spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်သူတွေရဲ့ ဆန်၊ စပါး လိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့ ကိုယ်တိုင် လယ်စိုက်ပြီး စပါးမျိုးသန့်ထုတ်နေတဲ့ ဒေါက်တာ စောဦးရယ်

Author

Date

Category

မူဖိလစ်စတာ/ကန္တာရဝတီတိုင်း (မ်)

“ကျနော်က ကရင်နီလေ၊ ကျနော်တတ်ထားတဲ့ပညာ၊ ကျနော်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေက ကရင်နီလူမျိုးအတွက်မှမဟုတ်ရင် ဒီဘဝကြီးက အဓိပ္ပာယ်မရှိဘူးလို့ထင်တယ်။” လို့ ဒေါက်တာစောဦးရယ်က ပြောပါတယ်။

မျိုးရောနေတဲ့စပါးခင်းက မျိုးသန့်စပါးခင်း အထွက်နှုန်းရဲ့ စံချိန်ကို ဘယ်တော့မှ ရိုက်မချိုးနိုင်ဘူးလို့ စိုက်ပျိုးရေးပညာရှင် ဒေါက်တာ စောဦးရယ်က ပြောပါတယ်။

ဗီဒိုတစ်လုံးထဲ အဝတ်တွေကိုလုံးပြီး ပစ်ထည့်လိုက်တာထက် သပ်သပ်ရပ်ရပ် ခေါက်ထည့်တာက ပိုဝင်ဆန့်သလို လယ်တစ်ကွက်မှာ မျိုးရောနေတဲ့ စပါးကိုစိုက်ထားတာထက် မျိုးသန့်စပါး (တစ်မျိုးထဲသီးသန့်ရှိတဲ့ စပါး) ကိုစိုက်တာက အထွက်ပိုတိုးစေတာပါ။

တောင်သူတွေကလည်း ဒီသဘောတရားကို အာဏာမသိမ်းခင်ကာလများ (၂၀၁၀-၂၀၂၀) အတွင်းမှာ သိခဲ့ကြပေမဲ့ တစ်နှစ်စာတစ်နှစ် ဝမ်းရေးဖူလုံဖို့အတွက် ရုန်းကန်ကြရတဲ့အခါ အထွက်တိုးရေးအတွက် စပါးမျိုးသန့်ကို တသီးတသန့် စိုက်ပျိုးဖို့ အချိန် မပေးနိုင်ကြပါဘူး။

အထူးသဖြင့် စစ်ပွဲကာလမှာ စိုက်ပျိုးလို့ မရတာကြောင့်ဖြစ်စေ၊ မျိုးမသန့်တာကြောင့်ဖြစ်စေ၊ ဓာတ်မြေသြဇာ မကျွေးနိုင်တော့တာကြောင့် ဖြစ်စေ၊ ကရင်နီပြည်တွင်း ဆန်၊စပါး အထွက်နှုန်း လျော့ကျ လာပါတယ်။

၂၀၂၄ ခုနှစ်မှာ ဂျပန်နိုင်ငံကပေးတဲ့ စိုက်ပျိုးရေး ပါရဂူဘွဲ့ (Ph.D.) ရ ဒေါက်တာစောဦးရယ်က ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ သေးငယ်တဲ့ ခြေလှမ်းတစ်ခုကနေ စတင်နေပါပြီ။

ဒေါက်တာစောဦးရယ်က ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ ဇာတိဖြစ်ပြီး အသက် ၄၀ နှစ် (ဝန်းကျင်) ရှိသူပါ။ စပါးမျိုးသန့်ထုတ်ဖို့ ၂၀၂၄ ခုနှစ် ကုန်ပိုင်းကာလကတည်းက ကရင်နီနယ်စပ်ဒေသ တစ်နေရာမှာ ကိုယ်တိုင်ကိုယ်ကျ စပါးစတင် စိုက်ပျိုးနေခဲ့တာ ဖြစ်ပါတယ်။

