spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

“ကရင်နီက အခမဲ့ လက်မှုပညာသင်တန်းကျောင်း”

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရဲ့ အနောက်ဘက်ခြမ်းက တိတ်ဆိတ်ငြိမ်သက်တဲ့ ခြံဝန်းတခုအတွင်းမှာ “Crochet for Karenni” လို့ အမည်ပေးထားတဲ့ အခမဲ့လက်မှုပညာသင်တန်းကျောင်းကနေ စစ်ဘေးရှောင်လူငယ်တွေကို ပြုစုပျိုးထောင်ပေးနေပါတယ်။

ကျမတို့ရောက်ရှိတဲ့အချိန်မှာတော့ ပူပြင်းလှတဲ့နေ့လယ်ခင်းဖြစ်တာကြောင့် အပူချိန်တွေ အမြင့်ဆုံးရောက်နေတယ်ဆိုပေမဲ့ သင်တန်းအတွင်းက ကြားရတဲ့အသံတွေက အေးမြတယ်လို့ ခံစားရပါတယ်။

ဒီသင်တန်းကျောင်းမှာ ဆယ်ကျော်သက် မိန်းကလေးငယ်ခုနှစ်ယောက်က ချည်ထိုးလက်ကွင်းအပေါ် မတူညီတဲ့ပုံလေးတွေကို ဖြည်းဖြည်းချင်းဖန်တီးနေကြတာပါ။ သူတို့ရဲ့ အာရုံက ဘေးပတ်ဝန်းကျင်ကို မပျံ့လွင့်ပဲ မိမိတို့ဖန်တီးပုံဖော်တဲ့ လက်ရာအပေါ်မှာပဲ စုပုံထားကြတာကြောင့် စာရေးသူတွေရောက်နေတာကိုတောင် လှည့်မကြည့်နိုင်ကြပါဘူး။

သူတို့လက်ထဲက ထိုးလက်စချည်တွေနဲ့ ထိုးနေတဲ့ပုံတွေကသာ မတူကြပေမဲ့ တက်ကြွနေတဲ့ စိတ်ဓါတ်ကတော့ အတူတူပါပဲ။

“Crochet for Karenni” ဆိုတဲ့ အခမဲ့ လက်မှုပညာ သင်တန်းကျောင်းကို ဖွင့်လှစ်ထားတာ တနှစ်ဝန်းကျင်ပဲ ရှိပါသေးတယ်။ သင်တန်းကျောင်းရဲ့ တည်ထောင်သူကတော့ အသက် ၄၂ နှစ်အရွယ် အင်းတိုင်းရင်းသူလေး မသန္တာအောင်ပါ။

“ဒီကရင်နီမှာဆိုရင်တော့ အစ်မတယောက်ပဲရှိတယ်ပေါ့။ ဒီပညာတွေကို မျှဝေပေးနေတာပေါ့လေး။ အကောင်းဆုံးလည်းကြိုးစားမယ်။ အကုန်လုံးကိုလည်း လက်တွဲခေါ်သွားမယ်ပေါ့။” လို့ သင်တန်းကျောင်း ဖွင့်ရတဲ့ရည်ရွယ်ချက်ကို မသန္တာအောင်က ပြောပါတယ်။

အဲဒီသင်တန်းကျောင်းရဲ့ ရပ်တည်မှုကတော့ အလှူရှင်ထောက်ပံ့ကူညီမှုနဲ့ လည်ပတ်နေတာ မဟုတ်ပါဘူး။ အာဏာမသိမ်းခင် မသန္တာအောင်က သူမရဲ့သမီးလေး ကျောင်းစရိတ်အတွက် စုဆောင်းထားတဲ့ ငွေတွေနဲ့ မတည်ခဲ့တာ ဖြစ်ပါတယ်။

