ကရင်နီပြည်မှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူ ၂၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီထုတ်ပြန်

0
294

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (ဇွန်လ ၁၇ရက်) စစ်ကောင်စီကနေပြီး တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထုတ်ပြန်ခဲ့ပြီး ကရင်နီပြည်မှာ ဖြေဆိုပြီး အောင်မြင်သူ ၂၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံပညာရေးတစ်ခုဖြစ်တဲ့ ပညာရေးဝန်ကြီးဌာန ရဲ့ website စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

 ကရင်နီပြည်က တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ အနည်းဆုံးပြည်နယ် ဖြစ်ပါတယ်။ ဖားဆောင်း၊ ဘောလခဲ၊ မယ်စဲ့၊ လွိုင်ကော် မြို့နယ် ၄ ခုက ကျောင်းသား စုစုပေါင်း ၅၇၅ ဦး ဖြေဆိုခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

အောင်မြင်သူ ၂၂၂ ဦး ရှိပြီး လွိုင်ကော် ၁၆၅ဦး၊ ဘောလခဲ ၃၈ဦး၊ မယ်စဲ့ ၁၃ဦးနဲ့ ဖားဆောင်း ၆ ဦး တို့ ဖြစ်ကြပါတယ်။ တက္ကသိုလ်ဝင်တန်း ဖြေဆိုဖို့ စာရင်းပေးသွင်းသူ ၇၈၀ဦး ရှိခဲ့ပြီး ၅၇၅ဦး ဖြေဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ကရင်နီပြည်မှာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၉-၂၀ မှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ၈ထောင်နီးပါးရှိခဲ့ပြီး အောင်မြင်သူ ၂ထောင်ကျော် ရှိခဲ့ပါတယ်။

 ၂၀၂၀-၂၁ မှာတော့ ကိုဗစ်နဲ့ အာဏာသိမ်း မှုကြောင့် ကျောင်းမတက်ခဲ့ရပါဘူး။ သို့ပေမယ့် ၂၀၂၁-၂၂ မှာ ကျောင်းသားအနည်းစုကတော့ စစ်ကောင်စီ လက်အောက်က ဖွင့်လှစ်တဲ့ ကျောင်းတွေမှာ တက်ရောက်ပြီး တက္ကသိုလ်ဝင်တန်း ဖြေဆိုတာတွေ ရှိခဲ့ပါတယ်။

 ကရင်နီပြည်အတွင်း လက်ရှိမှာ လူဦးရေ ၂ သိန်းကျော် စစ်ဘေးရှောင်နေကြရပြီး ကျောင်းနေအရွယ်နဲ့ သက်ကြီးရွယ်အို အများဆုံး ဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာတော့ ကရင်နီပြည်တွင်းက စစ်ရှောင်တွေ နေထိုင်တဲ့ နေရာမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ ဖွင့်လှစ်ခဲ့ပြီး စာသင်ကျောင်း ၂၀၀ ဝန်းကျင်နဲ့ ကျောင်းသားပေါင်း ၂ သောင်းကျော်ကို စာသင်ကြားပေးနိုင်ခဲ့လို့ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂ က ပြောထားပါတယ်။

လက်ရှိ ၂၀၂၂ ခုနှစ်မှာလည်း ကြားကာလပညာရေး ဖော်ဆောင်တာတွေ၊ ကိုယ်ထူကိုယ်ထ စာသင်ကြားပေးနေတာတွေ ဆောင်လျက်ရှိနေပါတယ်။