“တောင်သူတွေ လက်ထဲရောက်တဲ့အထိ စနစ်တကျထုတ်ရမယ်။ တောင်သူတွေကနေ တစ်ဆင့် စားသုံးသူတွေ လက်ထဲကိုလည်း အရည်အသွေးကောင်းတဲ့ စပါးမျိုး သို့မဟုတ် ဆန် ပြန်ရောက်ရမယ်။ အဓိက ကတော့ စားနပ်ရိက္ခာ ဖူလုံဖို့အတွက်ပါပဲ။ အငတ်ဘေးမဆိုက်ဖို့၊ သူများကျွေးမှစားရမယ့် ဘဝမရောက်ဖို့။” လို့ ဒေါက်တာ စောဦးရယ်က ပြောပါတယ်။

တတိယအဆင့် ​ရောက်​နေပြီဖြစ်တဲ့ ​ဒေါက်တာစောဦးရယ်ရဲ့ မျိုးသန့်စပါး​ခင်းကို​​တွေ့ရစဥ်

“အငတ်ဘေးမဆိုက်ဖို့၊ သူများကျွေးမှစားရမယ့် ဘဝမရောက်ဖို့။” လို့ ဒေါက်တာ စောဦးရယ်က ပြောပါတယ်။

ဒေါက်တာ စောဦးရယ်ရဲ့ မျိုးသန့်စိုက်ခင်းထဲမှာ ကရင်နီဒေသအတွင်း ကောင်းစွာဖြစ်ထွန်းတဲ့ တရုတ်မွေး၊ ရွှေအပ်၊ 5O2၊ ယာကိုး(ယာ-၉, တောင်ယာစပါး) စတဲ့ စပါး လေးမျိုးကို စုစုပေါင်းစိုက်ဧက, တစ်ဧက ကျော် စိုက်ပျိုးထားပါတယ်။

စပါးမျိုးသန့်အဖြစ် စိုက်ပျိုးဖို့က အဆင့်လေးဆင့် လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် တောင်သူတွေဆီ မျိုးသန့်ထုတ်လုပ် ဖြန့်ဝေနိုင်တဲ့အထိ တစ်ဆင့်ကို တစ်နှစ်နှုန်းနဲ့ စိုက်ပျိုးမယ်ဆိုရင်လျှင် လေးနှစ်ခန့် အချိန်ကြာပါတယ်။

“မျိုးသန့်အဆင့် ၁၊ ၂၊ ၃၊ ၄ ဘဲဆိုကြပါစို့။

ပထမအဆင့် ၁- အစေ့တစေ့မှ -အနှံ (တစ်တန်း)- မျိုးစေ့သန့်စင်မှု ၉၈ %
ဒုတိယအဆင့် ၂- တစ်တန်းမှ – တကွက် (၄၃.၅၁၀ စတုရန်းပေခန့်)- မျိုးစေ့သန့်စင်မှု ၉၈ %
တတိယအဆင့် ၃- တကွက်မှ -တစ်ဧက (၄၃၅၆၀ စတုရန်းပေ)- မျိုးစေ့သန့်စင်မှု ၉၈ %
စတုထ္ထအဆင့် ၄- တစ်ဧက မှ -၁၀ ဧက – မျိုးစေ့သန့်စင်မှု ၉၇ % စသည်ဖြင့် ရအောင်ပေါ့။” လို့ ဒေါက်တာ စောဦးရယ်က ရှင်းပြပါတယ်။

ခေတ်ကာလအခြေအနေအရ မျိုးသန့်စပါး အမြန်လိုအပ်တဲ့အတွက် အဆိုပါ မျိုးသန့် အဆင့် ၄ ဆင့်ကို ၄နှစ် မစောင့်ဘဲ ၂နှစ်အတွင်း ရအောင် ဒေါက်တာစောဦးရယ်က လုပ်ဆောင်နေပါတယ်။

မျိုးသန့်အဆင့် ၁ ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ အစောပိုင်းကတည်းက ပန်းအိုးကလေးတွေကို အသုံးပြုပြီး စတင်စိုက်ပျိုးခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူရဲ့ အဆင့် ၁ ထုတ်လုပ်မှုကို ရိတ်သိမ်းထားပြီဖြစ်ပြီး အဆင့် ၂ စတင်ဖို့ ပြင်ဆင်နေတာပါ။

ဒါ့ကြောင့် မျိုးသန့်အဆင့်-၄ ကို ၂၀၂၇ မိုးရာသီ (ခန့်မှန်း ၂၀၂၈ နွေရာသီ) ပြီးမှသာ ၉၇ ရာခိုင်နှုန်း သန့်စင်တဲ့ မျိုးသန့်စပါးတွေကို တောင်သူလက်ထဲ ဖြန့်ဖြူးပေးနိုင်မှာပါ။

