ကန္တာရဝတီတိုင်းမ်
ကယားပြည်နယ်တွင် ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှုမှာ ၂၀၁၄ မှ ၂၀၁၈ကြား ၅ဆခန့် မြှင့်တက်နေကြောင်း ကယားပြည်နယ် ဟိုတယ်နှင့် ခရီးညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ်က ပြောသည်။
̏၂၀၁၈ခုနှစ်ကုန်ထိ ကျွန်တော်တို့ target ထားတာကတော့ ပြည်ပက ၁သောင်း၂ထောင်ကျော်ထိ ရှိမယ်လို့ ခန့်မှန်းထားတယ်၊ ပြည်တွင်းကတော့ ၆သောင်းလောက်လာမယ်လို့ မှန်းထားတယ်။ တဖြည်းဖြည်းချင်း ပြန်ကြည့်မယ်ဆိုရင် ၂၀၁၄ခုနှစ်ကနေ အခုချိန်ထိဆိုရင် ၅ဆ လောက်တောင် တက်လာတဲ့ သဘောရှိတယ်ပေါ့နော။˝ ဟု ၎င်းကပြောသည်။
ကယားပြည်နယ်တွင် ခရီးသွားများစတင်ဝင်ရောက်မှုမှာ ၂၀၁၄ခုနှစ်ဖြစ်ပြီး ၎င်းနှစ်မှ ယခုချိန်ထိ ခရီးသွားဝင်ရောက်မှု ငါးဆခန့် မြှင့်တက်လာကြောင်း သိရသည်။ ယခင်နှစ်များတွင် ခရီးသွားများဝင်ရောက်လာသော်လည်း ၂၀၁၄ခုနောက်ပိုင်း၊ ကေအဲန်ပီပီငြိမ်းချမ်းရေးလက်မှတ်ထိုးပြီး နောက်ပိုင်းမှသာ ပိုမိုဝင်ရောက်လာကြောင်း သိရသည်။
၂၀၁၈ခုနှစ် မေလတွင် ပြည်နယ်ဝန်ကြီးချုပ်မှ ရင်းနှီးမြှုပ်နှံမှုဖိုရမ်တစ်ရပ် ကျင်းပခဲ့ပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ခဲ့သည်။ ၎င်းရင်းနှီးမြှုပ်နှံမှုဖိုရမ်ကျင်းပပြီး ရင်းနှီးမြှုုပ်နှံသည့် ကုမ္ပဏီများ ပိုမိုဝင်ရောက်လာခဲ့ကြောင်းလည်း သိရသည်။
̏ ဖိုရမ်ကျင်းပရတဲ့ အဓိကရည်ရွယ်ချက်ကလည်း ကျွန်တော်တို့ ကယားပြည်နယ်မှာ အဓိကထုတ်ကုန်ဆိုတာ ဘာမှမရှိဘူး၊ ကျွန်တော်တု်ိ့မှာ တကယ့်သဘာဝဆိုတာပဲရှိတယ်။ အဲ့ဒါကြောင့် ခရီးသွားကဏ္ဍကို မြှင့်တင်မယ်ဆိုပြီးတော့ ဦးစားပေးကဏ္ဍမှာ ကျွန်တော်တို့က စိုက်ပျိုးရေးကဏ္ဍပြီးရင် ဟိုတယ်/ခရီးကဏ္ဍဖြစ်နေတယ်။ ဖြစ်တဲ့အတွက် ကျွန်တော်တို့က ခရီးသွားကဏ္ဍကို တိုးတက်ဖို့ဆိုပြီးတော့မှ ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ကျင်းပတာပေါ့။˝ ဟု ဦးလင်းဇော်ထွဋ်က ဆက်ပြောသည်။
ခရီးသွားများဝင်ရောက်လာနိုင်ရန်အတွက် အားနည်းချက်များရှိသကဲ့သို့ အားသားလည်းရှိသည်။ အားသာချက်များမှာ သဘာဝရိုးရာအလှအပများနှင့် လူမျိုးစုရိုးရာယဉ်ကျေး မှုများကို တွေ့မြင်နိုင်သည်။ လွိုင်ကော်မြို့တော်သည်လည်း သန့်ရှင်းသည့်မြို့တော်အဖြစ် သတ်မှတ်ခြင်းခံရသော မြို့တော်ဖြစ်သည့်အပြင် ခရီးသွားဒေသအဖြစ် လုပ်ဆောင်နိုင်သည့် ဒေသအများအပြားရှိနေသည်မှာ အားသာချက်များ ဖြစ်နေသည်။
အားနည်းချက်များမှာ ပြည်နယ်အတွင်း ကန့်သတ်ထားသည့်ဧရိယာများ ရှိနေခြင်းဖြစ်သည်။ ကန့်သတ်ဧရိယာကြောင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုစသည့်မြို့များတွင် မြို့ပေါ်တွင်သာ သွားလာနိုင်သည်။ ထို့ပြင် ပြည်နယ်တွင်းတွင် စားသောက်ဆိုင်များ လုံလုံလောက်လောက်မရှိသည့်အတွက် ခရီးသွားများအတွက် အခက်အခဲဖြစ်နေသည်။
ပြည်နယ်တွင်းသို့ လာရောက်လည်ပတ်သည့် ခရီးသည်များအတွက် စားသောက်ကုန်လုပ်ငန်းများ လုပ်ဆောင်လိုသည့် လုပ်ငန်းရှင်များကိုလည်း ကယားပြည်နယ်စီမံရေးနှင့်ဘဏ္ဍာဝန်ကြီး ဦးမော်မော်က ဖိတ်ခေါ်ခဲ့သည်။
̏ ပြည်နယ်ဒေသထွက်ကုန်တွေကို ရောင်းချချင်တယ်၊ ဒေသထွက် စားသောက်ကုန်လုပ်ငန်းတွေကို လုပ်ဆောင်ချင်တယ်ဆိုရင် ကျွန်တေ်ာတိ်ု့နဲ့ တိ်ုင်ပင်ပါ၊ ကျွန်တေ်ာ့ဘက်က ဝဲလ်ခမ်းပါပဲ၊ အမြဲဖိတ်ခေါ်ပါတယ်။˝ ဟု ဝန်ကြီးက ပြောသည်။
ယခုလိုပွင့်လင်းရာသီသည် ပြည်တွင်းပြည်ပရှိ ခရီးသွားဧည့်သည်များ ဝင်ရောက်မှုများသည့် ရာသီဖြစ်သည့်အတွက် လက်ရှိ ပြည်နယ်တွင်းရှိ စားသောက်ကုန်လုပ်ငန်း လုပ်ဆောင်သည့် လုပ်ငန်းရှင်များမှာ မလောက်ငှသည့်အတွက် ပြည်နယ်တွင်း လာရောက်လည်ပတ်သည့် ခရီးသည်များအတွက် အခက်အခဲဖြစ်ခဲ့ရသည်။
ယခင်အပတ်တွင် ပြည်နယ်တွင်းသို့ လာရောက်လည်ပတ်သည့် ခရီးသည်တစ်ဦးမှ စားသောက်ဆိုင်များ မလုံလောက်ခြင်း၊ အများသုံးသန့်စင်ခန်းများ မလုံလောက်ခြင်းတို့ကြောင့် အခက်အခဲဖြစ်နေပုံများကို လူမှုကွန်ယက်တွင် ပြန်လည်ရေးတင်ပြီး အကြံဉာဏ်များ ပေးဝေခဲ့သည်ကို တွေ့ရသည်။