ကန္တာရဝတီတိုင်း ( မ် )
“တချို့ငွေကြေးမရှိတဲ့သူတွေဆိုရင် (ဆေးရုံ)မသွားနိုင်ဘူးပေါ့နော။ အသက်ဆုံးရှုံးရတာဖြစ်သွားတာပေါ့၊ နောက်ကျသွားတာပေါ့။ “
အမေရိကန်အစိုးရရဲ့ နိုင်ငံတကာကိုပေးနေတဲ့ အကူအညီတွေကို ရက်ပေါင်း ( ၉၀ ) ယာယီရပ်ဆိုင်းထားပြီးနောက် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့ ( IRC – International Rescue Committee ) လက်အောက်က ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို ဆိုင်းငံ့ထားပါတယ်။ သို့ပေမဲ့ လိုအပ်ချက်အရ ကရင်နီဒုက္ခသည်စခန်းအမှတ် ( ၁ ) မှာတော့ အရေးပေါ်လူနာ ၊ ပြင်ပလူနာ ၊ ဆေးရုံရက်ချိန်းလူနာတွေကို တနင်္လာနေ့ကနေ သောကြာနေ့အထိ ( မနက် ၉ နာရီ မှ ၁၂ နာရီ ) ၊ နေ့လယ် ( ၁ နာရီ မှ ၃ နာရီ ) အထိ ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ဆေးခန်းကို ပုံမှန်ဖွင့်လှစ်နေပေမဲ့ ဆေးဝါးတွေကို အကန့်အသတ်နဲ့သာ ပေးနေရသလို၊ အရေးပေါ်လူနာတွေကို ဆေးရုံလွှဲပြောင်းတဲ့အချိန်မှာ သယ်ယူပို့ဆောင်ရေးက အခက်အခဲ စိန်ခေါ်ချက်တခုဖြစ်တယ်လို့ ဆိုပါတယ်။ လတ်တလော ကရင်နီဒုက္ခသည်စခန်း ( ၁ ) ၊ ( ၂ ) က လူထုတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ဘယ်လိုပုံစံနဲ့ ပေးနေပါသလဲ ၊ အခက်အခဲ ၊ စိန်ခေါ်ချက် ၊ လိုအပ်ချက် ဘယ်လိုရှိလဲဆိုတာ ကရင်နီကျန်းမာရေးဌာန(KnHD) ညွှန်ကြားရေးမှူး နော်ခူဖောနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ အမေရိကန်အစိုးရရဲ့ ဒုက္ခသည်တွေကို အကူညီပေးတာ ရက်ပေါင်း ( ၉၀ )ဆိုင်းငံ့လိုက်ပြီးနောက် ဒုက္ခသည်စခန်း ( ၁ ) ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ အခြေအနေကို ဦးစွာ ပြောပြပေးပါအုံးရှင့်။
