spot_imgspot_imgspot_imgspot_img
Monday, May 19, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီဒုက္ခသည်စခန်း ( ၂ )က လူထုတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေနဲ့ ပတ်သက်ပြီး ကျန်းမာရေးတာဝန်ခံ စောဆာထူးနှင့် တွေ့ဆုံမေးမြန်းခြင်း

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

“အကယ်၍ IRC မရှိတော့ရင် တခြားအဖွဲ့အစည်း ဝင်နိုင်မလား တဖွဲ့ဖွဲ့ပေါ့နော။ ကူညီထောက်ပံ့ရေးအဖွဲ့ပေါ့နော ကျနော်တို့ လိုချင်တယ်လေ။”

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) လက်အောက်က လူသားချင်းစာနာအကူအညီပေးရေး လုပ်ငန်းတွေကို ရပ်ဆိုင်းပြီးနောက်ပိုင်း နိုင်ငံတကာ ကူညီကယ်ဆယ်ရေး ကော်မတီ (IRC) က ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတချို့ ရပ်ဆိုင်းတာ၊ လျှေ့ာချတာတွေကို ဒုက္ခသည်လူထုတွေ ကြုံတွေ့နေရ ပါတယ်။

ဒုက္ခသည်စခန်းနေလူထုတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို စခန်းက ဆေးခန်းမှာ အားထားရယူနေကြရတာပါ။ လတ်တလော စခန်းနေလူထုတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရယူနေတဲ့အခြေအနေ၊ ရင်ဆိုင်နေရတဲ့ အခက်အခဲ ၊ IRC ရဲ့ လတ်တလော ကူညီပေးမှုအပိုင်း နဲ့ ဘယ်လိုဖြေရှင်းဆောင်ရွက်နေကြလဲဆိုတာကို ကျန်းမာရေးတာဝန်ခံဖြစ်တဲ့ စောဆာထူးကို ကန္တာရဝတီတိုင်း ( မ် ) က တွေ့ဆုံမေးမြန်း ထားပါတယ်။

မေး ။ ။ လက်ရှိ ဒုက္ခသည်စခန်း ( ၂ ) ရဲ့ ဆေးခန်းမှာ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ ဘယ်လိုရှိလဲ။ ဘယ်လိုပုံစံနဲ့လည်ပတ်နေလဲ။
ဖြေ ။ ။ ပြောရမယ်ဆိုရင် အခုလောလောဆယ်က သိပ်ပြီးတော့ အဆင်မပြေတော့ဘူး။ အရင်တုန်းကနဲ့နှိုင်းယှဉ်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ ကျလာနေတယ်။ ဥပမာ ဇန်နဝါရီကနေစပြီးတော့မှ ပြောရမယ်ဆိုရင် အရင်တုန်းက မယ်ဟောင်ဆောင်မှာ လူနာ အိမ်တလုံးရှိတယ် အခုက ကျတော့မရှိတော့ဘူး။ အဲ့တခုကပြသာနာရှိတယ်။ လူနာသွားလာရင်သိပ်အဆင်မပြေဘူး။ တချို့လူနာကဆေးရုံမှာ သွားအိပ်တယ် ပြန်လာချိန်တော့ နားနေတဲ့နေရာမရှိဘူးလေ။

မေး ။ ။ ဆေးခန်းကနေ ဆေးရုံကြီး(ထိုင်းနိုင်ငံကဆေးရုံ) ကို လွှဲပြောင်းရတဲ့ လူနာ ဘယ်နဦးလောက်ရှိလဲ ၃လအတွင်းမှာပေါ့။ ဘာရောဂါတွေအဖြစ်များတာလဲ။
ဖြေ ။ ။ ၃လစာ အရေးပေါ်လူနာကတော့ ၅ယောက် ၆ယောက်တော့ရှိတယ်။ Non – Emergency က အယောက် ၂၀ ကျော်တော့ရှိတယ် အတော်များတယ်။ အသက်ရှူ လမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါကျတော့ ကျနော်တို့ ဆေးခန်းကလုပ်လို့ မရဘူးလေ၊ ဆရာမဒေါက်တာနဲ့ဆွေးနွေးပြီးတော့မှ ဟိုဆေးရုံကြီးကိုလွှဲပြောင်းပေးရတယ်။