“ဒီလက်မှုပညာသင်တန်းကျောင်းအတွက် မြန်မာငွေ သိန်း ၃၀၀ ကျပ် ကုန်ကျတယ်။” လို့ မသန္တာအောင်က ပြောပါတယ်။

မသန္တာအောင်ဟာ ရှမ်းပြည်တောင်ပိုင်းဇာတိကပါ။ စစ်ကောင်စီအာဏာသိမ်းတာကို လက်မခံနိုင်ဘဲ စစ်ကောင်စီကို တော်လှန်ဖို့ ကရင်နီကို ရောက်လာတာ လေးနှစ် ရှိနေပါပြီ။ အာဏာမသိမ်းခင်အထိ သူမနေထိုင်တဲ့မြို့မှာ ကိုယ်ပိုင်လုပ်ငန်းငယ်လေးနဲ့ ရပ်တည်နေထိုင်ခဲ့ပါတယ်။

သင်တန်းသူတွေ ထိုးထားတဲ့ တချောင်းထိုးချည်လက်ရာတွေကို တစုတစည်းမြင်တွေ့ရစဉ်။

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်မှာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ဖို့ အစောဆုံးနဲ့ အားအကောင်းဆုံးဖြစ်တဲ့ ကရင်နီပြည်ကို သူမရဲ့ သမီးလေးလက်ကိုဆွဲပြီး တော်လှန်ရေးမှာ တဖက်တလှမ်း ပါဝင်ဖို့ ခြေစုံပစ် ဝင်လာခဲ့ပါတော့တယ်။

“ပုံမှန်ဆိုရင်တော့ ကိုယ့်သားအမိ နှစ်ယောက်တည်း ရှေ့ဆက်သွားမယ်ဆို ကိုယ့်စီးပွားလေးနဲ့ အေးအေးဆေးဆေး နေလို့ရတယ်။ မပါလည်း ဘာမှမဖြစ်ဘူးလေနော်၊ ဒါပေမဲ့ ကိုယ်ပါရင်တော့ မိုးရေတစက်ပဲဖြစ်ဖြစ် ကောက်ရိုး တမျှင်လေးပဲ ဖြစ်ဖြစ်ပေါ့နော်။ ဒါကတော့ကိုယ့်အတွေးလေးပေါ့။” လို့ ကရင်နီကိုရောက်ရှိခဲ့တဲ့အကြောင်း မသန္တာအောင်က ပြောပါတယ်။

မသန္တာအောင်ဟာ လက်ရှိမှာတော့ တော်လှန်ရေးကနေအနားယူပြီး သူမတတ်ထားတဲ့ လက်မှုပညာနဲ့ စစ်ဘေးရှောင်တွေကို ပညာတွေမျှဝေပေးရင်း သူမရဲ့ ၁၉ နှစ်အရွယ် သမီးငယ်လေးနဲ့အတူ နေထိုင်နေပါတယ်။

သင်တန်းကျောင်း ပုံမှန်လည်ပတ်နိုင်ဖို့အတွက် သင်တန်းသူတွေ ထိုးထားတဲ့ ကုန်ချောတွေကို ပြန်လည်ရောင်းချနေပါတယ်။

“တချို့တွေက လာလည်တယ်။ အဲလို အသိမိတ်ဆွေတွေ လာလည်ရင်းနဲ့ ဒီလိုမျိုး ရောင်းလိုက်ရတဲ့ ဟာမျိုး ရှိတယ်။ တချို့တွေကြတော့လည်း ကျောင်းဆင်းပွဲတွေရှိတယ်ပေါ့။ ကျောင်းဆင်းပွဲတွေဆို ကလေးတွေအတွက် အမှတ်တရပေးချင်တယ်ဆိုတော့ ဒီကပစ္စည်းတွေ လာပြီးအားပေးတာမျိုးတွေ ရှိတယ်ပေါ့နော်။ တခါတလေ ကျရင်တော့ ဝေးဝေးတခါပေါ့။ အဲလို ပွဲတော်တွေဘာတွေ ရှိတဲ့အခါတွေကို၊ အမတို့က သွားပြီးတော့ ရောင်းချတယ်ပေါ့။ အဲဒီကနေ ရတဲ့ပိုက်ဆံတွေနဲ့ ဒီကုန်ကြမ်းတွေ ပြန်ဝယ်ထည့်တယ်ပေါ့” လို့ မသန္တာအောင်က ပြောပါတယ်။