ဖြေ ။ ။ ကျမတို့ဆေးခန်းကိုတော့ ( ၂၈ ) ကနေစပြီးပိတ်ထားလိုက်ရတယ်။ ဒါပေမဲ့ ကျမတို့အရေးပေါ်အနေနဲ့ ဝန်ထမ်းတွေကိုတော့ အတွင်းလူနာ၊ အရေးပေါ်လူနာတွေကိုကြည့်ဖို့ ဂျူတီသုံးဆိုင်းနဲ့ဆက်ပြီးတော့ ထားတာရှိတယ်ပေါ့နော။ လူနာတွေလာပြီးမေးမြန်းရင် ဆေးတွေမရှိဘူး ဆေးဝါးတွေရပ်နားလိုက်ရတဲ့အချိန် လုံးဝသုံးခွင့်မပေးတော့တဲ့အခြေနေ ဖြစ်နေတာပေါ့။ အဲ့အချိန်မှာလူနာကလာမေးခဲ့ရင် ဆေးခန်းမှာ ဆေးမရှိလည်း သူတို့ကိုအကြံပေးတယ်။ ဒီ ဘယ်လိုကာကွယ်လို့ရလဲ၊ ဘယ်လိုဆေးဝါးတွေလိုလဲဆိုတာကို သူတို့ကိုရေးပေးတယ် ပညာပေးတာရှိတယ်။ ဆိုတော့ အဲ့ကနေစပြီတော့ လေးရက်နေ့မှာ ကျမတို့ဆေးခန်းပြန်ဖွင့်ဖို့ အတွက်ဖြစ်လာတယ်ပေါ့နော။ ဖြစ်လာတယ်ဆိုတာကလည်း ကြားထဲမှာအရေးပေါ်လူနာတွေ အများကြီးဖြစ်လာတော့ ၄ ရက်နေ့မှာ ကျမတို့ဆေးခန်းကိုပြန်ဖွင့်တယ် အခုထိပဲပေါ့နော။ စခန်း(၂) မှာလည်း အဲ့လိုပဲ အဲ့မှာက လူနာတွေ outbreak တွေ တအားဖြစ်သွားတယ်။ အသက်ရှုလမ်းကြောင်းနဲ့ ပတ်သက်တဲ့ရောဂါတွေ တအားမြင့်သွားတယ်။ နောက်ပြီးတော့ဝမ်းလျှောတာလည်း နည်းနည်းလေးတက်လာတယ်။ အဲ့လိုဖြစ်လာတဲ့အချိန်မှာ ကျမတို့စိုးရိမ်ချက်ဖြစ်လာတယ်၊ ခဏနေ လူသေလူပျောက်ဖြစ်လာမှာ ဆိုပြီးတော့မှ ကျမတို့ဒီတပတ်ကို ၅ ရက်ပြန်ဖွင့်တာနဲ့ အခုထိပြန်ပြီးတော့လည်ပတ်နေတာပေါ့နော။
မေး ။ ။ ဆေးဝါးရရှိမှု အခြေအနေကော ဘယ်လိုရှိပါသလဲ။ အရင်အခြေအနေကတော့ IRC ကနေ ယူတာပေါ့နော အခုကကော။
ဖြေ ။ ။ ဒီဆေးကတော့ကျမတို့ပြောရမယ်ဆိုလို့ရှိရင် သူတို့ IRC ကနေပြီးတော့မှ တခြား donor fund ကနေ ရှာပြီးတော့မှပေးတယ် ကျမတို့အဲ့လိုတော့ကြားတယ်။ ဆိုတော့ တပါတ်တကြိမ်ဘာဆေးဝါးတွေလိုလဲ ဆိုတာကို သူတို့ကိုတင်ပြတယ် သူတို့ကနေပြီးမှ ပြန်ပေးလာတာရှိတယ်။ အဲ့တာအပြင် ကျမတို့ဆေးဝါးမလုံလောက်တော့ ကရင်နီကျန်းမာရေးဝန်ကြီးဌာနဆိုတာရှိတယ်။ ကျန်းမာရေးဝန်ကြီးဌာနကနေနဲ့လည်းကျမတို့ကို ဆေးဝါးတချို့ထောက်ပံ့ပေးတာရှိတယ်။ အဲ့တာတွေကနေ လည်ပတ်နေတာပေါ့။
မေး။ ။ ဆိုတော့ ဆိုင်းငံ့လိုက်တဲ့ ရက်ပေါင်း ၉၀ အတွင်း ဘာအပြောင်းအလဲတွေ ဖြစ်သွားလဲ။