အဆိုပါ ၉၇% သန့်စင်တဲ့ မျိုးသန့် စပါးတွေကို ရည်မှန်းထားတဲ့ အချိန်အတွင်း ရရှိနိုင်ဖို့ကလည်း အခက်အခဲတွေ ရှိနေတာပါ။ လူမှုပတ်ဝန်းကျင်အနေအထား၊ လူစွမ်းအားအရင်းအမြစ်၊ သက်ဆိုင်ရာအသင်းအဖွဲ့တွေရဲ့ ပူးပေါင်းပါဝင်မှု နဲ့ ရင်းနှီးမတည်မှု စတာတွေလိုအပ်တာပါ။ ဒီအခက်အခဲတွေထဲက တခုခုကို မကျော်ဖြတ်နိုင်ခဲ့ရင်တော့ ရည်မှန်းထားတဲ့ အချိန်ကာလထက် ပိုပြီး နှောင့်နှေးကြန့်ကြာနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ ခေတ်ကာလအခြေအနေအရ မျိုးသန့်စပါး အမြန်လိုအပ်တဲ့အတွက် စပါးမျိုးသန့် ထုတ်လုပ်တဲ့အဆင့်တွေကို ကျော်ပြီး ၁ နှစ်အတွင်း မျိုးသန့်ရာခိုင်နှုန်း ၇၀ ကနေ ၈၀ အကြားရှိတဲ့ မျိုးစေ့တွေကို လည်း ထုတ်လုပ်နေတာရှိပါတယ်။ ဒီလိုထုတ်လုပ်နိုင်ဖို့အတွက် တောင်သူတွေဆီကမျိုးစေ့ကို ယူပြီး ၂၀၂၅ ဇန်နဝါရီလမှာ စတင်လုပ်ဆောင်ခဲ့တာပါ။

တောင်သူဆီက ရလာတဲ့မျိုးစေ့တွေကို ပထမဆုံး အစေ့အဆင့်မှာတင် တူညီတဲ့ မျိုးစေ့၊ အရွယ်အစား၊ အရောင်၊ ဝိသေသလက္ခဏာရှိတဲ့ မျိုးစေ့ကိုသာ ရွေးချယ်ပြီး ပျိုးထောင်ရပါမယ်။ ရလာတဲ့ပျိုးပင်ကို အမှန်တကယ် မူရင်းမျိုး ဟုတ်/မဟုတ် ရွေးချယ်ပြီးမှသာ တစ်ပင်ချင်းစိုက်ပြီး ပင်ပွားအဆင့်၊ ပန်းပွင့်တဲ့အဆင့်၊ အနှံရင့်မှည့်တဲ့ အဆင့်အထိ မူရင်းစပါးမျိုးကို ပြန်လည်ရရှိအောင် သန့်စင်ပေးတာပါ။ ရိတ်သိမ်းတဲ့အခါမှာလည်း အပင်လိုက် မပျက်မစီးအောင် လက်နဲ့သာ ရိတ်သိမ်းရပါမယ်။

ရိတ်သိမ်းထားတဲ့ စပါးမျိုးစေ့တွေကို နောက်ထပ် တစ်ရာသီမှာ ပြန်ပွားစိုက်ပြီးနောက်မှာတော့ မျိုးစေ့သန့်စင်မှု (၇၀-၈၀ % ) အရည်အသွေး ရှိတဲ့ စပါးမျိုးသန့်တွေကို ရလာမှာဖြစ်ပါတယ်။

“မျိုးသန့်ဆိုတာက ရွှေရင်အေးဆိုလို့ရှိရင် ရွှေရင်အေးမျိုးစေ့တွေ အကုန်လုံးဖြစ်နေရမယ်။ သူ့ရဲ့ပုံစံက အစ သူ့ရဲ့စားသုံးတဲ့ အရည်အသွေးကအစ ရွှေရင်အေးဆိုတဲ့ အရည်အသွေးကို မှီနေရမယ်။” လို့ ဒေါက်တာ စောဦးရယ်က ပြောပါတယ်။

