spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှာ လူထုတွေကိုထောက်ပံ့ပေးတဲ့ရိက္ခာ ၈၀ ရာခိုင်နှုန်းကို ၄ လ ကြာ လျှော့ချခံရမည်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်း-မြန်မာနယ်စပ်တကျောမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို စားနပ်ရိက္ခာပံ့ပိုးပေးနေတဲ့ TBC (the border consortium) က ယခုလဧပြီလကနေ ဇူလိုင်လအထိ ၄ လကြာ ရိက္ခာထောက်ပံ့မှုအစီစဥ်ကို လျှော့ချမယ်လို့ မတ်လ (၃၁) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၁) မှာ ယခင်လူထုတွေကိုထောက်ပံ့နေတဲ့ ရိက္ခာရဲ့ ၈၀ ရာခိုင်နှုန်းကို ဧပြီလ ၁ ရက်နေ့မှာ စတင်လျော့ချပေးနေပြီလို့ စခန်းဥက္ကဌ မော်မိုးဘူးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“၈၀ ရာခိုင်နှုန်းလောက်ဖြစ်မယ်။ ၈၀ ရာခိုင်နှုန်းကျော်လောက်ပေါ့နော်။” လို့ မော်မိုးဘူးကို ဆိုပါတယ်။

ဒုက္ခသည်စခန်းက လူထုရိက္ခာ ထောက်ပံ့မှုမှာ သက်အရွယ်အရ ၄နှစ်အောက် နဲ့ ၅ နှစ်အထက်ဆိုပြီး အသက်အရွယ် အပိုင်းအခြားအလိုက် ‌ငွေကြေး နဲ့ ထောက်ပံ့ပေးထားတာပါ။

ရိက္ခာမလျှော့ချခင်မှာ ၄ နှစ်အောက် ကလေးငယ်တဦးကို တစ်လလျှင် ဘတ် ၁၈၀ ကနေ ဘတ် ၂၈၀ ဝန်းကျင်ထောက်ပံ့ပေးတာဖြစ်ပါတယ်။ လက်ရှိ ရိက္ခာလျှော့ချပြီးကာလမှာတော့ ကလေးငယ်တဦးမှာ အနည်းဆုံး ဘတ် ၄၀ ကိုသာ ရရှိတယ်လို့ ဆိုပါတယ်။

အလားတူ ၅ နှစ်အထက် အရွယ်တွေမှာတော့ ပုံမှန် ဘတ်၃၀၀ ကနေ ၄၀၀ ကျော်အထိ ရရှိနေပြီး လက်ရှိမှာတော့ ဘတ် ၈၀ ကျော် အထိသာရရှိလာကြတာပါ။

အဆိုပါ ရိက္ခာလျှော့ချခံနေရတာနဲ့ ဆက်စပ်ပြီး ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်မှာ ယာယီခိုလှုံကြတဲ့ ဒုက္ခသည် စခန်း ၉ ခုအတွက် ယခုလ ဧပြီလကစလို့ ဂျူလိုင်လအထိ ၄ လ ကြာ ရိက္ခာထောက်ပံ့မှု အစီစဥ်တွေကို လျှော့ချမယ်လို့ စားနပ်ရိက္ခာ ထောက်ပံ့ရေး အဖွဲ့ (TBC) က ထုတ်ပြန်ထားပါတယ်။

လက်ရှိ TBC က ဒုက္ခသည်တွေကို ထောက်ပံ့နေတဲ့စားနပ်ရိက္ခာ အစီအစဉ်အတွက် ရံပုံငွေလျော့နည်းလာတဲ့ အတွက်အခုလို လျော့ချလိုက်တာလို့ဆိုထားပါတယ်။

“ ဘာဖြစ်လဲဆိုရင် USA လျှော့ချတဲ့အပေါ်မှာ ဒီ TBC လည်း ထိတာပဲပေါ့နော်။” လို့ ကရင်နီဒုက္ခသည် ကော်မတီ KnRCရဲ့ ဥက္ကဌ နေကော်ထူးကပြောပါတယ်။

အခုလို ရိက္ခာထောက်ပံ့မှု လျှော့ချတဲ့ နောက်ဆက်တွဲအနေနဲ့ စခန်းအတွင်းမှာရှိတဲ့ လူထုတွေက စိုးရိမ်နေကြပြီး တခြားစိန်ခေါ်ချက်တွေလည်း များစွာရင်ဆိုင်လာနိုင်တယ်လို့ စခန်းကော်မတီဥက္ကဌ မော်မိုးဘူးကပြောပါတယ်။

“ သူတို့က တောင်ယာ၊ ခြံတွေ ပိုပြီးမှာ ခုတ်လာနိုင်တယ်ပေါ့။ ပြီးတောမှ အပြင်ထွက် အလုပ်လုပ်တာလည်း ပိုများလာနိုင်တာပေါ့။ စည်းမဲ့ကမ်းမဲ့ဖြစ်လာမယ်ပေါ့။ အိမ်တွင်းအကြမ်းဖက်မှုတွေ ချမှတ်ထားပေးတဲ့ စည်းမျဥ်း စည်းကမ်းရော အိမ်ရှင်နိုင်ငံရဲ့ ချမှတ် တဲ့ စည်းမျဥ်းစည်းကမ်းလည်း ပိုပြီး အားနည်းလာမယ်ဆိုတာကို ကျမတို့ ရင်ဆိုင်ကြုံတွေ့ရမှာပေါ့။ ဒီအချက်တွေက တော်တော် စိန်ခေါ်မှု အချက်တွေဖြစ်တာပေါ့နော်။” မော်မိုးဘူးက ဆိုပါတယ်။

အခုလို ရိက္ခာထောက်ပံ့မှု လျှော့ချတဲ့အပေါ် အရေးပေါ်အခြေအနေနဲ့ ရေရှည်ရန်ပုံငွေရရှိဖို့အတွက် ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို ဆက်လက်ရှာဖွေ‌နေမှာဖြစ်ပြီး၊ ရန်ပုံငွေအသစ်တွေ ပြန်လည်ရရှိလာတာနဲ့ အဆိုပါ ရိက္ခာလျှော့ချမှုတွေကို တတ်နိုင်သမျှ အမြန်ဆုံးပြန်ပြောင်းပေးမှာဖြစ်တယ်လို့ TBC က အသိပေးထုတ်ပြန်ချက်မှာ ကတိပြုပြောဆိုထားပါတယ်။

ကရင်နီ ဒုက္ခသည် စခန်း အမှတ် (၁) မှာတော့ လက်ရှိအချိန်ထိ TBC ရဲ့ ထောက်ပံ့မှုတွေကို စားသုံးနေတဲ့ လူထုတွေရဲ့ စာရင်းအရ လူဦးရေအားဖြင့် ၈၇၁၉ ဦးရှိပြီး အိမ်ထောင်စုစာရင်းအရ အိမ်ခြေ ၂၀၂၄ အိမ် ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံတကာ အကူအညီရပ်ဆိုင်းဖို့ လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်းမှာ ထိုင်းနယ်စပ်မှာ ဖွင့်လှစ်ထားတဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေကိုလည်း ရပ်ဆိုင်းလိုက်ရတာတွေရှိခဲ့ပါတယ်။

spot_img
spot_img
spot_img

Recent posts