“Crochet for Karenni” လို့ နာမည်ပေးထားပေမဲံ ချည်ထိုးတဲ့ပညာတခုတည်းကို မျှဝေပေးတာမဟုတ်ဘဲ တချောင်းထိုးချည်အပါအဝင် သဲပန်းချီ၊ စက်ချုပ်၊ အင်္ဂလိပ်စာ၊ တရုတ်စာ၊ ကွန်ပျူတာ စတဲ့ ဘာသာရပ်တွေကိုလည်း မျှဝေသင်ကြားပေးနေပါတယ်။

ဒီပညာရပ်တွေကို မသန္တာအောင်နဲ့ သူမရဲ့ သမီးလေးက ခွဲဝေပြီး သင်ကြားပေးနေကြတာပါ။

သင်တန်းကာလ တနှစ်ဝန်းကျင် အတွင်း သင်တန်းသူ၊ သင်တန်းသား (၃၀၀) ဝန်းကျင်ကို မွေးထုတ်ပေးနိုင်ခဲ့ပါပြီ။

ဒီးမော့ဆိုအနောက်ဖက်ခြမ်းက “Crochet for Karenni” အခမဲ့ လက်မှုသင်တန်းကျောင်းရဲ့ ဝင်ပေါက်မြင်ကွင်း။

“အခုဒီချည်နဲ့ပတ်သက်ပြီးတော့ဆိုရင် သူတို့ပြန်အလုပ်လုပ်တယ် ပြီးတော့ ပြန်ရောင်းတယ်။ ပြန်ရောင်းတယ် ဆိုတာ အကြီးကြီးတော့ မဟုတ်သေးဘူးပေါ့။ သူတို့ရှိတဲ့ပစ္စည်းလေးနဲ့ နိုင်သလောက်လေးပေ့ါ။ ပြီးတော့ သူတို့ရဲ့ ကျောင်းစာအုပ်ဖိုးပဲဖြစ်ဖြစ်၊ မုန့်ဖိုးပဲ ဖြစ်ဖြစ်၊ အဲ့လို အထိ လည်ပတ်နေတဲ့ ကလေးတွေ ရှိတယ်။” လို့ မသန္တာအောင်က ပြောပါတယ်။

အာဏာမသိမ်းခင်အထိ မသန္တာအောင်ဟာ ချည်ထိုးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့သူ မဟုတ်ပါဘူး။ သူမရဲ့အစ်မတွေဆီမှာ လေးတန်းအရွယ်ကတည်းက ချည်းထိုးပညာကို သင်ယူခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ လုပ်ငန်းတာဝန် ထမ်းဆောင်ခဲ့တဲ့တလျှောက်လုံး အားလပ်ချိန်တွေမှာ ချည်ထိုးနေရင်း စိတ်အပန်းဖြေခဲ့တာပါ။

“ချည်ထိုးတဲ့အခါ အရုပ်ထိုးရတာက အကြိုက်ဆုံးပဲ၊ လူကြိုက်များတော့ ပြန်ရောင်းရလည်း လွယ်တယ်လေ။” လို့ မသန္တာအောင်က ပြောပါတယ်။

