spot_imgspot_imgspot_imgspot_img
Monday, May 19, 2025
spot_imgspot_imgspot_imgspot_img

ကယန်းလူငယ်တေးသံရှင် ခွန်းဒေးဗစ်ကို နှင့် တွေ့ဆုံမေးမြန်းခြင်း

Author

Date

Category

“ကျနော်ရေးထားတာတွေအများကြီးရှိပါတယ်တမူထူးခြားတဲ့ Country Song တို့၊ Jazz တို့၊  Hard Rock ပုံစံမျိုးတွေပေါ့နော်၊ ရေးဖို့ရှိပါတယ် မြန်မာကော၊ ကယန်းကောပေါ့နော်

ကန္တာရဝတီတိုင်း (မ်)

အသက် ၂၀ ကျော်အရွယ် ကယန်းလူငယ်တေးသံရှင်ဟာ အချစ်သီချင်း၊ ဘဝသီချင်း၊ အမျိုးသားရေးသီချင်းများစွာကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆိုနေသူတဦးဖြစ်ပြီး ကယန်းလူငယ်ကြားမှာ ရေပန်းစားသူတဦးပါ။ တော်လှန်ရေး ကာလမှာ သီဆိုထားတဲ့ “RIP”သီချင်းနဲ့ ကရင်နီလူထုတွေရဲ့ အားပေးမှုကို ပိုရလာပါတယ်။ လက်ရှိမှာတော့ ခွန်းဒေးဗစ်ကိုဟာ ပြည်ပနိုင်ငံ တခုမှာ အလုပ်လုပ်ရင်း သူဝါဿနာပါတဲ့အနုပညာတွေကို ဆက်လက်လုပ် ဆောင်နေပါတယ်။ လက်ရှိ သူ့ရဲ့ အနုပညာလှုပ်ရှားမှုအခြေအနေတွေနဲ့ပတ်သက်ပြီး ကန္တာရဝတီတိုင်း ( မ် ) က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။     ။ ခွန်းဒေးဗစ်ကိုကတော့ ဒီကယန်းအမျိုးသားကြားမှာဆိုရင် နာမည်ကြီးတဲ့ အဆိုရှင်တယောက်ဖြစ်တယ်ကယန်း သီချင်းတွေလည်းအများကြီးလည်းဆိုတယ် ပြီးရင် မြန်မာသီချင်းတွေကောပေါ့။ ဆိုတော့ ဒေးဗစ်ကိုရဲ့ ဝါသနာက ဘယ်ကနေစတာလို့ ပြောလို့ရမလဲ။

ဖြေ။     ။ ကျနော့်ကိုယ် ကျနော်ပြောရရင်တော့ ဒီသီချင်းဆိုတဲ့ဝါသနာရှိလို့ရှိမှန်းမသိခဲ့ဘူး ငယ်ငယ်က၊  ဒါပေမဲ့ ဘုရားကျောင်းတွေမှာတို့ သီချင်းလိုက်ဆိုတဲ့အခါမှာ ဒီ second သံတို့၊ ဒီ  base  သံတို့၊ ဒီ တတိယသံတို့ လိုက်ဆိုတဲ့ ဝါသနာပါတယ်။ အဲ့ကနေစပြီးတော့ ကျနော်သီချင်းဆိုတာ ဝါသနာပါပါလားဆိုပြီးတော့ အဲ့ကနေပြီးတော့သိလာတယ်။ ကျနော် ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျနော် ငယ်ငယ်က သရုပ်ဆောင်ရတာ တော်တော် လေးဖြစ်ချင်တာပေါ့နော်၊ ကိုယ့်ကိုမှန်ထဲကြည့်ပြီးတော့မှ ကိုယ့်ကိုသိတတ်စ အရွယ်ကတည်းက မှန်ထဲကြည့်ပြီးမှ ကျနော်သရုပ်ဆောင်အရမ်းလုပ်ချင်တာလေး။ အဲ့ချိန်တုန်းက တရုတ်ဇာတ်ကားတွေကြည့်ပြီးတော့မှ အဲ့ကွန်ဖူးကားတွေကြည့်ပြီးတော့ အဲ့ဒီ ကလေးသရုပ်ဆောင်တွေကြည့်ပြီးတော့မှ ကျနော်အရမ်းအားကျတာပေါ့လေ။ ကျနော့်ရွာထဲက အသိဆရာတယောက်ပေါ့နော်။ လက်ဦးဆရာလို့ပြောလို့ရတာပေါ့ သူကတော့ ကျနော့်ကိုဆွဲခေါ်တာပေါ့လေ၊ သီချင်းတခွေလောက် လုပ်ရအောင် ကယန်း သီချင်းတခွေလုပ်ရအောင်၊ မင်းမှာ သီချင်းတွေရှိလား ရှိရင် လုပ်ရအောင် သူ ကျနော့်ကို ဆွဲခေါ်တာပေါ့လေ။ အဲ့ကနေပြီးတော့စလုပ်ဖြစ်သွားတာပေါ့ အကြောင်းရင်းက ကျနော် သရုပ်ဆောင်လုပ်ချင်လို့ကစတာပေါ့၊ နောက်ပိုင်းတော့ ကိုယ့်ကိုသီချင်းဆိုတာ ဝါသနာ ပါလို့ ပါမှန်းတော့ တော်တော်လေးတော့ နောက်ပိုင်းမှသိလာတယ်။ အစပိုင်းတော့ အဲ့လောက်ထိ ဝါသနာပါမယ် မထင်ထားဘူး အခုနောက်ပိုင်းတော့ အဆိုပိုင်းဝါသနာ ပိုပါသွားတာပေါ့လေး။

