ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းက ဒေသအချို့မှာ ရက်သတ္တပတ်အတွင်း မိုးကြီးနိုင်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့စွဲနဲ့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သူ့ရဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မိုးကြီးတဲ့ ဒေသတွေမှာတော့ ကရင်နီပြည်အပါအဝင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ နောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ နေပြည်တော်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်းနဲ့ အနောက်ခြမ်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း စတဲ့ ဒေသတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ရက်သတ္တပတ်အတွင်း မိုးအခြေအနေအားဖြင့် မိုးရေချိန်အမြင့်ဆုံးရှိတဲ့ ရခိုင်ပြည်နယ်မှာတော့ ၁၄.၁၇ လက်မထိ ရှိပြီး ကရင်နီပြည်မှာ ၅.၆ လက်မထိ ရှိကာ စစ်ကိုင်းတိုင်းအထက်ပိုင်း ၁၁.၈ လက်မ၊ ပဲခူးတိုင်းအရှေ့ခြမ်း ၉.၈၄ လက်မ၊ ချင်းပြည်နယ် ၇.၈ လက်မ၊ မန္တလေးတိုင်း ၂.၉၅ လက်မ၊ မကွေးတိုင်း ၄.၁၇ လက်မ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ၆.၅ လက်မ၊ ရှမ်းပြည်နယ်တောင်ပိုင်း ၆.၈ လက်မ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ၄.၈ လက်မ၊ နေပြည်တော် ၆.၈ လက်မ၊ ကယားပြည်နယ် ၅.၆ လက်မ၊ ပဲခူးတိုင်းအနောက်ခြမ်း ၃.၆၂ လက်မ၊ ဧရာဝတီတိုင်း ၅.၂ လက်မ၊ ရန်ကုန်တိုင်း ၅.၇ လက်မ၊ မွန်ပြည်နယ် ၇.၀ လက်မ၊ ကရင်ပြည်နယ် ၇.၉၅ လက်မ၊ တနင်္သာရီတိုင်း ၅.၁၁ လက်မ စတဲ့ မိုးရေချိန်အတိုင်းအတာထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။
ကရင်နီပြည်မှာ ဖော်ပြထားတဲ့ မိုးရေချိန်အတိုင်းအတာ ၅.၆ လက်မဟာ မိုးများတဲ့အနေအထားမှာ ရှိပြီး မြေပြိုတာ၊ ရေကြီးတာ စတဲ့ သဘာဝဘေးအန္တာရာယ်တွေကိုလည်း သတိထားဖို့လိုအပ်ကြောင်းသိရပါတယ်။
ဒါ့အပြင် လာမယ့် ဇူလိုင်လ ၆ ရက်နေ့အထိမှာတော့ ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းက ဒေသအချို့မှာ မိုးထစ်ချုန်းရွာနိုင်ပြီး သဘာဝဘေးအန္တာရာယ်တွေကို သတိထားဖို့လိုအပ်ကြောင်းကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အသိပေးထုတ်ပြန်ထားတာရှိပါတယ်။