မေး ။ ။ လူနာလွှဲပြောင်းတဲ့အခါမှာ ဘယ်လိုအခက်အခဲရှိနေလဲ။ နိုင်ငံတကာ ကူညီကယ်ဆယ်ရေး ကော်မတီ (IRC) က ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတချို့ ရပ်တန့်ပြီးနောက်ပိုင်း လူနာဖက်က သူတို့ကိုယ်တိုင် အကုန်ကျခံရတာလား။
ဖြေ ။ ။ ၁လပိုင်း ၂လပိုင်းကနေစတယ်၊ ၂လပိုင်းကနေပြီး ၃လပိုင်းကနေမှ IRCက မရှိတော့ဘူးလေ။ အဲ့အချိန်က ကားမလာတော့ဘူး၊ တခါတလေ လူနာလာလို့ရှိရင် အရေးပေါ်လာလို့ရှိရင် သားဖွားဖက်မှာလည်းလူနာရှိတယ်၊ သူတို့ဘာသာ ကားငှားပြီးမှသွားတယ်လေ အဲ့လိုမျိုး။ ကုန်ကျစရိတ်လည်း သူတို့လူနာပဲခံနေရတယ်အဲ့မျိုး အကုန်ခံနေရတယ်။
ကားမရှိရင်အရမ်းဒုက္ခရောက်တယ် လူနာကိုလည်းအသက်မကယ်နိုင်ဘူးလေ။

မေး။ ။ ဒီလို လွှဲပြောင်းတဲ့အခါ လမ်းပန်းဆက်သွယ်ရေး ကြန့်ကြာမှုတွေရှိလား။ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေ၊ အသက်သေဆုံးသွားတဲ့လူနာတွေ ရှိခဲ့ဖူးလား။
ဖြေ။ ။ အသက်ရှုံးဆုံးသွားတဲ့လူနာတွေတော့ မရှိသေးဘူး။ ၂ လပိုင်း ကတော့အဆင်မပြေဘူး။ ၃ လပိုင်းကတော့ IRC ကနေ ကားပြန်ဝင်လာတယ် Stand by ကားတစီးပြန်ထားပေးတယ်။ အရေးပေါ်ဖြစ်လို့ရှိရင် ဟိုကိုလွှဲရတယ်၊ IRC ကားနဲ့ပဲသွားရတယ် အဲ့လိုမျိုး။ အသွားလည်းပို့ပေးတယ်၊ အပြန်လည်းပို့ပေးတယ်။ ၁ လပိုင်း ၂ လပိုင်းပဲ အခက်ခဲရှိတယ်။

မေး။ ။ ဆေးရုံကြီးကို လွှဲတဲ့အခါ လူနာတွေရဲ့ ခရီးစရိတ်က ဘယ်လိုဖြေရှင်းရလဲ။ တခါသွားရင် ဘယ်လောက်ကုန်ကျလဲ။
ဖြေ ။ ။ အသွားအပြန်ကုန်ကျစရိတ်က ဟိုအရင်က ကားသမားက ထိုင်းဘတ် ၂၀၀၀ လား ၃၀၀၀ လား တောင်းတယ်လေ အဲ့လိုမျိုး။ အသွားအပြန်ပေါ့။

