spot_imgspot_imgspot_imgspot_img
Monday, July 22, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီစစ်ရှောင်တွေရဲ့ မှုန်ဝါးဝါး လူသားချင်းစာနာမှု အကူအညီ

ဓာတ်ပုံ – ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်​ရှောက်ရေးကွန်ယက်။

လှရိပ် (ကန္တာရဝတီတိုင်း(မ်))

၂၀၂၃ခုနှစ်အတွင်း မြန်မာနိုင်ငံ လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလိုအပ်နေပြီး အဲဒီလူဦးရေဟာ ၁၇.၆ သန်းရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN-OCHA) ရဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက် လူဦးရေနှစ်သိန်းကျော် စစ်ဘေးရှောင်နေရတဲ့ ကရင်နီပြည်မှာတော့ နှစ်နှစ်ကျော်တဲ့အချိန်အထိ တိကျသေချာတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို မရရှိနေသေးပါဘူး။

စစ်ရှောင်စခန်းတွေအလိုက်ဖြန့်ကျက်နေထိုင်ကြရင်း စားနပ်ရိက္ခာတွေအတွက် ကိုယ်နည်းကိုယ့်ဟန်နဲ့ ရှာဖွေတာတွေ၊ ချေးယူတာတွေ၊ အထောက်အပံ့တွေနဲ့ပဲ စားသောက်နေရတယ်လို့ စစ်ရှောင်တွေက ဆိုကြပါတယ်။

ရိက္ခာအထောက်အပံ့ မရရှိတာ ၅ လရှိနေပြီဖြစ်ပြီး ယခင်အပတ်မှသာ လူတစ်ဦးနှုန်းအတွက် ဆန် ၃ ပြည်နဲ့ ဆီ ၂၅ ကျပ်သားကို ရရှိတဲ့ ဖရူဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်တစ်ဦးဖြစ်တဲ့ ဒေါ်ကတ်ထရုကတော့ လက်ရှိ အခက်အခဲကို အခုလိုပြောပြပါတယ်။

“ဒီ လာမယ့် ဒီ ၂၀၂၃ အထိ ကျမတို့က ဆက်လက်ပြီးတော့မှ ရှောင်နေရမယ်ဆိုတော့ တော်တော်လေးတော့ ခက်ခဲသွားကြတာပေါ့နော်။ တချို့က လုံးလုံးတောင်ယာမလုပ်နိုင်တဲ့ မိသားစုတွေရှိတယ်။ တစ်ချို့ တလေ က နည်းနည်းပါးပါး လုပ်တာတွေရှိတယ်။ နည်းနည်းပါးပါးရတာတွေရှိတယ် တချို့က လုံးလုံး ဆန်တစ်စေ့မှ စပါးတစ်စေ့ မှ တောင်ယာမှာ မရလာတဲ့သူတွေရှိတယ်။ အဲဆို ဒီလာမယ့် ၂၀၂၃ မှာတော့ ပိုပြီးတော့မှ ကျမတို့ကို အဲ့လိုမျိုး အလှူရှင် တွေဘာတွေမရနိုင်တော့ဘူးဆိုရင် ပိုဒုက္ခရောက်မယ်။ အဲ့လိုယောက်တိုင်း လဲတွေးထားကြတယ် ကြိုတင်စုဆောင်းမှုဆိုတာလဲ ကျမတို့မှာ ဘယ်လိုမှ ရှာယူလို့မရဘူး ဖြစ်နေတယ်။” လို့ ဒေါ်ကတ်ထရုက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်က စစ်ရှောင်စခန်းတွေမှာ စခန်းတစ်ခုလုံး ရိက္ခာပြတ်လတ်တာမျိုးတော့ မရှိသေးပေမယ့် တချို့မိသားစုတွေမှာတော့ ရိက္ခာတွေပြတ်လတ်နေတာတွေရှိတယ်လို့ စစ်ရှောင်ကူညီသူတွေက ဆိုကြပါတယ်။