မေး။     ။ ဆိုတော့ ဒေးဗစ်ကို ခုနက ပြောသွားတဲ့ထဲ ပထမဆုံးဆိုတဲ့ သီချင်းလည်း ကယန်းသီချင်းပဲလား။

ဖြေ။     ။ ကျနော်ကိုယ်တိုင်ရေးတယ် ကျတော်ကိုယ်တိုင်ဆိုခဲ့၊ ရေးခဲ့တဲ့သီချင်းပေါ့နော်။ ဒီသီချင်းရဲ့ အဓိပ္ပာယ်ကတော့ ချစ်သူနှစ်ဦး ခွဲခွာရတဲ့အကြောင်းပါ။ အကြောင်းအမျိုးမျိုးကြောင့် တနယ်စီဝေးရတယ် ဆိုတဲ့ သဘောလောက်ပါပဲ ပြန်ဆုံမယ် အဲ့လိုပေါ့။

မေး။     ။ ဒေးဗစ်ကိုရဲ့ ကိုယ်ပိုင် Youtube channel ထဲမှာဆိုရင် ကယန်းသီချင်း၊ မြန်မာသီချင်းတွေ တော်တော်များများတွေ့တယ်။ အဲ့ဒီသီချင်းတွေထဲမှာ အာဏာသိမ်းပြီးနောက်ပိုင်း ရေးထားတဲ့ RIP ဆိုတဲ့သီချင်းကို နားထောင်မိတဲ့သူတိုင်း ရင်ထဲဝမ်းနည်းကြေကွဲရတယ်ပေါ့နော၊ ဘာကြောင့် ရေးဖြစ်သွားတာလဲ၊ ဒီသီချင်းက။

ဖြေ။     ။ RIP သီချင်းခါကျတော့ ကျနော်မှတ်မှတ်ရရ ၂၀၂၁ ပေါ့နော။ မြေပြင်မှာဖြစ်သွားတဲ့ အဖြစ်အပျက်တခု တော်တော်လေး စိတ်မကောင်းလေးဖြစ်မိတာ။ ဆယ့်ငါးမိနှစ်လောက်ပဲရှိမယ်၊ ကျနော် ဘောလ်ပင်ကောက်ကိုင်ပြီးတော့မှ Emotional (စိတ်ခံစားမှု) လည်းအရမ်းမြင့်တဲ့အချိန်၊ ကျနော် ကောက်ရေးလိုက်တယ်။ ပြောရမယ်ဆိုလို့ရှိရင် မြေပြင်က ဖြစ်သွားတဲ့ အဖြစ်အပျက်တွေကို ကျနော်ခံစားမိတဲ့ ခံစားချက်နဲ့ ရေးထားတဲ့သီချင်းလေး တပုဒ်ဖြစ်တယ်။ ရဲဘော်လေးတယောက်ပေါ့နော်၊ ရှေ့တန်းတနေရာမှာ အသက်ပေးဆပ်သွားတာပေါ့လေ၊ အဲ့မှာ သူ့ရဲ့ချစ်သူရော၊ သူရဲ့ခင်သူမင်သူတွေရော၊ သူတို့ အမေအ‌ဖေတွေရော ကြေကွဲနေတဲ့ ပုံရိပ်ကိုကျနော်မြင်ယောင်မိတယ်။

မေး။     ။ အခုနောက်ပိုင်းကော ဘယ်လိုသီချင်းတွေရေးဖြစ်နေလဲ။ ဘယ်လိုအရာမျိုးက တွန်းအားဖြစ်စေလဲ။

ဖြေ။     ။ ဒီဝမ်းနည်းကြေကွဲစရာကောင်းတဲ့သီချင်းတွေလည်း ဒီနောက်ပိုင်းလည်း တော်တော်လေးရှိလာတယ်။ အခုနောက်ပိုင်းဆိုလည်း “ ငြိမ်းချမ်းပါစေ သူငယ်ချင်း” ဆိုလည်း တော်တော်လေး ဆင်တယ်ပေါ့နော်၊ အခုနောက်ပိုင်း နဲ့ သက်ဆိုင်နေတဲ့သီချင်းတွေပေါ့နော်။

ကျနော်က သီချင်းပုံစံလည်း မျိုးစုံရေးကြည့်ချင်တာပေါ့နော်၊ တဖက်မှာကျတော့ မတူညီကွဲပြားတဲ့သီချင်းပုံစံမျိုးတွေ ရေးချင်တာပါတယ်။ အချစ်သီချင်းတွေမှ မဟုတ်ဘူးပေါ့နော် သီချင်းပုံစံ မျိုးစုံရေးကြည့်ချင်တာလည်းပါတယ်။ အဲ့တော့ အခုကာလမှာ အဲ့လိုသီချင်းတွေရေးတာက ကျနော့်အတွက်က ပိုပြီးတော့ ခံစားမှုပိုပြင်းစေတာပေါ့နော်။ တခြားသီချင်းအမျိုးအစားလည်း အများကြီးရေးထားတာရှိပါတယ်။ မထုတ်ပြသေးတာပေါ့နော်။

မေး။     ။ ဒေးဗစ်ရဲ့ သီချင်းဆိုကာလ က သီချင်းစ စဆိုတာကနေ အခုချိန်ထိဆိုဘယ်လောက်ကြာသွားပြီလဲ။

ဖြေ။     ။ နှစ်ပိုင်းခွဲပြောမယ်ပေါ့၊ studio (အသံ) သွင်းတဲ့ကာလရယ် စင်ပေါ်မှာ ဆိုတဲ့ကာလရယ်ဆိုပြီး၊ မတတ်တခေါက်နဲ့ မရှက်စတမ်း ဆိုတဲ့ကာလလို့ပဲ ပြောရမှာပေါ့နော်။ ကျနော်စင်ပေါ်မှာဆိုတာက ကျနော်ငယ်ငယ်က confidence level အရမ်းမြင့်တယ် ကိုယ့်ကိုယ်ကိုလည်း promote လုပ်ရဲတဲ့သတ္တိရှိတာပေါ့လေ။ ကျနော်ခြောက်တန်းကတည်းက စင်ပေါ်မှာလိုက်ဆိုတာပေါ့၊ ဆိုချင်ရာဆိုတယ်၊ နောက်က အတီးသမားတွေကလည်း ကျနော့်ကို မှီအောင်လိုက်တီးရတာပေါ့လေ။ အဲ့လိုနဲ့ ဆယ်တန်းအစပိုင်းလောက်မှာ ကိုယ်ပိုင်သီချင်းရေးဖြစ်တယ်၊ ကိုယ်ကိုတိုင်လည်း သရုပ်ဆောင်လုပ်ဖူးချင်တယ်ဆိုတဲ့ ခံစားချက်နဲ့ studio စဝင်တယ် ကျနော့်ဆရာရဲ့ ဆွဲခေါ်မှုနဲ့ပေါ့နော် ၂၀၁၅၊ ၂၀၁၆ ဝန်းကျင် မှာကျနော် studio စသွင်းတာတွေစလုပ်တယ်။