ကရင်နီဒုက္ခသည်စခန်း – ၂ ရဲ့ လူနေအိမ်မြင်ကွင်းကို တွေ့ရစဉ်

မေး ။ ။ ဒီလိုကုန်ကျစရိတ်တွေများတော့ ဝင်ငွေမရှိတဲ့ ဒုက္ခသည်ပြည်သူတွေက ဆေးရုံ ဆေးခန်း ပြရမယ်ဆိုရင် အဓိကစိန်ခေါ်မှုက ဘာဖြစ်မလဲ။
ဖြေ ။ ။ တချို့လူက သူဆေးရုံသွားချင်တယ် သူတို့က ကားလည်းမရှိ ပိုက်ဆံလည်းမရှိဆိုတော့ သူတို့ဘာသာ သူတို့အိမ်မှာပဲနေတယ်။ သူတို့ဘားမှမလုပ်တတ်ဘူးလေ ။ အရှေ့မှာသွားရင်လည်း သူတို့ပိုက်ဆံမရှိပြန်ဘူး တအားခက်ခဲတယ် အဲ့တခု။ အဲ့အချိန်က တအားဒုက္ခရောက်တယ် အဲ့တခုပဲ။ ၃ လပိုင်းအစမှာ IRC ပြန်ဝင်လာတော့နည်းနည်းပြန်အဆင်ပြေလာတယ်။ ဆေးခန်းကို လူနာလာလို့ရှိရင် ကျနော်တို့ပဲကြည့်ပေးတယ် ဆရာမက အဆင်ပြေလား မပြေဘူးလား ဒေါက်တာနဲ့ဆွေးနွေးပေးတယ်။ ပြီးမှလွှဲသင့်လား မလွှဲသင့်လား သူတို့ဒေါက်တာ လက်ထဲမှာရှိတယ်။

မေး ။ ။ မဖြစ်မနေ ဆေးရုံတက်ရမယ့်အခြေအနေမှာ ခရီးစရိတ်အပါအဝင် တခြားသော ကုန်ကျစရိတ်တွေကို IRC က တစုံတရာကူညီပေးတာရှိလား။
ဖြေ ။ ။ အခုလောလောဆယ်တော့ IRC စီစဉ်ပေးတယ်။ ဒီတပတ်ထဲမှာ လူနာဘယ်လောက်ရှိလဲ၊ တယောက်နဲ့ တယောက်ရက်ချိန်းမတူကြဘူးလေ။ ဆရာဝန်က တရက်တည်းလူစုပြီးတော့မှ မနက်ပိုင်း၊ ဟို မယ်ဟောင်ဆောင်က လာတဲ့ကားနဲ့ ပို့လိုက်ပြီးမှ၊ ဟို ညနေပိုင်းသူတို့ပြန်လာတယ် အဲ့လိုမျိုးလုပ်ပေးတယ်။ အခုလူနာတက်ရတဲ့ဆေးရုံက ပြန်အဆင်ပြေပြီ ပိုက်ဆံလည်းမပေးရတော့ဘူး။
၃ လပိုင်းနောက်ပိုင်း ဆေးရုံခ၊ ကားခလည်းမပေးရတော့ဘူး။ IRC လက်အောက်ကနေပဲ သွားရတာဆိုတော့။ ဒါပေမဲ့ အသွားအပြန် ကိုယ်စားဖို့သောက်ဖို့တော့ ပိုက်ဆံထုတ်ရတာပေါ့။

မေး ။ ။ နားခိုဖို့ လူနာအိမ်ကလည်း လိုအပ်တော့ လက်ရှိ လူနာဖြစ်စေ၊ လူနာရဲ့မိသားစုဝင်တွေဖြစ်စေ သူတို့ဘယ်လိုဖြေရှင်းနေကြလဲ ဘာအခက်အခဲရှိလဲ။
ဖြေ ။ ။ ခက်တာက လူနာစောင့်အတွက်ပေါ့။ လူနာစောင့်အတွက် တော်တော်လေးခက်ခဲတယ်။ လူနာစောင့် လောလောဆယ်နေစရာမရှိဘူး။ လူနာကို ပြန်ကြည့်တယ် လူနာစောင့်ပို့သင့်လား မပို့သင့်လား ပြန်ပြီးတော့မှ ကျနော်တို့ကြည့်တယ်။ အကယ်၍ ကလေး ၃၊ ၄၊ ၅ နှစ်ဆိုတော့ လူနာစောင့် လိုတာပေါ့။ လူနာစောင့်နဲ့ သူ့ကလေးနဲ့သွားအိပ်ကြတာမျိုး ဆေးရုံမှာ။

မေး ။ ။ လူနာစောင့်အတွက် အဆင်ပြေဖို့ ဘယ်လိုမျှော်လင့်လဲ။
ဖြေ ။ ။ လူနာစောင့်အိမ်သာ ပြန်ရှိခဲ့မယ်ဆိုရင် အဆင်ပြေမယ် သူတို့ စားဝတ်နေရေးအတွက်လည်း တော်တော်လေးအဆင်ပြေမယ်၊ ပြီးတော့နေရေးထိုင်ရေးအတွက်လည်း အဆင်ပြေမယ်။ အခုအိမ်မရှိတဲ့အခါကြတော့ သူတို့အတွက် လုံခြုံမှုမရှိဘူးလေ။ ဆေးရုံအပြင်နားနေတဲ့နေရာမှာပဲ သူတို့သွားအိပ်နေကြတယ်။ သူ့အတွက်လုံခြုံရေးသိပ်မရှိဘူးလေ။

