားပါတယ်။ ဝမ်းနည်းစရာကောင်းတာက ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် လိုအပ်တဲ့ ကိစ္စတွေ၊ တန်းတူရေးဖော်ဆောင်ဖို့လိုအပ်တဲ့ အချက်ကို ထည့်သွင်းဆွေးနွေးတဲ့ အနေအထားမရှိခဲ့ပါဘူး။ တိုင်းရင်းသားဒေသအတွင်းမှာရှိတဲ့ ခေါင်းဆောင်များဟာ သရဖူးမဆောင်တဲ့ လူထုကြည်ညိုမှုရရှိထားသော ခေါင်းဆောင်များ ဖြစ်ပါတယ်။

လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အခြေခံမရှိတဲ့ တိုင်းပြည်မှာ တိုင်းရင်းသားခေါင်းဆောင်များကို တိုက်ပွဲကြားက မွေးထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအရာတွေကို နားလည်မှသာ ယှဉ်တွဲနေနိုင်တဲ့ ငြိမ်းချမ်းရေး စကားဝိုင်းဖြစ်နိုင်မယ်လို့ သုံးသပ်မိပါတယ်။

တိုင်းရင်းသားတွေရဲ့ ခုခံတော်လှန်ရေးဟာ လူပုဂ္ဂိုလ်ကိုယ်များနဲ့ ဖြစ်တဲ့ ပဋိပက္ခများမဟုတ်သလို လူနည်းစုအတွက်တိုက်ပွဲဝင်နေတဲ့ ကိစ္စရပ်များလည်းမဟုတ်ပါဘူး၊ တန်းတူရေးအတွက် ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စရပ်များသာဖြစ်ပါတယ်။ တန်းတူရေးကနေတစ်ဆင့် ပြည်ထောင်စုတည်ဆောက်မှုစနစ်ကို သွားဖို့ ဖြစ်ပါတယ်။ ပြည်ထောင်စုစနစ်အတွက် လိုအပ်သော အချက်အလက်များတွေဖြစ်တဲ့ အာဏာခွဲဝေခြင်း၊ အခွန်ဘဏ္ဍာခွဲဝေရေး ၊ လူနည်းစုလွှတ်တော်ရေးရာများနှင့် လိုအပ်သော အာဏာဝိသေသ ပိုင်းခြားခြင်းများကိုတော့ ထည့်သွင်းမှတ်ချက်ပြုခြင်း မရှိခဲ့ပါဘူး။

မေးခွန်းများဖြစ်တဲ့ KNPP ရဲဘော်တပ်သား သုံးဦးနှင့် အရပ်သားတစ်ဦးသေဆုံးမှုကိစ္စ၊ ရှားတောမြို့မှာ ကုန်သွယ်ရေးအတွက်တည်ဆောက်မယ့် တာတမော သံလွင်တံတားကိစ္စ ၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးမှ တဆင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စနှင့် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခန်းကဏ္ဍမေးခွန်းများကိုတော့ ဖြေဆိုခြင်း မရှိခဲ့ပါဘူး။

၂။ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး

ယခုခေါင်းစဉ်အောက်မှာ ငြိမ်းချမ်းရေးရရှိဖို့၊ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်နိုင်ဖို့အတွက် တာဝန်သိစိတ် နဲ့ တာဝန်ယူမှုရှိရန် လိုအပ်တယ်ဆိုတဲ့ အခြေခံစဉ်းစားချက်အပေါ်မှာပဲ အဓိကဇောင်းပေး အဆိုပြုသွားပါတယ်။ ငြိမ်းချမ်းရေးရှိရန် ကြိုးပမ်းမှုတွေပြုလုပ်နိုင်ရန် ဘက်နှစ်ဘက်မှ မျှတတဲ့ ချိန်ခွင်လျှာ ဖြစ်ဖို့ လိုအပ်သည်ဆိုတဲ့ အချက်ကို ဆွေးနွေးသွားပါတယ်။ မျှတတယ်ဆိုတဲ့ အယူအဆအမှာ အပေးနဲ့ အယူကိုသာ စဉ်းစားပြောဆိုသွားပါတယ်။ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တာဝန်ခံမှုနဲ့ တာဝန်ယူမှု စိတ်ဓာတ်ရှိရန်လိုအပ်သည်ဟု ပြောဆိုသွားပါတယ်။