ဖြေ ။ ။ ကျမတို့ IRC နဲ့အစည်းဝေးထိုင်တယ်။ အစည်းဝေးထိုင်တော့ လက်ရှိ approve တော့ မဖြစ်သေးပေမဲ့ ပြောပြတာပေါ့နော့ ကျမတို့ emergency life saving case activity တွေကိုပဲ လုပ်ဖို့ရှိတယ်။ အဲ့တာတွေကိုပဲ ဆက်ပြီးတော့လုပ်သွားရမှာပေါ့ ဒီ ၃လအတွင်း ရက်ပေါင်း ၉၀ ရပ်တန့်ထားတဲ့အတွင်းမှာပေါ့နော။ ဆိုတော့ဘာတွေလုပ်ရမလဲ case activity တွေတောင်းတော့ ကျမတို့ပေးပြီးသွားပြီ။ အဲ့ဒီ case activity ထဲမှာကျမတို့ ဝန်ထမ်းတွေကို လျော့ချလိုက်ရတာရှိတယ်ပေါ့နော။ ကျမတို့ကျန်းမာရေးဝန်ထမ်းက ၂၂၀ နီးပါးရှိတယ် ကျမတို့ case activityတွေကိုပဲ လုပ်ရတဲ့အတွက်ကြောင့်မလို့ တချို့သော programs တွေကိုရပ်နားထားရတယ်၊ ဝန်ထမ်းတွေကိုလည်း ရပ်ဆိုင်းခိုင်းလိုက်ရတာပေါ့နော။ ဆိုတော့ကျမတို့ ဝန်ထမ်း ၁၀၀ ကျော်နဲ့ပဲ ဒီ case activityကို ဆက်လုပ်ဖို့ကျလာခဲ့လိုရှိရင်ပေါ့နော။ Donor Fund က ကျလာမယ်ဆိုလို့ ကျမတို့ဝန်ထမ်းက ၁၀၀ကျော်ပဲအလုပ်ဆက်လုပ်ရမှာပေါ့နော။ ခက်ခဲတဲ့စိန်ခေါ်မှုတခုလည်းဖြစ်တယ်။ ဝန်ထမ်း ၂၀၀ကျော်က စခန်းနှစ်ခုစလုံးက ပေါင်းထားတာပေါ့။ ကျမတို့အမြဲတမ်းလုပ်နေကျ၊ ပေးနေကျဝန်ဆောင်မှု service ပေးနေတာကလည်း တချို့ service တွေဆို community health care အဓိကက prevention နဲ့ပတ်သက်တဲ့အဖွဲ့ပေါ့နော သူတို့ဆိုလို့ရှိရင် အလုပ်တွေရပ်နားထားလိုက်ရတာပေါ့နော အကုန်လုံးလိုလို နားထားလိုက်ရတာပေါ့နော ၃လ အတွင်းမှာ။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ mental illness ပေါ့နော စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဝန်ထမ်းတွေရှိတယ်လေ စခန်း ( ၁ )၊ ( ၂ )။ CHW လည်းအဲ့လိုပဲ စခန်း( ၁ )၊ ( ၂ ) ရှိတော့ သူတို့ဝန်ထမ်းတချို့ကိုပဲ Case Activity ပဲလုပ်ခွင့်ရတော့ အကန့်အသတ်တော့ရှိတာပေါ့။ ဒီ Clinic တို့၊ ဆေးခန်းကြီးတို့ဆိုလည်း ဝန်ထမ်း နှစ်ယောက် သုံးယောက်လောက် ရပ်နားထားလိုက်ရတာပေါ့။ ပုံမှန်အနေအထားတော့ဖြစ်မနေတော့ဘူး အားလုံးက အကန့်အသတ်နဲ့ဖြစ်သွားတာပေါ့။