မေး ။ ။ဆေးရုံလွှဲပြောင်းရတဲ့အခါမှာ ဘယ်ဆေးရုံကို အဓိက သွားရောက်ပြလဲ။
ဖြေ ။ ။ မယ်ဟောင်ဆောင်ဆေးရုံ၊ အများဆုံးကတော့ Khun Yuam နှစ်ခုစလုံးသွားကြပါတယ်။ အရေးပေါ်အတွက်ကျတော့ oxygen ပါမယ်။ ပြီးတော့ emergency Box ပေါ့။ အသက်ကယ်ဆေးတခုခုတော့ ထည့်ထားပေးတယ်။

မေး ။ ။ ဆေးရုံတွေမှာ ဆေးကုသမှုခံယူရတဲ့ ထိုင်း – ကရင်နီ နယ်စပ်က ဒုက္ခသည်တွေကိုယ်စား ဆရာ့အနေနဲ့ ဘာတောင်းဆို ချင်တာရှိလဲ။
ဖြေ ။ ။ တောင်းဆိုချင်တာကတော့ အိမ်တလုံး လိုချင်တယ်။ လူနာအတွက်ပေါ့နော။ လူနာစောင့်အတွက်လည်း အဆင်ပြေမယ်၊ အကယ်၍ လူနာဆေးရုံက ဆင်းရင်လည်း အဲ့မှာပဲပြန်နားမယ်၊ ပြီးရင်လည်း အဆင်ပြေတဲ့ရက် ကားနဲ့ပြန်မယ်။ လူနာအိမ်တလုံးအရေးကြီးပါတယ် တော်တော်လေးလိုအပ်တယ်။

မေး ။ ။ စခန်းက ဆေးခန်းမှာ တရက်၊ တရက် လာပြတဲ့ လူနာဦးရေကော ဘယ်လောက်ရှိလဲ။ ဘာရောဂါ အမျိုးအစားတွေများလဲ။
ဖြေ ။ ။ လူနာဦးရေကတော့ တရက်နဲ့တရက်မတူကြဘူး ပျှမ်းမျှပြောရင်တော့ ၃၀၊ ၄၀။ အကယ်၍ တုတ်ကွေးကျလို့ရှိရင် လူနာ တအားများတယ်။ ၁၀၀ကျော်လောက် တက်တယ် တရက်တရက်ဆိုရင်။ လက္ခဏာက နှာစေး၊ ချောင်းဆိုး ပြီးတော့ ခေါင်းမူး၊ ခေါင်းကိုက်တာရယ်ရှိတယ်။ တချို့က ဗိုက်နာတယ် အဲ့ဒီလိုမျိုး။ အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါက အဖြစ်များတယ် အခုတော့ ပန်းနာရင်ကျပ် တော်တော်လေးများတယ်။

မေး ။ ။ တရက် တရက် ဆေးခန်းလာပြတဲ့လူနာတွေကို ဖြစ်ပွားတဲ့ရောဂါအလိုက် ဆေးဝါး ပေးတဲ့အခါ အကန့်အသတ်နဲ့ ပေးရတာမျိုးကောရှိလား။
ဖြေ ။ ။ အကန့်သတ်ရှိတယ်။ လူနာတယောက်ကို ငါးရက်စာ၊ ငါးရက်စာ၊ ဆယ်ရက် အထိပဲပေးနိုင်တယ်လေ။ ပြီးရင်သူတို့ကိုပေးတဲ့ဆေးက ကျနော်တို့မှာထားတာလေ။ ငါးရက်ပြည့်လို့မှ မသက်သာရင်ပြန်လာ။ နာတာရှည်လူနာကျတော့ တလစာ ပေးရတယ်။ သူ့ရက်ချိန်းနဲ့သူပြန်လာတယ်။