စစ်ရှောင်ကူညီသူတွေဟာလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အလှူရှင်တွေရှာပြီး စားနပ်ရိက္ခာအတွက် ဆန်၊ဆီ၊ဆား တွေကိုသာ အဓိကထားထောက်ပံ့နေရပါတယ်။ ၂၀၂၃ခုနှစ်မှာ အလှူရှင်တွေ ပိုမိုနည်းပါးလာတဲ့အတွက် စစ်ရှောင်တွေကို ပုံမှန်ထောက်ပံ့ပေးနိုင်မှု မရှိတော့ပါဘူး။

ဒါ့အပြင် စစ်ကောင်စီက ဆန်ရိက္ခာသယ်ယူမှုတွေကို ပိုမိုကန့်သတ်လာနေတယ်လို့ ကရင်နီပြည်စစ်ရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ဆန်၊ဆီ၊ ဆား ရိက္ခာသယ်တဲ့အခါမှာ ဆိုလို့ရှိရင် ဒီစစ်ကောင်စီစခန်းတွေ ဖြတ်ရတာပေါ့နော။ အဲဒီမှာ တချို့ကားတွေဆိုရင် အဖမ်းခံရတာမျိုးတွေရှိတယ်။ တချို့ တွေခါကျတော့ ပေးမသယ်လို့ ပြန်လှည့်ခိုင်းတာမျိုးတွေ ရှိတယ်ပေါ့နော။ အဲဒါကြောင့်မလို့ risk တအားများတယ်ပေါ့နော။” လို့ သူက ပြောပါတယ်။

ဓာတ်ပုံ – ကန္တာရဝတီတိုင်း( မ် )

United Nations ( UN ) အင်ဂျင်စီရဲ့ World Food Program ( WFP ) ကတော့ လွိုင်ကော်အခြေစိုက်ရုံးကနေ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို စတဲ့မြို့တွေက အကူအညီလိုအပ်နေတဲ့သူတွေကို ထောက်ပံ့ပေးနေတယ်လို့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကန္တာရဝတီတိုင်း( မ် ) ကို ပြောဆိုထားတာရှိပါတယ်။

သို့ပေမယ့် အဲဒီအကူအညီဟာ စစ်ကောင်စီကနေတဆင့် ဖြတ်ကျော်လာရတဲ့အတွက် စစ်ရှောင်တွေဆီ အကုန်လုံးမရောက်ရှိနိုင်ဘူးလို့ ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းတွေက ဆိုကြပါတယ်။ စစ်ကောင်စီဘက်ကနေလည်း စစ်ရှောင်တွေရဲ့ လူသားချင်းစာနာမှုအကူအညီနဲ့ ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ပေးချင်တဲ့နေရာတွေကို လက်တွေ့ပေးလို့ရတယ်လို့ မီဒီယာတွေကို ဖြေဆိုထားပါတယ်။

စစ်ကောင်စီကို ဖြတ်ပြီးဝင်လာတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေအတွက် စိုးရိမ်မှုတွေ ရှိနေတယ်လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

“စစ်ကောင်စီဖက်ကနေ ဖြတ်ပြီဆိုရင် စစ်ကောင်စီရဲ့ လူတွေ အများကြီးပါမှာပဲလေ။ ပါတဲ့အခါကျတော့ ခပ်များများ စစ်ဘေးရှောင်တွေ ရောက်မယ်။ တောထဲ တောင်ထဲ ဒုက္ခရောက်နေတဲ့ လူထုတွေဆီသွားမယ်ဆိုရင် ကျနော်တို့ ရဲ့ လုံခြုံရေးအတွက်ပေါ့ အဓိက စဉ်းစားတယ်။ နောက်လူထုရဲ့ လုံခြုံရေး လည်းပါတယ်ပေါ့။ ဆိုတော့ လူထုအတွက်ရော ကျနော်တို့ အတွက်ရော လုံခြုံရေးကြောင့်ပါပဲ။ စစ်ကောင်စီဖက်ရောက်ပြီဆိုရင် စစ်ကောင်စီက အခွန်တွေ ဘာတွေ ရမယ်လေ။ သူတို့ဖက်ကဝင်မယ်ဆိုရင်။ နောက်ပြီးတော့မှ စစ်ကောင်စီက အဲ့ဒါကို အခွင့်ကောင်းယူပြီးတော့မှ အကျိုးအမြတ်သူလုပ်မယ်။ ပြီးတော့ လူထုလက်ထက်ကို အကုန်လုံးရောက်မှာ မဟုတ်ဘူးဆိုတဲ့ ဟာမျိုးပေါ့။ သူတို့အတွက် အဓိက အကျိုးအမြတ်ရဖို့ လုပ်မှာပဲ ဆိုတဲ့ဟာမျိုး ကျနော်တို့ သုံးသပ်တယ်။” လို့ ခူညေးရယ်က ပြောပါတယ်။

