spot_imgspot_imgspot_imgspot_img
Saturday, July 12, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီဒုက္ခသည်အမှတ် (၁) စခန်းမှာ အမျိုးသမီးများအပေါ် စိတ်ပိုင်းဆိုင်အကြမ်းဖက်မှုတွေ ပိုများလာတယ်လို့ KNWO ပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်း-ကရင်နီနယ်စပ်မှာရှိနေတဲ့ ကရင်နီ ဒုက္ခသည် အမှတ် (၁) စခန်းမှာ အမျိုးသမီးတွေအပေါ် စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ပိုများလာတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံးထံကနေ သိရပါတယ်။ လက်ရှိမှာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအဖြစ် အမှု ၈ မှုကို လက်ခံထားရတယ်လို့ KNWO ရဲ့ အမျိုးသမီးနဲ့ ကလေးကာကွယ်စောင့်ရှောက်ရေး စီမံကိန်း တာဝန်ခံ တစ်ဦးက ပြောပါတယ်။

“ဒီတစ်နှစ်ဆိုလို့ရှိရင် ကျမတို့ လက်ခံရရှိတဲ့အမှုဆိုလို့ရှိရင် စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုရင် ၈ မှုလောက်ရှိတယ်။ ပြီးတော့မှ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုရင် ၅ မှုလောက်ရှိ‌တယ်။ စိတ်ပိုင်းဆိုင်ရာ ဆိုလိုရှိရင်တော့ နှုတ်အားဖြင့်စော်ကားတာတို့၊ ပြီးတော့မှ ခြိမ်းခြောက်တာတို့၊ အိမ်ကနေ မောင်းချတာ၊ စိတ်ထိခိုက်အောင် ပြောတဲ့ အပြုအမူ အပြောအဆိုတွေလဲပါတယ်။” လို့ သူက ပြောပါတယ်။

KNWO အနေနဲ့ လက်ခံရှိထားတဲ့ အိမ်တွင်းအကြမ်းဖက်မှု တွေ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စခန်းလုံခြုံရေးကနေတဆင့် တရားရေးကို လွှဲပေးတာရှိသလို ပြစ်မှုကြီးတဲ့ မုဒိမ်းမှုတွေကိုတော့ ထိုင်းတရားရေးရုံးကိုလွှဲအပ်ပြီး UNHCR က အမှုကို ဆက်လက်ဆောင်ရွက်ပေးတာတွေရှိတယ်လို့ သိရပါတယ်။

စိတ်ပိုင်းဆိုင်ရာခံစားနေရတဲ့ အမျိုးသမီးတွေအတွက် လုံခြုံအိမ် ( Safe House ) ထားပေးသလို KNWO အဖွဲ့အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရသူတွေကို စိတ်ဖိစီးမှုလျော့ပါးအောင် စွမ်းရည်မြှင့်တင်ရေး လှုပ်ရှားမှုတွေကို တစ်လတစ်ကြိမ် ပြုလုပ်ပေးပါတယ်။ ဒါ့အပြင် phychosocial Activity လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေတဲ့ လှုပ်ရှားမှု တွေကိုလည်း နေ့တိုင်း လုပ်ပေးနေတယ်လို့ စီမံကိန်းတာဝန်ခံ က ဆက်ပြောပါတယ်။

“သူတို့ အမှုတွေဖြေရှင်းပြီးတော့မှ အိမ်မှာပြန်နေတဲ့အချိန်ဆိုလို့ရှိရင်လဲ ကျမတို့ တစ်ပတ်တစ်ကြိမ် Follow up ပြန်လိုက်ပေးတာတွေရှိတယ်။ ဥပမာ သူ အိမ်မှာပြန်နေတာ သူအတွက် လုံခြုံမှုရှိရဲ့လား အဲ့လိုမျိုးပေါ့နော်။ ဘယ်လိုမျိုး အခြေအနေရှိသေးလဲ သူရဲ့စိတ်ပိုင်း၊ ရုပ်ပိုင်းတွေဆိုလို့ရှိရင် တိုးတက်မှုရှိပြီလား ဆိုပြီးတော့မှ ကျမတို့ ပြန်သွားကြည့်တာတွေရှိတယ်” လို့ သူက ပြောပါတယ်။

စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေက ပိုမိုကြုံတွေ့နေကြရပြီး ၎င်းတို့နေထိုင်တဲ့ အသိုင်းအဝိုင်းတွေကြားမှာ မျက်နှာငယ်ရစေသလို နောက်ဆက်တွဲဆိုးကျိုးတွေအတွက် စိုးရိမ်ရတယ်လို့ အမျိုးသမီးနဲ့ ကလေးကာကွယ်စောင့်ရှောက်ရေး စီမံကိန်း တာဝန်ခံ တစ်ဦးက ပြောပါတယ်။

spot_img

Recent posts