ခြုံငုံသုံးသပ်ရမယ်ဆိုရင် တရားမျှတမှုရှိရန်၊ တာဝန်ယူမှု နှင့် တာဝန်ခံမှုရှိန်၊ မျှမျှတတ ဖြစ်ရန် လိုအပ်သည်ဟုသာ မှတ်ချက်ပြုသွားပါတယ်။ တိုင်းရင်းသားများအတွက် အာမခံချက်ရှိတဲ့ ရပ်ဝန်းတစ်ခုတည်ဆောက်ရန်ကိစ္စကိုတော့ ထည့်သွင်းပြောဆိုသွားခြင်းမရှိပါဘူး။

၃။ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား အခန်းကဏ္ဍ

ယခုခေါင်းစဉ်အောက်မှာ အစိုးရက တာဝန်ရှိတဲ့လူတွေဟာ ပြည်သူလူထုရဲ့ ဆိုးမွေး၊ ကောင်းမွေးကို လက်ခံနိုင်ရမယ်ဆိုတဲ့ အချက်ကို အဓိက ပြောဆိုသွားပါတယ်။ တိုင်းရင်းသားဒေသငြိမ်းချမ်းရေးရရှိဖို့ ဆိုတဲ့ အခြေခံစဉ်းစားချက်မှာကျတော့ လက်နက်ကိုင်ပြီ လက်နက်အားကိုးလာတဲ့ လူတွေဟာ စိတ်ဓာတ်ပိုင်အရ လက်နက်စွန့်လွှတ်ဖို့ မလွယ်ကူဘူဆိုတဲ့ ထင်မြင်သုံးသပ်ချက်မျိုးကိုသာ ပြောသွားပါတယ်။

ပြီးတော့ အကျင့်ပျက်ခြစားမှုကိစ္စရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေကိုသာ အနက်ဖွင့်ပြသွားပါတယ်။ ဒီအခန်းကဏ္ဍမှာ ငြိမ်းချမ်းရေး ရရှိဖို့ ပြည်သူလူထုရဲ့ အခန်းကဏ္ဍကသာ အဓိကကျတဲ့ အက္ခရာဆိုတဲ့ အခြေခံစဉ်းစားချက်ကို ဦးတည်ပြောဆိုသွားပါတယ်။ ပြည်သူလူထုသည် အများစုဖြစ်သည့်အတွက် ပြည်သူတွေပါဝင်မှုကနေသာ ပြောင်းလဲသွားမယ်ဆိုတဲ့ အချက်ကို ဦးစားပေးပြောဆိုသွားပါတယ်။ ဒီခေါင်းစဉ်အောက်မှာ ပြည်သူလူထုအရေးကိုသာ ဦးစားပေးတဲ့ ယေဘုယျအချက်ကိုသာ ပြောဆိုသွားပြီး အဓိကကျတဲ့ တိုင်းရင်းသားအရေးကိုတော့ ပြောဆိုသွားချင်းမရှိပါဘူး။

၄။ NCA နှင့် NRPC

ယခုခေါင်းစဉ်အောက်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ငြိမ်းချမ်းရေးမရရှိခြင်းမှာ အမုန်းတရားကြောင့်ဟု မှတ်ချက်ပေးခဲ့ပါသည်။ အမုန်းတရားများကို ဖြေလျှော့နိုင်မှသာလျှင် ငြိမ်းချမ်းရေးရရှိမည်ဟူသည် လမ်းကြောင်းကို အသာပေးပြောဆိုသွားပါတယ်။

ထိုနောက် NCA စာချုပ် ချုပ်ဆိုရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူထုပါဝင်ဖို့အရေးကြီးကြောင်းလူထုပါ ဝင်ရန်လိုအပ်ကြောင်း တိုက်တွန်းပြောဆိုသွားပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြုလုပ်နိုင်ရန်အတွက် အဓိကျတဲ့ အခြေခံအချက်မှာ နားထောင်တတ်ရမယ်၊ လက်ခံတတ်ရမယ် ဆိုတဲ့ အချက်ကို ပြောဆိုသွားပါတယ်။