မေး ။ ။ ရှိတဲ့လူ့အရင်းအမြစ်နဲ့ ဘယ်အပိုင်းတွေမှာ ကျန်းမာရေးဝန်ဆောင်မှု လုပ်ဆောင်နေတာရှိလဲ။
ဖြေ ။ ။ မရှိမဖြစ်လုပ်ဆောင်ရတာက ဘာရှိမလဲဆို ပထမဆုံးက ကူးစက်ရောဂါနဲ့ မကူးစက်ရောဂါတွေကို သူတို့ကို ကုသမှုပေးတဲ့အပိုင်းမှာလုပ်ရမယ်၊ ပြီးတော့မှ ဒဏ်ရာဒဏ်ချက်ကြီးကြီးမားမား လုပ်တဲ့ဟာတွေရှိမယ်၊ ပြီးတော့မှ ကျမတို့ဒီမှာ အထွေထွေကုသရေးပိုင်း အဲ့တာဆက်ရှိမယ်။ ဆေးဝါးပေါ့နော ဆေးဝါးနဲ့ပတ်သက်ပြီးတော့ စီမံတဲ့ဟာတွေရှိမယ်။ HIS ( Health information System) ကျမတို့သတင်းအချက်အလက်ကို စောင့်ကြည့်တဲ့အဖွဲ့ အဲ့တာတွေဆက်လုပ်ဖို့ရှိမယ်။ အဲ့တာတွေလုပ်မှပဲ ဘာရောဂါက တက် ၊ ဘာရောဂါက ကျတယ်ဆိုတာကို သိရမှာပေါ့နော။ နောက်ပြီးတော့မှ သားဖွားမိခင်နဲ့ ကလေးပေါ့ RCH ရှိမယ်။ ကျမတို့ မိခင်နဲ့ကလေးဝန်ဆောင်မှုပေးတဲ့ဟာက ပုံမှန်ကတော့ မိသားစုစီမံကိန်းတွေပါတယ်။ ဒါပေမဲ့အခုက မရှိမဖြစ် Emergency Life Saving မှာကြတော့ မိသားစုစီမံကိန်းမပါတော့ဘူး။ ဥပမာ ကလေးကာကွယ်ဆေးထိုးတာတို့၊ မိခင်ကလေးမွေးဖွားတာတို့၊ မမွေးမီ စောင့်ရှောက်တာတို့ ၊ ပြီးတော့ ၅နှစ်အောက်တွေကိုစောင့်ရှောက်တာတို့ အဲ့တာတွေတော့ဆက်ရှိမယ်။ မိခင်နဲ့ကလေးကတော့ ဆက်မရှိတော့ဘူး။ နောက်တခုက ကျမတို့ဒီဓာတ်ခွဲပေါ့နော့။ ရောဂါတွေကိုဖော်ထုတ်ပေးတဲ့ ဌာနက မရှိမဖြစ်ဆိုတော့ အဲ့တာတွေက ဆက်ရှိတယ်ပေါ့နော။ ဆိုတော့ ဒီအဓိက သုံးခုတော့ဆက်ရှိနေမယ်။ ပြီးတော့ခုဏကပြောတဲ့ စိတ်ပိုင်းဆိုင်ရာတွေကိုတော့ လိုအပ်ရင်ဆေးခန်းမှာလာယူတယ်။ အဲ့လိုမျိုးပြန်ဖြစ်မယ်။ အဓိကဦးစာပေးလုပ်တဲ့ ဥစ္စာတွေပေါ့နော။ ကျန်တာတော့နားထားရတာပေါ့။
မေး ။ ။ စိန်ခေါ်မှု ၊ အခက်အခဲကတော့ ဘာတွေရှိမလဲ။
