ကန္တာရဝတီတိုင်း (မ်)
ရှမ်း-ကရင်နီ နယ်စပ်၊ ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာကို မနေ့က ည ၁၁ နာရီ ၅၀ မိနစ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဒေသခံအရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ပေါင် ၂၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်တာဖြစ်ပြီး လူနေအိမ် သုံးလုံးလည်း ထိခိုက်ပျက်စီးခဲ့တယ် လို့ ရွာခံဖြစ်သူ အောင်နိုင်စိုးက ပြောပါတယ်။
“အိမ်ရှင် လင်မယားက ဒဏ်ရာနဲနဲ ရတယ်ပေါ့နော။ မစိုးရိမ်ရပါဘူး လက်ရှိအနေအထားက။ အနီးကျတဲ့တစ်လုံးက အိမ် တော်တော်ပျက်တယ်။ အိမ်ရှင်ထိတာ နောက်တစ်လုံးက လမ်းနဲနဲခြားတော့ အစ စင်တာ။” လို့ သိကျိတ်ရွာခံ အောင်နိုင်စိုးက ပြောပါတယ်။
မနေ့က ဧပြီလ ၁၀ ရက်မှာကျရောက်တဲ့ ကယန်းအမျိုးသားနေ့ အခမ်းအနားကို သိကျိတ်ကျေးရွာမှာ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
စစ်ကောင်စီက ငလျင်ဘေးကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြင့်တင်ဖို့အတွက် ဧပြီလ ၂ ရက်နေ့ကစလို့ ရက် ၂၀ ကြာ ယာယီအပစ်ခတ်ရပ်စဲရေးကြေငြာခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့လည်း နိုင်ငံတစ်ဝှမ်းမှာတော့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကို ဆက်လက် ပြုလုပ်နေပြီး ကရင်ပြည်နယ်မှာလည်း စစ်ကြောင်းထိုးနေပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့မှာလည်း စစ်ကောင်စီက ဖယ်ခုံမြို့နယ် ပီကင်းကောခူ ကျေးရွာကို လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၅ ဦးသေဆုံးခဲ့ရပါတယ်။