မေး။     ။ ဆယ်ကျော်သက်အရွယ်ကတည်းက သီချင်းရေးနိုင်ဖို့ဆိုတာ သိပ်တော့မလွယ်ဘူးပေါ့လေ။ အဲ့အချိန်က သင်ဆရာ မြင်ဆရာတွေက ဘယ်လိုပံ့ပိုးပေးခဲ့ရလဲ

ဖြေ။     ။ သင်ဆရာ မြင်ဆရာဆိုတာထက်ပေါ့နော် အဲ့ချိန်တုန်းက ကျနော့်ပတ်ဝန်းကျင်မှာရှိတဲ့ လူတိုင်း ကျနော့်ရဲ့ ဆရာတွေပဲပေါ့။ ဂစ်တာ ဘယ်လိုတီးရမလဲ၊ သူတို့သီချင်းဆိုတာ ဘယ်လိုဆိုသွားလဲ၊ သီချင်းတပုဒ်ဖွဲ့စည်းမှုအပေါ်မှာ ဘယ်လိုရှိလဲ၊ chorus ဘယ်နှစ်ခုရှိလဲ၊ တချို့ကြတော့ brift ခံတယ် ဆိုတဲ့သီချင်းပေါ့နော်။ သီချင်းအမျိုးအစားအများကြီးရှိတယ်ဆိုတာ ကျနော်လိုက်ချဉ်းကပ်၊ ချဉ်းကပ်ရင်းနဲ့ပဲ ကိုယ့်ရဲ့အိုင်ဒီယာနဲ့ပဲ ကိုယ်ရေးဖြစ်တာပေါ့လေးနော်၊ သူများဟာနဲ့ reference လုပ်ရင်းနဲ့ပဲ ရေးဖြစ်သွားတာပေါ့လေး။ အမှန်တိုင်းပြောရင်တော့ သီချင်းနားလည်တဲ့သူနဲ့ပေးနားထောင်ရင် ကျနော်ရေးထားတဲ့ပုံစံတွေတော့၊ ဒီ သီအိုရီနဲ့ မကိုက်ဘူးလေးနော်၊ ဒါပေမဲ့ ကိုယ်တတ်သလောက်ပဲ ရေးတာပေါ့။

မေး။     ။ ဒေးဗစ်ကိုရဲ့ ပြောပြချက်အရဆိုရင် ဒီအနုပညာနဲ့ပတ်သက်ပြီးတော့ အချိန်အတိုင်းအတာတခုထိ ရောက်လာပြီပေါ့နော မိသားစုရဲ့ပံ့ပိုးမှုကော ဘယ်လိုမျိုးရှိခဲ့လဲ။

ဖြေ။     ။ မိဘကတော့ ဝါသနာအပိုင်းမှာတော့ supporting ပေးတယ်၊ ဒါပေမဲ့ သူတို့မပေးနိုင်ခဲ့တာက ငွေရေးကြေးရေး supporting အပိုင်းပေါ့နော် အခုထိပါပဲ။ သီချင်းဆိုတာလည်း ကျနော့်ရဲ့ အစွမ်းအစနဲ့လို့ ပြောလို့ရတာပေါ့နော်၊ ကျနော်ကြိုးစားအလုပ်လုပ်တယ်၊ လုပ်လို့ရတဲ့ဟာနဲ့ပဲ သီချင်းသွင်းတယ်။

မေး။     ။ တောက်လျှောက် ကိုယ်ပိုင်သီချင်းတွေနဲ့ ဆိုသွားတာရှိတယ်။ သီချင်းတွေအများကြီးထဲမှာ ကိုယ့်အတွက် အမှတ်တရ အဖြစ်ဆုံးသီချင်းက ဘာဖြစ်မလဲ။

ဖြေ။     ။ အမှတ်တရ ဖြစ်တဲ့သီချင်းတွေတော့သူ့ဟာနဲ့သူ ပုဒ်တိုင်းနီးပါးတော့ရှိတာပေါ့လေး။ ကျနော်ကိုယ်၌လည်း တော်တော်လေးသဘောကျတယ်၊ ပြီးတော့ သီချင်းရဲ့ quality နည်းနည်းမြင့်သွားတဲ့ quality ကျနော်ထုတ်နိုင်တဲ့သီချင်းဆိုရင် ပထမဦးဆုံး “ RIP” သီချင်းပေါ့နော်၊ အဲ့တပုဒ်တော့ ကျနော်ကိုယ်၌ကလည်း တော်တော်လေး သဘောကျခဲ့တယ် နားဆင်တဲ့သူကလည်း သဘောကျခဲ့တယ်။

