ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံက ဒေသတချို့တွေမှာ ဒီကနေ့ မေလ ၁၂ ရက်ကနေ ၁၈ ရက်နေ့အထိ တစ်ပတ်အတွင်း မိုးထစ်ချုန်းရွာနိုင်ပြီး နောက်ဆက်တွဲ ရေလွှမ်းမိုးခြင်းနဲ့ မြေပြိုခြင်းအန္တရာယ်တွေကို သတိထားသင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီကနေ့ မေလ ၁၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
ရက်သတ္တပတ်အတွင်း မိုးထစ်ချုန်းရွာနိုင်မယ့် ဒေသတွေကတော့ ကရင်နီပြည်အပါအဝင် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ၊ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ် ဖြစ်ပါတယ်။
အဲ့ဒီထဲက ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတွေမှာ မိုးကြီးနိုင်တယ်လို့ ဆိုထားပါတယ်။
မိုးရာသီကာလရောက်ရှိလာပြီဖြစ်တာကြောင့် မိုးရာသီမှာ ကြုံတွေ့နိုင်တဲ့အရာတွေကို မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က သူ့ရဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ယက်စာမျက်နှာမှာ မေလ ၁၁ ရက်နေ့ နေ့စွဲနဲ့ အခုလို ဖော်ပြထားပါတယ်။

“မိုးရာသီမှာတော့ “စိုစွတ်စိုက်ဆင်းလေပြင်း-Wet Downburst”ဆိုတာ ဖြစ်တတ်ပြီး ပြိုဆင်းလာတဲ့မိုးရေစက်များနဲ့အတူ ပြင်းထန်တဲ့ လေတွေတိုက်လာတာဖြစ်ပါတယ်။ Wet Downburst ကတော့ မိုးရေစက်များစုပေါင်းဖွဲ့စည်းထားတဲ့ ထုထည်ပါနေတဲ့အတွက် ပိုပြီးပြင်းထန်တဲ့ ပျက်စီးမှုတွေ ဖြစ်နိုင်ပါတယ်။ ခြောက်သွေ့နဲ့ စိုစွတ်စိုက်ဆင်းလေပြင်း ၂ မျိုးအပြင် မိုးတွေခြိမ်းပြီးထစ်ချုန်းမိုးရွာသွန်းတာကြောင့် Thunderstorm Downburst ဆိုတာကိုလဲ တွေ့ရတတ်ပါတယ်။” လို့ ဦးဝင်းနိုင်ရဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ယက်စာမျက်နှာမှာ အခုလိုပြောဆိုထားပါတယ်။
မိုးရွာသွန်းမယ့် ရက်သတ္တပတ်အတွင်း အခြေအနေမှာလည်း မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ မုတ်သုံဝင်ရောက်လာခြင်းနဲ့ အတူ လေပြင်းတိုက်ခတ်တာ၊ မိုးတိမ်တောင်ကြီးတွေဖြစ်ပေါ်တတ်တာ၊ နေရာကွက်ပြီး မိုးကြီးတာ၊ မိုးသီးတွေ ကြွေကျတာ၊ လျှပ်စီးလက်တာ ၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်းနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ဂရုစိုက် သတိပြုကြဖို့ကိုလည်း NUG က တိုက်တွန်းပြောဆိုထားပါတယ်။