မေး ။ ။ ဒီဆေးခန်းကနေ လူနာတွေကို ဘယ်လိုဆေးဝါးအမျိုးအစားတွေ ဘယ်လောက်အတိုင်းအတာထိပဲ ထောက်ပံ့ပေးနိုင်လဲ။
ဖြေ ။ ။ ဆေးဝါးကကျတော့ ပိုးသတ်ဆေး၊ ပါရာ၊ အမောက်စလင် အဲ့တာတွေပဲသူတို့(IRC) ထောက်ပံ့ပေးတယ်။ ကျန်တဲ့ဟာတွေက ဓာတ်မှန်ရိုက်ဖို့ဟာ ဟိုအရှေ့မှာသွားဖို့က သူတို့ လည်းမလုပ်ပေးနိုင်ပေးဘူး ကျနော်တို့လည်းမလုပ်ပေးနိုင်ဘူး။

မေး ။ ။ ဒီလိုဆေးပေးတဲ့အချိန်မှာကော ဆရာတို့ဆေးခန်းဖက်က အခက်အခဲတွေရှိလား။ ဥပမာ – လူနာလိုအပ်တဲ့ဆေးမရှိတာတို့ ပြတ်လပ်တာမျိုးတွေပေါ့။
ဖြေ ။ ။ လူနာတွေကိုဆေးဝါးပေးဖို့က အခုချိန် အဆင်ပြေပါတယ်၊ IRC နည်းနည်းထောက်ပံ့ပေးတယ်။ ဟိုအရင်တုန်း ၁ လပိုင်း ၂ လပိုင်းမှာ ဆေးဝါးပြတ်တယ်လေ၊ လုံးဝမရှိတော့ဘူးလေ၊ အဲ့ချိန်ကတော်တော်လေးခက်တယ်။ လူနာကြည့်ဖို့လည်းဆေးမရှိဘူး၊ အဲ့တခေါက်ပဲကျနော်တို့ကြုံရတယ်။ ပြီးတော့ ၃ လပိုင်းပြန်စတဲ့အခါကျတော့ နည်းနည်းပြန်အဆင်ပြေလာတယ်။ ဒါပေမဲ့တခုက လူနာအိမ်မရှိတာတခုပဲ တအားခက်တယ်။

မေး ။ ။စခန်းနေ လူထုတွေရဲ့ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေနဲ့ပတ်သက်ပြီး ဆရာတို့ စိုးရိမ်ပူပန်မှုတွေ ရှိလား။ ဘယ်လိုအကြောင်းအရာတွေကြောင့်လဲ။

ဖြေ ။ ။ ကျနော်တို့ စိုးရိမ်ရတာတခုက ၇ လပိုင်းပြီးနောက်ပိုင်းကျတော့ ကျနောတို့လည်း မပြောတတ်တော့ဘူး။ IRC က ၇ လပိုင်းထိပဲ ရှိမယ်လို့ သူပြောထားတယ်လေ။ ဆက်ရှိရင်တော့ကောင်းတာပေါ့ မရှိရင်တော့ ကျနောတို့ကပဲ လူထုကို ဘယ်လိုကုရမလဲ ဆေးဝါးနဲ့ပတ်သက်ပြီးတော့ပေါ့။ အဲ့တခုပေါ့လေနော လူထုအတွက်နည်းနည်း အခက်ခဲရှိတယ်။

နောက်တခုကြတော့ အကယ်၍ IRC မရှိတော့ရင် တခြားအဖွဲ့အစည်းဝင်နိုင်မလား တဖွဲ့ဖွဲ့ပေါ့နော။ ကူညီထောက်ပံ့ရေးအဖွဲ့ပေါ့နော ကျနော်တို့ လိုချင်တယ်လေ။ လုပ်ငန်းခွင်ထဲမှာက နောက်တန်းကောင်းမှ ရှေ့တန်းကောင်းမှာပေါ့။ ပြောရမယ်ဆိုရင် ကျနော်တို့ကရှေ့တန်းပေါ့ ထောက်ပံ့မှုမရှိရင် ဘားမှလုပ်လို့မရဘူးပေါ့နော အဲ့တခု။ အနာဂတ်အတွက် ကျနော်တို့ အရမ်းစိုးရိမ်ရတယ်။

spot_img
spot_img
spot_img

Recent posts