မေး။     ။ အနုပညာနဲ့ပတ်သက်ပြီးတော့မှ ဒေးဗစ်က ဒီနောက်ပိုင်း ဘယ်လိုသီချင်းတွေထပ်ရေးဖို့ရှိလဲ၊ ရေးနေတာရော ဘာတွေရှိလဲ

ဖြေ။     ။အခုနောက်ပိုင်းမှာလည်း ကျနော်ရေးထားတာတွေအများကြီးရှိပါတယ်။ တမူထူးခြားတဲ့ Country Song တို့ Jazz တို့  Hard Rock ပုံစံမျိုးတွေပေါ့နော် ရေးဖို့ရှိပါတယ် မြန်မာရော ကယန်းကောပေါ့နော။

မေး။     ။ အခုရေးနေတဲ့သီချင်းတွေကို ပရိသတ်တွေကို ဘယ်လိုပုံစံနဲ့ချပြဖို့ကော ရှိမလဲ။

ဖြေ။     ။ ကျနော်ရဲ့အကြီးမားဆုံးမျှော်မှန်းချက် ကျနော့်ရဲ့အိပ်မက်လည်းဟုတ်တာပေါ့နော်၊ ဒီသီချင်းနဲ့ပတ်သက်ရင်ပေါ့နော်၊ နောက်ပိုင်းကျရင် ကျနော်မှ မဟုတ်ဘူး တခြားသော တေးရေးဆရာတွေထဲက စုပြီးတော့ solo album တခုလောက်လုပ်နိုင်အောင်ကြိုးစားထားပါတယ်။ လုပ်ဖို့လည်း ပလန်ထားတာရှိတာပေါ့၊ ဒါပေမဲ့ အခုလောလောဆယ်လုပ်နေတဲ့သီချင်းကတော့ ဒီတိုင်းပါပဲ၊ ကျနော်ရဲ့ဖေ့ဘုတ် ပေ့ချ် နဲ့ ယူကျုချန်နယ်ကနေမှ တဆင့်ပဲချပြဖို့ရှိပါတယ်။

မေး။     ။ နောက်ဆုံးမေးခွန်းအနေနဲ့ အခုဆိုရင် ဖယ်ခုံမိုးဗြဲ ကရင်နီ အဲ့ဖက်က အများစုက စစ်ဘေးတိမ်းရှောင်နေရတယ်၊ အတော်လေးလည်း အခက်ကြုံရတာရှိတယ်၊ စားဝတ်နေရေးကစပေါ့နော။ သူတို့တွေကို ဒေးဗစ်အနေနဲ့ ဘာအားပေးစကားပြောချင်လဲ။

ဖြေ။     ။ ခက်တော့ခက်တယ်ပေါ့လေး၊ ခက်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုတောင်မှ ပြန်အားပေးရတဲ့ အရာတွေအများကြီးရှိတာပေါ့။ ကျနော်တို့ဒီလိုပဲ အသက်ရှင်နေရမှာပဲ၊ အပြန်အလှန်ဖေးမ အားပေးရမယ်။ ဒီလိုနဲ့ပဲ အသက်ရှင်နေရမယ်ပေါ့နော်။ ကျနော်တို့ဆီမှာက ကိုယ့်ရဲ့နေရပ် အိုးအိမ်ကိုစွန့်ပြီး ဆင်းဆင်းရဲရဲ နဲ့နေနေရတာပေါ့လေ။ ဒီလိုမြင်တွေ့ရတာကလည်း အင်မတန်မှ ကြေကွဲ ဝမ်းနည်းဖွယ်ရာဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် အသက်ရှင်အောင်ပဲနေပေး ၊ကျန်းမာအောင်ပဲနေပေး၊ တနေ့ကျရင်တော့ အပြောင်းအလဲတခုဖြစ်လာမှာပါ။ အဆိုးပြီးရင် အကောင်းကတော့ လာကို လာမှာပဲ၊ အဲ့လိုပေါ့နော်၊ အဲ့တော့ ကျနော်တို့ ဒါကို ကြံ့ကြံ့ခိုင်ခိုင်ကြီး ဖြတ်သန်းဖို့တော့ လိုတာပေါ့နော်။

spot_img
spot_img
spot_img

Recent posts