UWSA “၀” ကိုယ်စားလှယ်အဖွဲ့ ပြန်သွားသည့်ကိစ္စအပေါ် ရှင်းပြတောင်းပန်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ညွှန်ကြား

 ထျိုးမြာ

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံတွင် တန်းတူညီမျှ ဆက်ဆံမခံရ ဟုဆိုကာ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်၏ နိုင်ငံရေးအဖွဲ့အစည်း ၀ပြည် သွေးစည်းညီညွတ်ရေးပါတီ ကိုယ်စားလှယ်အဖွဲ့က ညီလာခံဒုတိယနေ့တွင် ဆက်လက်မတက်တော့ဘဲ ထွက်ခွာသွားသည့်အပေါ် ဖြစ်စဉ်ကို ပြန်လည်ရှင်းပြတောင်းပန်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားလိုက်သည်ဟု သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက စက်တင်ဘာလ ၂ရက်နေ့ ညနေသတင်းစာ ရှင်းလင်းပွဲတွင် ပြောသွားပါသည်။

စက်တင်ဘာ-၂ရက်နေ့-ညနေသတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်။
စက်တင်ဘာ-၂ရက်နေ့-ညနေသတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်။

ဦးဇော်ဌေးက “ကျနော်တို့ ၀ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နေ့လည်ထဲက တာဝန်ရှိသူ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သတင်းပို့ပါတယ်။ သတင်းပို့ပြီး ဖြစ်စဉ် အစအဆုံးကို ရှင်းပြပါတယ်။ ခုနက ဒေါက်တာလျန်မုန်း ရှင်းပြတဲ့ အတိုင်းပါဘဲ။ အဲတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောတာကတော့ ဒါဟာ ဖြစ်စဉ် အမှန်အတိုင်း ရှင်းပြပေးပါ။ နောက် ဘယ်သူ့ ဘယ်သူမှ အပြစ်မတင်ပါနဲ့။ ဒါဟာ ဖြစ်တတ်တဲ့ ဟာလေးတွေပေါ့နော်။ နည်းပညာဆိုင်ရာ လွဲမှားမှုတွေ ရှိတယ်။ အဲဒီအတွက်နဲ့တော့ ကျနော်တို့သွားနေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မထိခိုက်အောင် ဆောင်ရွက်သွားဖို့ပေါ့နော်။ အဲဒါလေးကို လမ်းညွှန်ပါတယ်။ သူလည်း အကုန်လုံးသိပြီးသွားပြီ။ အကုန်လုံးလည်း ရှင်းပြပြီးပြီ။ ဒါ ဘယ်သူ့အပြစ်မှ မဟုတ်ဘူးပေါ့နော်။ ဖြစ်တတ်တဲ့ဟာလေးတွေ ဖြစ်သွားတဲ့ အပေါ်မှာ သူတို့ကို နားလည်မှု ရှိရှိကျနော်တို့ ပြန်တောင်းပန်ဖို့ပါ” ဟုပြောသည်။
၎င်းအတွက်ကြောင့် လက်ရှိ သွားနေသော Peace Process (ငြိမ်းချမ်းရေး လုပ်ငန်းစဉ်) ကို ကြီးကြီးမားမား မထိခိုက်စေရန် မိမိတို့ဘက်က ကြိုးပမ်းသွားမည်ဖြစ်ဟုပြောသည်။

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးကော်မတီအဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မုန်းဆာခေါင် က ပြောရာတွင် ၀ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ကို တခြားတိုင်းရင်းသား အဖွဲ့အစည်းတွေနှင့်တန်းတူအခွင့်အရေးပေးခဲ့ကြောင်းနှင့် မိမိတို့အနေနှင့် နိုင်ငံရေးအရခွဲခြားဆက်ဆံခြင်းလုံးဝမဟုတ်ကြောင်း ၊ လူမျိုးရေးအရခွဲခြားဆက်ဆံခြင်းလုံးဝမဟုတ်ကြောင်း၊ အဖွဲ့အစည်းအရခွဲခြားဆက်ဆံခြင်း လုံးဝမဟုတ်ကြောင်းကို ဖြေရှင်းပြောဆိုသွားပါသည်။

“ဖွင့်ပွဲနေ့မှာ ဆိုလို့ရှိရင်လည်းပဲ ကျနော်တို့အားလုံးညိနှိုင်းပြီးတော့ သူတို့ရဲ့ထူးခြားမှုအပေါ်မှာ အရှေ့ဆုံးခုံမှာနေရာပေးဖို့ မေတ္တာရပ်ခံထားတာရှိပါတယ်။ အဲ့ဒီအရာကိုလည်း ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ကနေပြီးတော့ ခုံရှစ်ခုံရတဲ့ဟာကို သူတို့အဖွဲ့ကို ကျနော်တို့အထူးဦးစားပေးအနေနဲ့ ရှေ့ဆုံးမှာနေရာပေးထားပါတယ်။ လက်မှတ်ရေးထိုးထားတဲ့ ၈ ဖွဲ့က ၃နေရာပဲရပါတယ်။”ဟုပြောသည်။

ဒီနေ့ကျင်းပသည့် ညီလာခံမှာ UWSA အဖွဲ့ သဘောထားစာတမ်း တင်ပြမည့် အစီအစဉ် ပါဝင်ခဲ့သော်လည်း ညီလာခံမှထွက်ခွာသွားသောကြောင့် စာတမ်းတက်ရောက် ဖတ်ကြားနိုင်ခဲ့ခြင်း မရှိသော်လည်း အဲဒီ သဘောထားစာတမ်းကိုတော့ အခြားအဖွဲ့အစည်းတွေ၏စာတမ်း တွေနည်းတူ မှတ်တမ်းတင်ထားရှိသွားမည်ဟု ညီလာခံပူးတွဲ ကျင်းပရေး ကော်မတီ တာဝန်ရှိသူ ဦးခင်ဇော်ဦးက စက်တင်ဘာ ၁ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာပြောသည်။

ညီလာခံဒုတိယနေ့တွင် တပ်မတော်၊အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း၊ နိုင်ငံရေးပါတီ စုစုပေါင်း အဖွဲ့အစည်း ၃၂ ခုမှ ၎င်းတို့အဖွဲ့အစည်းများ၏ သဘောထားအမြင်များကို ညီလာခံတွင် တဖွဲ့လျှင် ၁၀ မိနစ်စာ အကျဉ်းချုပ် ပြောကြားခဲ့ကြပြီး အကျယ်တ၀င့်တင်ပြမှုများကို စာတမ်းအဖြစ်မှတ်တမ်းတင်နိုင်ရန် ညီလာခံကို ပေးပို့ခဲ့ကြသည်။

Comments

comments