ဖြေ ။ ။ ကျမတို့အထူးသဖြင့် ဒီစိန်ခေါ်မှုကတော့ အရေးပေါ်လူနာပဲပေါ့နော၊ သူတို့ မရှိမဖြစ်ဆေးရုံရက်ချိန်းတွေ သွားရတာရှိတယ်။ ဥပမာ နာတာရှည်ရောဂါသည်တချို့ပဲ ဖြစ်ဖြစ်၊ ဆေးလုံးဝပြတ်လို့မရတဲ့ လူနာတွေရှိတယ်၊ ရက်ချိန်းအမြဲတမ်းသွားရတဲ့ လူနာတွေရှိတယ်။ အခုတော့ကျမတို့ တကယ်အခက်အခဲကြုံရတာပေါ့နော။ အထူးသဖြင့် သယ်ယူပို့ဆောင်ရေးပေးရမယ့် ကားပေါ့နော။ စခန်း ( ၂ ) ဆို ပိုဆိုးတယ် ကားကလူနာကိုယ်တိုင်ပဲ ပေးရတာပေါ့။ ကားတစီးက ခုံရုံးဆေးရုံထိဆို ၂၀၀၀ ပေးရတယ်။ အသွား ၂၀၀၀ အပြန် ၂၀၀၀။ ပြီးတော့ မယ်ဟောင်ဆောင်ဆေးရုံထိဆို ၃၀၀၀လား၊ ၃၅၀၀ လားဆိုတာ ကျမလည်းသေချာမသိဘူး။ အသွား ၃၅၀၀ ဆို အပြန်လည်း ၃၅၀၀ ဖြစ်မှာပဲ။ ဆိုတော့ပိုဆိုးတာပေါ့။ စခန်း ( ၂ )က လမ်းခရီးလည်းပိုဝေးတယ်။ ဒီစခန်း ( ၁ ) မှာက အခုလောလောဆယ်ကတော့ ကျမတို့ KnRC ကားက ကျမတို့ကိုအကူအညီပေးနေတာပေါ့နော။ ဒါပေမဲ့ KnRC လည်းသူ့အလုပ်နဲ့သူရှိတဲ့အချိန်မှာ ဒီလူနာတွေကိုပဲပို့နေရတယ်။ Follow up တွေကိုပို့နေရတာတမျိုး၊ အရေးပေါ် ပေါ်လာရင် ညဆိုရင်လည်း ညပို့ရတယ်၊ နေ့ဆိုလည်း နေ့ပေါ့နော။ အဲ့ဒီလိုမျိုး KnRCနဲ့တော့ ဆက်ကူနေတာပေါ့နော။ သို့သော်လည်းပဲ ဒါကလည်း တကယ့်ကြုံတွေ့ရတဲ့ အခက်ခဲတွေပဲ၊ ကားမောင်းပေးတဲ့ကားဆရာတွေကလည်း အခက်အခဲရှိတာပေါ့နော။ ပြီးတော့ ဟိုဆေးရုံမှာရောက်ရင်လည်း အခုကျမတို့လူနာလွှဲလို့ရှိရင် ဖောင်ပေါ်မှာ KnRC Logoနဲ့တပ်ရတယ်၊ ကျမတို့ KnHD Logoနဲ့သုံးလို့မရဘူး။ ကျမတို့က ခုနကပြောတဲ့ PRM Fund ကိုယူတဲ့အတွက်ကြောင့် ပေါ့နော။ ရပ်တန့်ဆို အားလုံးရပ်တန့်ရမယ်။ ကျမတို့ Logoလည်းသုံးခွင့်မပေးဘူး။ ဆိုတော့ KnRCဟာကိုပဲ သုံးတယ်။ KnRC ဟာနဲ့သုံးတော့ ကျမတို့ ဟိုမှာရောက်လို့ရှိရင် တချို့ငွေတောင်းတယ် ကုန်ကျစရိတ်ပေါ့နော။ တချို့လည်းမတောင်းဘူး။
ကျမတို့ဆီမှာအောက်ဆီဂျင်တွေရှိတယ် ပြီးတော့ Gasတွေပေါ့နော Gas ဆိုတာက ပေါင်းအိုးပေါ့နော ဒီအသုံးပြုဖို့ပတ်တီးတွေကိုပေါင်းအိုးနဲ့ပေါင်းတာတွေရှိတယ်လေ။ မွေးလူနာဆိုလည်း မွေးပြီးရင်သူ့ရဲ့ ပစ္စည်းကိရိယာတွေကို ပြန်ပေါင်းရတယ်လေ။ အဲ့ ဂစ်စ် ရယ်၊ ပြီးတော့ ဘက်ထရီ ဆိုတာက ညဆိုရင် အရေးပေါ်လူနာလာရင် မီးတွေထိုးဖို့ပေါ့ အဲ့လိုဘတ်ထရီခြောက်တွေ၊ အဲ့လိုမျိုးဟာတွေ အခုကကုန်နေတယ်၊ ကျမတို့ကိုသယ်ပို့ပေးမယ့်သူတွေ မရှိဘူး။