စစ်အာဏာမသိမ်းခင်တုန်းကထိ ကရင်နီပြည်မှာလည်း အစိုးရဌာနက စပါးမျိုးသန့် ဖြန့်ဝေ ရောင်းချ ပေးခဲ့ပါတယ်။ ကရင်နီရဲ့ ဆန်အထွက်ဆုံးဒေသဖြစ်တဲ့ လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ် တို့မှာလည်း အစိုးရက စံပြစိုက်ခင်းတွေထားပြီး စပါးအထွက်နှုန်းအတွက် ကြိုးပမ်းဆောင်ရွက် ပေးလေ့ရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။ စပါးမျိုးသန့်ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို အစိုးရကသာ နှစ်ရှည်ရင်းနှီးမြုပ်နှံမှု နဲ့ လုပ်ဆောင်ပေးနိုင်တာကြောင့်ပါ။

စစ်အာဏာသိမ်းပြီးနောက် ဒီးမော့ဆိုမြို့နယ်မှာ အိုးအိမ်စွန့်ခွာသူတွေ အများဆုံးရှိနေပြီး ၎င်းတို့ထဲက ၈၀ ရာခိုင်နှုန်းက တောင်သူလယ်သမားတွေ ဖြစ်ကြပါတယ်။

ဒါ့‌ကြောင့်လည်း ပြည်နယ်အတွင်း စပါးစိုက်ပျိုးထုတ်လုပ်နိုင်မှု ကျဆင်းသွားပြီး တောင်သူတွေက အလှူရှင်တွေပေးတဲ့ ဆန်ကို အားထားနေကြရတာပါ။

ပြည်နယ်တွင်း ဆန်၊စပါး လိုအပ်ချက်မြင့်မားလာတာကြောင့် မျိုးသန့်စပါးကို ၁နှစ်အတွင်း တကြိမ် နဲ့ နှစ်,နှစ်အတွင်း တကြိမ် တောင်သူတွေ လက်ထဲကို အရောက်ပို့နိုင်ဖို့ သူလုပ်ဆောင်နေပါတယ်။

“၂၀၂၅ နွေရာသီမှာ စစိုက်တယ်။ ပြီးတော့ ၂၀၂၅ မိုးတွင်းကို ထပ်ပြီးတော့ ပွားနိုင်မယ်ဆိုလို့ရှိရင် ၂၀၂၆ နွေရာသီကျလို့ရှိရင်တော့ ၇၀-၈၀ % သန့်တဲ့စပါးမျိုးစေ့ကို တောင်သူလက်ထဲကို ပို့နိုင်မယ်လို့တော့ မျှော်မှန်းထားတယ်။ သို့သော် ၉၈% သန့်တဲ့ မျိုးစေ့တွေကိုတော့ ၂၀၂၈ နွေရာသီမှသာ ဖြန့်ဝေနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ တချို့သော အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ နားလည်ပြီး ခွင့်ပြုနိုင်ဖို့အချက်လည်း အများကြီးလိုအပ်ပါတယ်” လို့ ဒေါက်တာစောဦးရယ်က ပြောပါတယ်။

ဒေါက်တာ စောဦးရယ်ဟာ အစိုးရဌာနမှာ ၁၂ ကျော်ကြာ စပါးနဲ့ပတ်သက်တဲ့ လုပ်ငန်းကို လုပ်ကိုင်လာခဲ့သူပါ။ စိုက်ပျိုးရေး ဒေါက်တာဘွဲ့ရပြီးနောက်မှာတော့ မျိုးသန့်ထုတ်ဖို့ ကိုယ်တိုင်လယ်ထဲဆင်းပြီး လုပ်ရပေမယ့် ရွေးချယ်ထားတဲ့လမ်းမို့ ပင်ပန်းတာကို ညည်းတွားဖို့ အချိန်တောင်မရှိဘူးလို့ ဒေါက်တာ စောဦးရယ်က ပြောပါတယ်။

သူစိုက်ထားတဲ့ မျိုးသန့်စပါးခင်းထဲမှာ တွေ့ရတဲ့ ဒေါက်တာစောဦးရယ်⁩နှင့် သူ့ရဲ့ မိတ်ဆွေတစ်ဦး