၅။ အမျိုးသမီးနှင့် ငြိမ်းချမ်းရေး

အမျိုးသမီးများအနေဖြင့် ပညာရေးဆိုင်ရာအခန်းကဏ္ဍများတွင် ပိုမိုအားထုတ်ရေးနှင့် မိဘများမှလည်း အားပေးအားမြှောက်ပြုသင့်တယ်ဆိုတဲ့ အချက်ကို တိုက်တွန်းပြောဆိုသွားပါတယ်။ အမျိုးသမီးများရဲ့ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးအခန်းကဏ္ဍများအပါအဝင် ဆုံးဖြတ်ချက်ချမှတ်နိ်ုင်သော အခန်းကဏ္ဍများတွင် ပါဝင်ရန် လိုအပ်ကြောင့် တိုက်တွန်းပြောဆိုသွားပါတယ်။

၆။ တိုင်းရင်းသားစာပေရေးရာကိစ္စ

ပညာရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားစာပေရေးရာကိစ္စရပ်များကို အသိအမှတ်ပြု သင်ကြားပေးနိုင်ရန် အတွက် ပညာရေးဝန်ကြီးဌာနနှင့် ကြိုပမ်ဆောင်ရွက်မှုများ ပြုလုပ်နေမှုတို့ကို ရှင်းလင်းပြောကြားခြင်းနှင့် ကြိုပမ်းမှုများကို အတိအလင်းပြောဆိုသွားမှုတွေလဲရှိပါတယ်။
အထက်ပါ အချက် ၆ ချက်မှာ နိုင်ငံတော်၏အတိုင်ပင်ခံနှင့် ဒေသခံလူငယ်ထု ငြိမ်းချမ်းရေးဆိုင်ရာစကားဝိုင်းကနေ အဓိကကျတဲ့ ပေါ်လစီချမှတ်နိုင်ရေးဆိုင်ရာ သုုံးသပ်ချက်တွေပဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ဆိုင်ရာ စကားဝိုင်းဖြစ်သော်လည်း ကဏ္ဍအသီးသီးတွင် ခေါင်းဆောင်နေသည့် လူငယ်များ ပါဝင်မှုနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို တင်သွင်းနိုင်မှု အားနည်းသည်ဟု သုံးသပ်မိပါတယ်။ ထိုနည်းတူစွာပဲ ငြိမ်းချမ်းရေး စကားဝိုင်သည် တိုင်းရင်းသားအရေးအရာအခန်းကဏ္ဍကို ဆွေးနွေးပြောဆိုနိုင်မှု အားနည်းသည်ဟု သုံးသပ်မိပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီးဟာ နှစ်ပေါင်း ၆ဝ ကျော် တောက်လောင်နေရခြင်းမှာ တိုင်းရင်းသားဆိုင်ရာ အခန်းကဏ္ဍကိုလစ်လျူပြုခဲ့ခြင်းကြောင့် မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသူ တယောက်အနေနဲ့ ပြောရင် လိမ်ရာကျပါလိမ့်မယ်။

တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍသည် ယေဘုယျ သုံးသပ်ချက်ဖြစ်တဲ့ ပြည်သူလူထုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိပေမယ့် ထပ်မံပြီ အသေးစိပ်သွားရမယ့် ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ တိုင်းရင်းသားများရဲ့ အသံပါဝင်နိုင်မှုရှိနိုင်ဖို့နှင့် အသိအမှတ်ပြုမှု ကို လက်ခံရရှိမှသာလျှင် ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် မရရှိရခြင်းမှာ အသွင်သဏ္ဍာန်မတူတဲ့ တိုင်းရင်းသားများရဲ့ အသံကို လစ်လျူပြုထားခြင်းကြောင်းပဲ ဖြစ်ပါတယ်လို့ သုံးသပ်ရပါလိမ့်မယ်။

 

spot_img
spot_img

Recent posts