မေး ။ ။ ကရင်နီပြည်အစိုးရအဖွဲ့ကိုကော အကူညီတောင်းခံမှုအပိုင်းတွေရှိလား။
ဖြေ ။ ။ ကျမတို့အစိုးရကိုအကူအညီတောင်းထားတယ် ကားနဲ့တော့ လာသယ်ပေးထားတယ်။ ဒါပေမဲ့ ဂစ်စ်သွင်းခတွေ လိုမယ်၊ အောက်ဆီဂျင်တွေ သွင်းခလိုမယ်၊ ဘတ်ထရီတွေဆိုလည်း သွင်းခတွေလိုမယ်။ အခက်ခဲတွေကအဲ့လိုရှိတယ်ပေါ့နော။ အဲ့တာက စခန်း ( ၁ )၊ ( ၂ ) နှစ်ခုစလုံး ကြုံတွေ့နေရတဲ့ အခက်အခဲပေါ့နော။ ခုနက ပြောတဲ့ သယ်ပေး၊ ပြုပေးဖို့ ကားတွေလည်းလိုသလို အားသွင်းခ၊ အားဖြည့်ခတွေလည်း အခက်ခဲတကယ် လိုနေတယ်ပေါ့နော။ ကျမတို့အစိုးရကိုလည်းတင်ထားပါတယ် ကျန်းမာရေးဌာနကနေတဆင့်ပေါ့နော။ တင်ပြထားတယ်ပေါ့နော။ လောလောဆယ်ကတော့ အားသွင်းခတွေကိုတော့ အစိုးရဆီကနေ တောင်းပေးမယ်လို့ တော့ ဝန်ကြီးဌာနကပြောထားတယ်ပေါ့နော။
မေး ။ ။ ဆေးခန်းက ပစ္စည်းကိရိယာတွေကိုကော IRC ရဲ့ ခွင့်ပြုချက်နဲ့သုံးနေတာလား အခြေအနေ ဘယ်လိုရှိလဲ။
ဖြေ ။ ။ သူတို့အကုန်လာသယ်သွားတယ် အောက်ဆီဂျင်တွေ၊ ဂစ်စ်တွေလာသယ်သွားတယ် ဒါပေမဲ့ အရေးပေါ်အနေနဲ့ ချန်ထားခိုင်းခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီဟာတွေကိုပြန်ဖြည့်ဖို့လိုတဲ့အခါမှာ ကူမယ့်လူမရှိတော့ အခက်ခဲတော့ရှိတာပေါ့။ အဲ့တော့ ဝန်ကြီးဌာနကို အကူညီတောင်းထားတော့ ဟိုနေ့ကတော့ပို့ပေးပြီးသွားပြီဆိုတော့ သွင်းခတွေဘယ်လောက်ကျလာမလဲ မသိသေးဘူး။ နောက်ပြီးတော့အဆိုးဆုံးက ဘာရှိလဲဆိုရင် ညလူနာအရေးပေါ်လာလို့ရှိရင် မီးစက်နိုးပေးရတယ် မီးစက်နိုးပေးရတော့ ဒီဇယ်ဓာတ်ဆီတွေမရှိဘူး။ ဓာတ်ခွဲမှာရောဂါရှာဖွေဖို့က မီးစက်နိုးပေးမှကြည့်လို့ရတယ်လေ မိုက်ခရိုစကုတ်နဲ့ကြည့်လို့ရတယ်၊ အဲ့ဒီအတွက်ကလည်း အခုဆိုရင် ဓာတ်ဆီ၊ ဒီဇယ် အတွက် ကူညီမယ့်လူတွေမရှိဘူး ဖြစ်နေတယ်။ ငွေရေးကြေးရေးနဲ့ကူညီမယ့် လူမရှိဘူးဖြစ်နေတယ်။