လက်ရှိမှာတော့ မသန္တာအောင်ဟာ တတ်ထားတဲ့ လက်မှုပညာကို ပြန်လည်မျှဝေရင်း ပီတိတွေကို စားသုံးပြီး စစ်ရှောင်တွေအတွက် အကျိုးပြုနေပါပြီ။ သူမအားလပ်တဲ့အချိန်တွေမှာဆို သူမဆီအရောက်မလာနိုင်တဲ့ စစ်ရှောင်တွေ နဲ့ တပ်ရင်းတပ်ဖွဲ့တွေဆီကိုလည်း ချည်ထိုးပညားကို သွားရောက်မျှဝေပေးနေပါတယ်။

“တကယ်တမ်းကျတော့အစ်မက ဒီပညာကိုဘဲ‌ ရွေးပြီးမှ ထုတ်လိုက်တာ။ ဘာလို့လည်းဆိုတော့ ဒီပြည်နယ်မှာ ဒီပညာမရှိဘူး၊ မရှိတဲ့အတွက် သူများမလုပ်တဲ့အလုပ်ကိုမှ ရွေးထုတ်လိုက်တာဆိုတော့ နည်းနည်းတော့ ခက်ခဲတယ်။ အခက်အခဲရှိတယ် ဘာလို့လဲဆိုတော့ သူများမလုပ်တဲ့အလုပ်ကို ကိုယ်လုပ်လိုက်တာကို ဆိုတော့ တကယ်တမ်း အောင်မြင်လာရင်လည်းကိုယ့်အောင်မြင်မှုပေါ့။” လို့ ပြောပါတယ်။

အဆိုပါ အခမဲ့လက်မှုပညာသင်တန်းကျောင်းမှာ ကျောင်းသားအရေအတွက် ကန့်သတ်ထားတာ မရှိသလို အသက် ၁၃ နှစ်နဲ့အထက် မည်သူမဆို လာရောက်သင်ကြားနိုင်ပါတယ်။

နေ့စဉ်နဲ့အမျှ လေယာဉ်သံ၊ လက်နက်ကြီးသံတွေကြား ခက်ခဲပင်ပန်းနေပေမဲ့ မသန္တာအောင် အတွက်တော့ ဒီခက်ခဲမှုတွေဟာ ခွန်အားတွေဖြစ်စေပြီး ဒီတော်လှန်ရေးမှာ အသက်ပေးသွားတဲ့ သူရဲကောင်းတွေနဲ့ ယှဉ်ရင် မပြောပလောက်ဘူးလို့ ဆိုပါတယ်။

လက်မှုသင်တန်းကျောင်းက သင်တန်းသူတွေကနေ ချည်ထိုးနေစဉ်။

“ငါတို့မှာရှိနေသေးတဲ့အရာက သူတို့မှာမရှိတော့ဘူး။ သူတို့မှာ ဘာဆိုဘာမှ မရှိတော့ဘူး။ ရဲဘော်ဆိုလည်း ရဲဘော်လုပ်တယ်။ တော်လှန်ရေးမှာပေးဆပ်တယ်။ ခြေ၊ လက်ပြတ်သွားတယ်။ တချို့ဆိုရင် အသက်ပါ ပေးလိုက်ရတဲ့ ဟာတွေရှိတယ်ပေါ့နော်။ တချို့က စစ်ရှောင်မှာနေတယ်။ သားသမီးတွေက ရှေ့တန်းသွားတယ်။ နောက်မှာ လက်နက်ကြီးကျလို့ အမေအဖေ ဆုံးပါးသွားတဲ့ ဟာမျိုးတွေရှိတယ်။ ဒါတွေက အစ်မတို့ အတွက် တွန်းအားပဲ” လို့ မသန္တာအောင် က ပြောပါတယ်။

ဒါတွေအပြင် လက်မှုဝါသနာပါတဲ့ စစ်ရှောင်အယောက်စီ တိုင်းအတွက် သူမရဲ့ အခမဲ့မျှဝေပေးနေတဲ့ လက်မှုပညာတွေကိုလည်း ဆက်လက်မျှဝေပေးဖို့ အသင့်ရှိနေပါတယ်။

spot_img
spot_img

Recent posts