ပိုမိုထိရောက်တဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ ဒေသတွေမှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ဆောက်ရွက်မှ ပိုမိုထိရောက်နိုင်မယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) ရဲ့ လူသားချင်းစာနာထောက်ထားမှုကော်မတီ တာဝန်ခံ ဦးဗညားက ပြောပါတယ်။

“တချို့ ကိစ္စတွေမှာ Cross border ( နယ်စပ်ဖြတ်ကျော်မှ ) တွေဖြစ်စေ မြန်မာနိုင်ငံကနေ ဖြစ်စေ ပေးရတဲ့ အချိတ်အဆက်တွေက အကန့်အသတ်တွေဖြစ်တယ်။ ဒေသမှာရှိနေတဲ့ ယုံကြည်စိတ်ချရတဲ့ အစုအဖွဲ့တွေရှိပါတယ်။ အဲဒီအစုအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့မှ သူတို့အစုအဖွဲ့တွေရဲ့ ဒေသမှာရှိနေတဲ့ CSO တွေက ပိုပြီးတော့ ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့ ပုံစံတွေ ကိုယ့်ဒေသနဲ့ကိုယ်တောင်မှ လုပ်ရကိုင်ရ ပိုလွယ်တဲ့ ဗျူဟာတွေ နည်းဗျူဟာတွေရှိပါတယ်။ အဲဒီအတွက်ကြောင့်မလို့ ဒေသမှာရှိတဲ့ ယုံကြည်စိတ်ချရတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့မှ သူတို့ရဲ့ ဝန်ဆောင်မှုပေးနိုင်တဲ့ အတိုင်းအတာအပေါ်မူတည်ပြီးတော့မှ သူတို့ရဲ့ ငွေကြေးအရဖြစ်စေ၊ နည်းပညာအရဖြစ်စေ ပံ့ပိုးမယ်ဆိုရင် ပိုပြီးတော့ထိရောက်တဲ့ Humanitarian Process ကို ရရှိမှာဖြစ်ပါတယ်။” လို့ ဦးဗညားက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်မှာ စစ်ရှောင်တွေကို လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ အဖွဲ့အစည်း ၇၀ ဝန်းကျင်ရှိသလို စစ်ကောင်စီကနေဖြတ်ပြီး ကူညီနေတဲ့ အဖွဲ့အစည်း ၂၀ ဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။ အမေရိကန်ကလည်း ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သန်း ၅၀ ထောက်ပံ့မှာဖြစ်တယ်လို့ ကြေညာထားပြီး လက်ရှိအချိန်အထိတော့ ထောက်ပံ့ဖို့ လုပ်ဆောင်နေဆဲလို့ သိရပါတယ်။

၂၀၂၃ခုနှစ်အတွင်းမှာလည်း စစ်ရေးအရှိန်ပိုမြင့်လာနေသလို စစ်ရှောင်တွေဟာလည်း နေရပ်ပြန်နိုင်ဖို့ အခွင့်အလမ်းနည်းပါးနေပါသေးတယ်။ ဒါကြောင့် တကယ်အကူအညီလိုအပ်နေတဲ့ စစ်ရှောင်တွေဆီ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုလိုအပ်နေဆဲဖြစ်ပါတယ်။

ဓာတ်ပုံ – ကန္တာရဝတီတိုင်း( မ် )
spot_img
spot_img