“ထယ်ထိုးတာကအစ ၊ မျိုးစေ့ရွေးတာကအစ၊ လိုအပ်လို့ မြေသြဇာကျဲတာ၊ ဆေးဖြန်းတာကအစ လိုအပ်ရင် ကိုယ့်ဟာကို ထလုပ်ရတယ်။ ပင်တော့ပင်ပန်းတယ်။ ဒါပေမဲ့ စိတ်ကျေနပ်မှုရှိတယ်၊ တနေ့ကြရင် ကျွန်တော့်ရဲ့မြေးမြစ်တွေကို အိပ်ရာဝင်ပုံပြင်အနေနဲ့ ပြန်ပြောပြချင်တယ်။” လို့ “ရယ်လျှက်” ပြောပြပါတယ်။

လက်ရှိ ဒေါက်တာ စောဦးရယ် စိုက်ပျိုးနေတဲ့ မျိုးသန့်စပါးခင်းမှာ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွက် စမ်းသပ်ပေးနေတဲ့ စိုက်ခင်းပါဝင်ပါတယ်။

မျိုးသန့်ထုတ်ဖို့အတွက် လိုအပ်တဲ့ အကြံဉာဏ်နည်းပညာ နဲ့ ကိုအကူအညီကို ဂျပန်က အသိမိတ်ဆွေတွေဆီမှာယူ၊ လုပ်အားအတွက် သူကိုယ်တိုင် လယ်ထဲဆင်း သလို အလုပ်သမားလည်းငှား၊ ဘတ်ဂျတ်လည်း အခက်အခဲဖြစ်နေတဲ့ကြားက မျိုးသန့်စပါးကို ထုတ်ဖို့ စိတ်အားထက်သန်နေသူပါ။

ဒါပေမဲ့လည်း ဒေါက်တာစောဦးရယ်က အားကြိုးမာန်တက်နဲ့ ကြိုးစားထုတ်နေတဲ့ မျိုးသန့်စပါးကို ကရင်နီပြည်တွင်းမှာ ပြန်လည်ဖြန့်ဖြူးနိုင်ဖို့ အတွက်ကတော့ အစိုးရတွေရဲ့ ခွင့်ပြုချက်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိရင်တော့ အောင်မြင်နိုင်ချေနည်းတယ်လို့ ပြောပါတယ်။

ယခင်အစိုးရလက်ထက်ကလိုပဲ မျိုးသန့်စပါးကို ကရင်နီပြည်တွင်းတင်မက ရှမ်းတောင်အထိ ဖြန့်ဖြူးရောင်းချနိုင်ဖို့ အထိ ရည်ရွယ်တာဖြစ်ပြီး လက်ရှိသူလျှောက်နေတဲ့ လမ်းကလည်း ကရင်နီလူထုအတွက်သာဖြစ်တယ်လို့လည်း ‌ဒေါက်တာ စောဦးရယ်ကပြောပါတယ်။

“ကျနော်က ကရင်နီလေ၊ ကျနော်တတ်ထားတဲ့ပညာ၊ ကျနော်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေက ကရင်နီလူမျိုးအတွက်မှမဟုတ်ရင် ဒီဘဝကြီးက အဓိပ္ပာယ်မရှိဘူးလို့ထင်တယ်။” လို့ ဒေါက်တာစောဦးရယ်က ပြောပါတယ်။

ဒေါက်တာစောဦးရယ်ကတော့ ရိက္ခာအတွက် အခက်အခဲဖြစ်နေတဲ့ ကရင်နီပြည်သူတွေကို သူထုတ်လုပ်လိုက်တဲ့ စပါးမျိုးသန့်ကိုစိုက်ပျိုးလိုက်ခြင်းအားဖြင့် စားနပ်ရိက္ခာဖူလုံနိုင်ဖို့၊ အငတ်ဘေးက ကျော်လွှားလွှတ်မြောက်နိုင်ဖို့ကို မျှော်လင့်နေတာပါ။

ဒါကြောင့်လည်း အထွက်တိုးတဲ့ စပါးခင်းရဖို့ တစ်ပြည်နယ်လုံးကို စပါးမျိုးသန့် ဖြန့်ဝေပေးနိုင်ရေးအတွက် စေတနာမှန်တဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်လိုတယ်လို့ ဒေါက်တာစောဦးရယ်က ပြောပါတယ်။

သူစိုက်ထားတဲ့ စပါးကို မျိုးသန့်အဖြစ် ထုတ်မဲ့ ဒေါက်တာစောဦးရယ်
spot_img
spot_img

Recent posts