မေး။ ။ ဆေးရုံရောက်သွားတော့ တဦးချင်းရဲ့ကုန်ကျစရိတ်က ကုသတဲ့ရောဂါအပေါ်မူတည်ပြီး ကွားခြားမှုရှိတာလား။
ဖြေ ။ ။ တချို့ကကုန်ကျတာများသွားတယ်။ အပြောင်းလဲအစမှာ အူတက်ပေါက်လို့ ဆေးရုံရောက်သွားတဲ့လူနာဆိုရင် နှစ်သောင်းကျော်၊ ကလေးမွေးတဲ့လူနာလည်း ၁၅၀၀၀ ကျော်ဆို လူထုတွေကလည်းအများကြီး ကုန်ကျတယ်။ တကယ်ပဲသူတို့အတွက် ဝန်ထုပ်ဝန်ပိုးတွေဖြစ်တယ်။ အဲ့ဒီကြားထဲမှာလည်း လူနာတယောက် ဆေးခန်းကပိတ်ထားတဲ့အချိန်ဖြစ်တော့ ဆေးခန်းကိုသူမလာဘူး။ ဘေးပတ်ဝန်းကျင်ကပြောတယ် ဆေးခန်းသွားပါ လို့ပြောရင် ဆေးခန်းသွားလို့ရှိရင် ကျနောပိုက်ဆံမှမရှိဘဲ အဲ့လိုပြောတယ်။ ဆေးခန်းသွားရင် ဆေးရုံသွားရမယ်ဆိုတာကို သူသိတယ်ပေါ့နော။ ဆေးရုံကြီးရောက်ရတော့မယ် လူနာက သူ့အခြေအနေကိုသူသိတယ်။ ဒီမှာကိုရောက်လာတဲ့အချိန်ကျ သတိလစ်ပြီးတော့ရောက်လာတဲ့အချိန်ဖြစ်သွားပြီ သူ့ကိုဆေးရုံပို့လိုက်သော်ငြားလည်း အဲ့ဒီညမှာ နောက်တမနက်မှာပဲ၊ ညနေပိုင်းလေးရောက်လာတယ် ပို့လိုက်တယ် နောက်တမနက်မှာ အသက်ဆုံးရှုံးသွားတယ်။ အဲ့ဒီလိုမျိုး အခက်အခဲတွေလည်းရှိတာပေါ့။ အဲ့ဒီအချိန်ကလည်း ဘယ်သူကဘာပေးမလဲ ဘယ်သူကဘာကူညီမလဲ မသိသေးတဲ့အချိန်ဖြစ်တော့ ကိုယ့်ပိုက်ဆံနဲ့ပဲ ကိုယ်သွားရတယ်။ တချို့ငွေကြေးမရှိတဲ့သူတွေဆိုရင် မသွားနိုင်ဘူးပေါ့နော။ အသက်ဆုံးရှုံးရတာဖြစ်သွားတာပေါ့ နောက်ကျသွားတာပေါ့။ စခန်း ( ၂ )က ခရီးလည်းဝေးတယ်၊ ကုန်ကျစရိတ်လည်းများတယ်။ ဆေးခန်းလာတာ နောက်ကျလို့လားမသိဘူး ကလေးလေးတယောက်ဆုံးသွားတယ် ချင်းမိုင်ဆေးရုံမှာ။ ခုနကပြောတဲ့ အသက်ရှုရောဂါ ကနေစပြီးတော့ ရောဂါပိုးဝင်သွားတာပေါ့နော။ ကလေးတယောက်ဆုံးသွားတာရှိတယ်။ နှစ်ယောက်ပေါ့။
မေး။ ။ လက်ရှိကကော ဒီ စခန်း ( ၁ ) ကဆေးခန်းမှာ တရက်တရက် လူနာလာရောက်ပြသတဲ့ ဦးရေ ဘယ်လောက်ရှိလဲ။
