spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်အပါအဝင် ဒေသလေးခုက သာမန်ပြည်သူတွေအတွက် “ပြည်သူ့အတွက် ပြည်သူ” အစီအစဥ်ကို Triple-T အဖွဲ့ ပြုလုပ်ပေးနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီဒေသအပါအဝင် ရက္ခိုင်၊ စစ်ကိုင်း နဲ့ မကွေး ဒေသက သာမန်ပြည်သူတွေအတွက် ရည်ရွယ်ပြီး “ပြည်သူ့အတွက် ပြည်သူ” ဆိုတဲ့ အစီအစဥ်ကို ပြုလုပ်ပေးနေတယ်လို့ Triple-T အဖွဲ့ဆီကနေ သိရပါတယ်။

အဆိုပါအစီစဥ်ဟာ စစ်ကောင်စီအပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ကျူးလွန်ခြင်းကို ခံနေရတဲ့ သာမန်ပြည်သူတွေအတွက် အဓိကရည်ရွယ်ပြီး ဆောင်ရွက်ပေးတာလို့ ဆိုပါတယ်။

အခုလိုအစီစဥ်ပြုလုပ်လိုက်တာဟာ လက်ရှိ မြန်မာနိုင်ငံအတွင်းက ပြည်သူတွေဟာ စစ်ဘေးအပြင် သဘာဝဘေးပါ ရင်ဆိုင်နေရတဲ့အခြေအနေမှာ ပြည်သူအချင်းချင်း ကူညီနိုင်ဖို့အတွက် ရည်ရွယ်ပြီး အစီစဥ်ကိုဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ Triple-T အဖွဲ့တည်ထောင်သူ Victor က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“လက်ရှိအနေအထားမှာက ဘယ်သူက အစိုးရမှန်း မသိတော့ အရမ်းရှုပ်ထွေးတဲ့ ကာလ ဖြစ်တယ်။ ဆိုတော့ ဒီလိုအနေအထားမှာ ငါတို့ ပြည်သူကနေ ပြည်သူတွေကို ကူရမယ် ပြည်သူအချင်းချင်း စည်းလုံးရမယ်။ ပြည်သူအချင်းချင်း ဝန်းရံကြရမယ်ဆိုတဲ့ အခြေခံစဥ်းစားချက်အပေါ် မူတည်ပြီးမှ ဒီပြည်သူ့အတွက် ပြည်သူ ဆိုတဲ့ အစီစဥ်ကို ကျနော်တို့ စတင်ဆောင်ရွက်တာဖြစ်တယ်။” လို့ Triple-T အဖွဲ့တည်ထောင်သူ Victor က ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ၊ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်ခံခြင်း ခံရတာ၊ အတင်းအကြပ် ဖမ်းဆီး/ထောင်ချခံရခြင်း ခံနေရတာ၊ လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခံရတာ၊ မြေမြှုပ်မိုင်းအပါအဝင် စစ်လက်နက်တစ်ခုခုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသွားပြီး အရေးပေါ် အကူအညီ လိုအပ်တာ စတဲ့ ပြစ်မှုတွေ ကျူးလွန်ခံရတဲ့ သာမန်ပြည်သူတွေအနေနဲ့ ချိတ်ဆက်တိုင်ကြားပြီး အကူအညီတောင်းခံလာနိုင်တယ်လို့ ဆိုပါတယ်။

အစီစဥ်ကို ဦးဆောင် ပြုလုပ်ပေးတဲ့ Triple-T အဖွဲ့ဟာ လက်ရှိမှာတော့ လူမှုကာကွယ်ရေး၊ အရေးပေါ်လူသားချင်းစာနာထောက်ထားရေး နဲ့ အမျိုးသမီးငယ်တွေကို ကူညီဆောင်ရွက်ရေး စတာတွေကို အဓိကဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လက်ရှိပြုလုပ်တဲ့အစီစဥ်မှာလည်း ချိတ်ဆက်တိုင်ကြားလိုတဲ့ သာမန်ပြည်သူအနေနဲ့ ပြစ်မှုကျူးလွန်ခံရတဲ့ ကာယကံရှင်ဖြစ်စေ မိသားစုဝင်တွေဖြစ်စေ ကိုယ်တိုင်ပါဝင်ချိတ်ဆက်နိုင်သလို ချိတ်ဆက် ဆောင်ရွက်ဖို့ အခက်ခဲရှိတဲ့ ပြည်သူတွေအတွက်ကိုလည်း ကူညီပေးနိုင်မယ့် တစ်ဦးဦးကနေ ချိတ်ဆက်ဆောင်ရွက်ပေးလာဖို့ကိုလည်း Triple-T အဖွဲ့က အသိပေးထားပါတယ်။

“ပြည်သူ့အတွက် ပြည်သူ” အစီအစဥ်ဟာ သာမန်ပြည်သူတွေကိုသာ ကူညီပေးတဲ့ အစီအစဉ် ဖြစ်တာကြောင့် လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုခုမှာ ဖြစ်စေ၊ နိုင်ငံရေး အဖွဲ့အစည်းတစ်ခုခုမှာဖြစ်စေ တာဝန် ထမ်းဆောင် နေတဲ့သူတွေ၊ ထမ်းဆောင်ခဲ့သူတွေဟာ လက်ရှိအစီအစဉ်မှာ အကျုံးမဝင်ကြောင်း ကိုလည်း Triple-T အဖွဲ့ တည်ထောင်သူက ဖြည့်စွက်ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံအတွင်းက ဒေသအများစုအတွက် ကူညီဆောင်ရွက်ပေးဖို့ လိုအပ်နေပေမဲ့ အခုလက်ရှိမှာတော့ ဒေသတွေရွေးချယ်ပြီး ဆောင်ရွက်သွားမှာဖြစ်သလို ရှေ့ဆက်မှာလဲ အခြားဒေသတွေကိုပါ လွှမ်းခြုံကူညီဆောင်ရွက်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ပြည်သူတွေအပါအဝင် အလှူရှင်အဖွဲ့တွေကိုပါ ဖိတ်ခေါ်ကြောင်းကိုလည်း Triple-T အဖွဲ့ တည်ထောင်သူက ပြောဆိုထားပါတယ်။

ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ချိတ်ဆက်အကူအညီတောင်းခံလိုသူတွေအနေနဲ့ ဖုန်းနံပတ် +66621743895 ကို ချိတ်ဆက်နိုင်သလို Triple•T ရဲ Facebook page Messenger ကနေလည်း ချိတ်ဆက်နိုင်ပါတယ်။

ဓါတ်ပုံ – Triple-T

spot_img
spot_img

Recent posts