spot_imgspot_imgspot_imgspot_img
Sunday, March 16, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်တွင်း ယာယီနေထိုင်ခွင့်ကတ်ထုတ်ပေးဖို့ ‌ဆောင်ရွက်နေတယ်လို့ IEC ပြော

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်တွင်း ဒေသခံလူထုတွေနဲ့ ပြည်နယ်တွင်း လာရောက် အလုပ်လုပ်ကိုင်သူဖြစ်စေ၊ လည်ပတ်သူဖြစ်စေ ယာယီနေထိုင်ခွင့်ကတ် ထုတ်ပေးဖို့ စီစဥ်ဆောင်ရွက်နေတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ထံကနေ သိရှိရပါတယ်။

ကရင်နီပြည်တွင်းမှာ ဒေသခံလူထုတွေရဲ့ လူမှုစီးပွားဆိုင်ရာအချက်အလက်ကို ကောက်ခံသွားမှာဖြစ်ပြီး ယာယီကတ်ပြားထုတ်ပေးသွားမယ်လို့ IEC ပြည်ထဲရေးဌာန- ဒုဌာနမှူး (၃) ခူးတော်ရယ်(သက်) ကပြောပါတယ်။

“ယာယီကတ်ပြားတစ်ခုထုတ်နိုင်ဖို့ အဲလိုမျိုးရည်ရွယ်ထားတာ။ ယာယီကတ်ပြားဆိုတာက မှတ်ပုံတင်စမတ်ကတ်တော့လုပ်ချင်တယ်။ ဒါပေမဲ့ အဲ့ထိလုပ်ဖို့ ကုန်ကျများတော့ ဘတ်ဂျက်အရ အခက်အခဲဖြစ်တော့ ကျနော်တို့ အနည်းဆုံး ယာယီကတ်ပြားတစ်ခုထုတ်နိုင်ဖို့အတွက် ကျနော်တို့ဆောင်ရွက်နေတယ်” လို့ ခူးတော်ရယ်(သက်) ကပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ကရင်နီပြည်တွင်းက မြို့နယ် ၅ ခုမှာ ဒေသခံတွေရဲ့ လူမှုစီးပွား ဆိုင်ရာအချက်အလက် ကောက်ခံမှုတွေပြုလုပ်ခဲ့ပြီး လာမယ့် မတ်လမှာ ကျန်မြို့နယ်တွေကို ဆက်လက်ကောက်ခံသွားမယ်လို့လည်း ပြောပါတယ်။

အဲဒီနောက်မှာတော့ ကရင်နီပြည်တွင်းမှာနေထိုင်တဲ့ ဒေသခံတွေအပြင် ပြည်နယ်ပြင်ပကနေ ဝင်ရောက်လာသူတွေနဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်တဲ့ ယာယီကတ်ပြားတွေကို ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ အလုပ်ဝင်ရောက်လုပ်ကိုင်လိုတဲ့ ပြည်နယ်ပြင်ပက သူတွေကိုလည်း (work ပါမစ်) အလုပ်လုပ်ပိုင်ခွင့်ကတ်ကို ကိုင်ဆောင်စေဖို့ လုပ်ဆောင်နေတယ်လို့လည်းပြောပါတယ်။

လက်ရှိမှာ‌တော့ ထိုင်း၊ ကရင်၊ နေပြည်တော်ကောင်စီ၊ ရှမ်း ပြည်နယ်တို့လို နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ နေရာတွေမှာ နယ်စပ်စစ်ဆေးရေးဂိတ်တွေကို ဖွင့်လှစ်ထားပေမဲ့ ဝင်ထွက်သွားလာသူရဲ့ အချက်အလက်တွေကို တောင်းယူတာကလွဲပြီး သွားလာခွင့်ပေး၊ မပေး ဆုံးဖြတ်နိုင်ခြင်းမရှိသေးဘူးလို့ ခူးသော်ရယ်သက် ကပြောပါတယ်။

“ဂိတ်ကနယ်စပ်မှာတော့ ထားတော့ထားတယ် ဒါပေမဲ့ အတိကျမစစ်ဆေးနိုင်သေးတာ ကိုယ့်လူဖြစ်တာလား အပြင်ကလူဖြစ်တာလား အဲဒါမသိနိုင်တော့ ကျနော်တို့ သတ်မှတ်စစ်ဆေးရတာ အခက်အခဲကြုံနေရတယ်။ အဲဒါကြောင့် နောက်ကျရင် စစ်ဆေးရလွယ်အောင် ကတ်တစ်ခုခုလုပ်မှဘဲ ကိုယ့်ဟုတ်၏ ၊ မဟုတ်၏ ဆိုတာကို သိနိုင်အောင် အခုကတည်းကပြင်ဆင်နေတဲ့ သဘောပေါ့” လို့ ခူးတော်ရယ်(သက်) ကပြောပါတယ်။

ဒါ့အပြင် နိုင်ငံခြားသားဝင်ထွက်သွားလာမှုကိုလည်း ဝင်ရောက်နေထိုင်ခွင့် အချိန်သတ်မှတ်ကန့်သတ်ပေးနိုင်တဲ့နည်းတွေကိုလည်း IEC ပြည်ထဲရေးဌာန – လူဝင်မှုကြီးကြပ်ရေးဌာနစိပ် ( လဝက )ရုံးက မူကြမ်းရေးဆွဲထားတယ်လို့လည်း ပြောပါတယ်။

spot_img
spot_img
spot_img

Recent posts