ဖြေ ။ ။ တရက်တရက်လာတဲ့လူနာတွေက ၁၀၀ ကနေ ၈၀ ရှိမယ်။ တချို့ outbreak လို့ပြောရမှာပေါ့ ရာသီအကူးအပြောင်းကာလဆို ရောဂါအဖြစ်များကြတယ်။ ဥပမာအားဖြင့် အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါဆိုလို့ရှိရင်တော့ ပိုများတာပေါ့။ ပုံမှန်မှာဆိုတော့ ၈၀ နဲ့ ၁၂၀ ကြားပေါ့ အဲ့လောက်ရှိတယ်။

မေး ။ ။ ကျန်းမာရေးကဏ္ဍနဲ့ပတ်သက်ပြီး တခြားသော စိုးရိမ်မှုတွေကော ဘာတွေရှိလဲ။
ဖြေ ။ ။ ဒီရက်ပေါင်း ၉၀ ပြီးလို့ရှိရင် သူတို့က ပြန်ခွင့်ပြုပါ့မလားပေါ့နော် ။ ဒါပေမဲ့ ကျမတို့ကတော့ ဘယ်လိုဘဲဖြစ်ဖြစ်၊ ခွင့်ပြုပြု၊ မပြုပြုကိုယ့်ရဲ့ လူထုအတွက်တော့ ဆက်ပြီးတော့ လုပ်ရအုံးမှာဘဲ၊ လိုအပ်တဲ့ အကူအညီတွေလည်းဆက်ရှာရအုံးမှာဘဲပေါ့နော် ။ ဒါပေမဲ့ ပုံမှန်ဖြစ်တဲ့အထိတော့ တော်တော်လေးရုန်းကန်ကြိုးစားရအုံးမှာပေါ့နော။ တဖြည်းဖြည်းနဲ့လုပ်သွားရမှာပေါ့။ အကယ်လို့ပြန်ရရင်တော့ အတိုင်းထက်အလွန်ပေါ့။ အခုလည်း ကျမတို့အကူအညီတွေအများကြီးလိုအပ်တာပေါ့။ ဝန်ကြီး ဌာနတွေလည်း ဒီအခက်အခဲတွေ သိထားပြီးသားဆိုတော့ သူတို့တွေလည်း ကြိုးစားပြီးတော့ သံတမန် ရေးရာကအစ ရှာ လုပ်မယ်လို့တော့ပြောတယ်။ ချက်ချင်းလက်ငင်းတော့ ရနိုင်မှာ မဟုတ်ဘူးလေး။ ကျမတို့တဖြည်းဖြည်းနဲ့ ကြိုးစားသွားရမှာပဲ။ ဆိုတော့ ကျမတို့လည်းတင်ပြထားပါတယ်ပေါ့နော်၊ အခက်အခဲတွေ ဒီလိုရှိတဲ့အကြောင်းတွေ။ PRM ကမဟုတ်တဲ့ fund တွေ ရှာကြည့်ကြည့်မယ်လို့တော့ စဉ်းစားထားတယ်ပေါ့နော် ။ စတင်လည်းလုပ်နေပါပြီ။
မေး ။ ။ ဒုက္ခသည်စခန်းက ကျန်းမာရေးဝန်ဆောင်မှုဆိုင်းငံ့တဲ့ ရက်ပေါင်း ( ၉၀ ) ပြီးနောက် ဘယ်လိုအပြောင်းအလဲမျိုး မျှော်လင့်ထားလဲ။
ဖြေ ။ ။ ဘယ်လိုမျှော်လင့်လဲဆိုရင် အကယ်၍ ရက်ပေါင်း ( ၉၀ ) အတွင်း အဲ့လိုမျိုးမဖြစ်ဘူးဆိုရင် ထိုင်းကလည်း ဒီ ဒုက္ခသည်ကိုတာဝန်ယူပေးလိုက်ရင်ကောင်းတာပေါ့။ သူတို့မယူဘူးဆိုရင် ကျမတို့လူထုတွေဘဲ ကိုယ့်ကျန်းမာရေး ကိုယ် ကုန်ကျခံတဲ့နည်းဘဲသွားရလိမ့်မယ် ထင်တယ်။ ဆိုတော့ကျမတို့လည်း ကိုယ့်လူထုတွေအတွက် ကိုယ့်ဒေသအတွက် အကူအညီရရှိအောင် လုပ်သွားမယ်။