spot_imgspot_imgspot_imgspot_img
Tuesday, January 21, 2025
spot_imgspot_imgspot_imgspot_img

ကယန်းအမျိုးသမီးအစည်းအရုံးမှ (၁၆) ရက်တာလှုပ်ရှားမှု အခမ်းအနားကျင်းပ

Author

Date

Category

CJ / ကန္တာရဝတီတိုင်း ( မ် )

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ပြုလုပ်တဲ့ ၁၆ ရက်တာလှုပ်ရှားမှုရဲ့ အခမ်းအနားအစီအစဉ်ကို ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကယန်းအမျိုးသမီးအစည်းအရုံးက ဦးဆောင်ပြီး ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို တက်ရောက်လာတဲ့ လူထုတွေအနေနဲ့ ၁၆ ရက်တာ လှုပ်ရှားမှုအစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိ နားလည်ဖို့ ဖြစ်တယ်လို့ ကယန်းအမျိုးသမီးအစည်းရုံးရဲ့အမျိူးသမီးအ‌ပေါ် အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေးလုပ်ငန်စဉ် တာ၀န်ခံ မယုယုဆွေက ပြောပါတယ်။

“ဒီအစီအစဉ်မှာ တက်ရောက်လာတဲ့ လူထုကနေပြီးတော့မှ ကျမတို့ ဒီ ၁၆ ရက်တာ လှုပ်ရှားမှုအစီအစဉ်နဲ့ ပတ်သက်ပြီးတော့မှ ကျယ်ကျယ်ပြန့်ပြန့်သိရှိသွားဖို့ပေါ့နော်။ ကျယ်ကျယ်နားလည်သွားဖို့၊ နောက်တစ်ခုကြတော့ ကျမတို့ ဒီမှာဆိုလို့ရှိရင်လည်း အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ အများကြီးရှိတာပေါ့နော်။ ဥပမာဆိုလို့ ရှိရင် အဓိကကတော့ နစ်နာသူတွေကို သိရှိနားလည်စေဖို့ပေါ့နော်။ နစ်နာတဲ့သူဆိုတာ ဘယ်လိုမျိုးလည်းပေါ့နော်၊ သိရှိနားလည်ဖို့ ရည်ရွယ်တယ်။”လို့ မယုယုဆွေ က ပြောပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ နယ်မြေအလိုက် အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ မြေပြင်မှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ၊ နစ်နာသူတွေအတွက် ဥပဒေအရ တိတိကျကျကိုယ်တွယ်ပေးနိုင်တဲ့ ဥပဒေကို ထည့်သွင်း ပြဌာန်းပေးဖို့ သူက ‌‌တောင်းဆိုပါတယ်။

အခမ်းအနားအစီအစဉ်မှာ ၁၆ ရက်တာလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်နဲ့ သမိုင်းကြောင်းပြောကြားတာ၊ ဖဲကြိုးဖြူတပ်ဆင်တာ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အကြောင်းအကျဉ်းချုံးမျှဝေတာ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ ကြုံတွေ့နေရတဲ့ ပြဿနာ၊ စိန်ခေါ်မှု၊ အခက်အခဲတွေနဲ့ ဝန်ဆောင်မှုလက်လှမ်းမှီမှု အခြေအနေကို ဟောပြောတာ၊ တစ်လင်တစ်မယားစနစ်ဆိုင်ရာ ကိစ္စရပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ထုတ်ဆွေးနွေးမျှဝေတာနဲ့ အဲ့ဒီအပေါ် စကားရည်လုပြိုင်ပွဲပြုလုပ်တာ စတဲ့ အစီအစဥ်တွေကို ပြုလုပ်ခဲ့ပါတယ်။

ဖယ်ခုံမြို့နယ်က ပါဝင်တက်ရောက်လာတဲ့ မူဟိုက်က “စကစ (စစ်ကောင်စီ) စစ်အာဏာသိမ်းပြီး နောက်ပိုင်းခါကျတော့ ပြောရမယ်ဆိုလို့ရှိရင် နည်းမျိုးစုံပေါ့။ သတ်ဖြတ်တဲ့ အဆင့်ထိပေါ့။ မိသားစုကို သတ်ဖြတ်မှု အဲ့လိုမျိုးတွေ တွေ့မြင်ရတယ်။ ကလေးသူငယ်ရဲ့ မိဘမရှိဘဲနဲ့ မျက်စိသူငယ် နားသူငယ်နဲ့ ဘယ်နားမှာ ခိုကပ်ရမလဲ ဆိုတဲ့ဟာမျိုးပေါ့နော်။ အဲ့ဒါမျိုးတွေလည်း တွေ့မြင်ရတာပေါ့။ အကြမ်းဖက်မှုနည်းမျိုးစုံပေါ့။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်တယ်လို့ ကျမထင်တယ်ပေါ့နော်၊ အဲ့လိုမျိုးတွေ မြင်တွေ့ရတယ်။” လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့မှာလည်း ၁၆ ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် အရပ်ဖက်အဖွဲ့အစည်းအသီးသီးက အမျိုးသမီးဘော်လုံးအသင်းဖွဲ့ပြီး ယှဥ်ပြိုင်ကစားခဲ့ကြတယ်လို့ သိရပါတယ်။

ကယန်းအမျိုးသမီးအစည်းအရုံးက ပြုလုပ်တဲ့ ၁၆ ရက်တာလှုပ်ရှားမှု အခမ်းအနားမှာ အရပ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ်တွေ၊ ရပ်ရွာကိုယ်စားလှယ်တွေ၊ စစ်ရှောင်ပြည်သူတွေနဲ့ ဒေသခံတွေ အပါအဝင် ၁၅၀ ဦးဝန်းကျင် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts