ကန္တာရဝတီတိုင်း(မ်)
အာဏာသိမ်းကာလ (၃)နှစ်ကျော်အတွင်း ကရင်နီပြည်မှာ ခွဲစိတ်၊ ကုသနိုင်တဲ့ ဆေးရုံပေါင်း (၁၀) ခုကျော်ကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပေမယ့် ကြီးမားတဲ့ ခွဲစိတ်မှုတွေနဲ့ တချို့သော ရောဂါတွေအတွက် ကိုင်တွယ်နိုင်ဖို့ ကျွမ်းကျင်တဲ့ပညာရှင်တွေ၊ ဆေးဝါးကိရိယာတွေ အစုံအလင် မရှိသေးတာကြောင့် အခြေအနေအတိုင်းအတာတစ်ခုထိတော့ အိမ်နီးချင်းနိုင်ငံကို မှီခိုနေရဦးမယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ ဌာနမှူးကြီး ခွန်းဖိလစ် က ပြောပါတယ်။
“အခုလောလောဆယ်မှာကတော့ အခြေအနေတစ်ခုလောက်ထိတော့ ထိုင်းကို ကျနော်တို့ အားကိုးရဦးမယ်။ ကျနော်တို့မှာ facilities ( အဆောက်အဦးဆိုင်ရာဝန်ဆောင်မှု)တွေ၊ ပညာရှင်တွေ အပြည့်အစုံနဲ့ ၊လိုအပ်တဲ့ ပစ္စည်းတွေ အပြည့်အစုံရနိုင်တဲ့ တစ်နေ့ကျရင် ကျနော်တို့ ကိုယ့်ကို အထဲမှာပဲ လုပ်သွားဖို့ အစီအစဉ်တော့ ရှိတယ်။” လို့ ခွန်းဖိလစ်က ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ်နဲ့ အမျှတိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်မှာ ထိခိုက်ဒဏ်ရာရပြီး ခွဲစိတ်မှုကြီးတွေလုပ်ဖို့ လိုအပ်တဲ့ လူနာတွေကို ထိုင်းနိုင်ငံကိုသာပို့ဆောင်ပြီး ကုသမှု ခံယူနေကြရတာ ဖြစ်ပါတယ်။ အခုအချိန်ထိတော့ ဖြတ်သန်းသွားလာဖို့ အာဏာပိုင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရာမှာတော့ အခက်အခဲတွေ မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။
“အခု သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေနဲ့ ချိတ်ဆက်ပြီး လုပ်ရတော့ အခက်အခဲတွေတော့ မရှိသလောက်ပါပဲ။ အထူးသဖြင့် လူနာပို့တဲ့နေရာတွေပေါ့။ ဒါပေမယ့် သက်ဆိုင်ရာ အကြောင်းကြားရတာမျိုး သက်ဆိုင်ရာ လက်မှတ်လုပ်ရတာမျိုး တောမော လက်မှတ်တွေ လုပ်ရတယ်။ လူနာတွေ ပို့တဲ့နေရာမှာ။ စသဖြင့် လုပ်ထုံးလုပ်နည်းတော့ ရှိတယ်။ အခုလက်ရှိထိတော့ အခက်အခဲတော့ မရှိသေးဘူး။ အဆင်ပြေတယ်။” လို့ ခွန်းဖိလစ်က ပြောပါတယ်။
ကရင်နီပြည်တွင်းမှာ စစ်ကောင်စီရဲ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရပြီး ထိုင်းနိုင်ငံမှာ တစ်နှစ်ကျော်ကြာ ဆေးကုသမှု ခံယူနေတဲ့ လူနာစောင့် မိသားစု ဝင် အသက် (၂၀) ကျော် အမျိုးသမီး တစ်ဦးကတော့ အလှူရှင်တွေ မရှာတွေ့ရင် ငွေရေးကြေးရေးက အခက်အခဲရှိပြီး ဘာသာစကား နားမလည်တာဟာ လူနာတွေအတွက် စိန်ခေါ်မှုကြီးတစ်ခုဖြစ်တယ်လို့ အခုလိုပြောပါတယ်။
“အဓိက အခက်အခဲကတော့ ငွေရေးကြေးရေး ဖြစ်ပြီးတောမှ ၊ စိန်ခေါ်မှုကတော့ သူများနိုင်ငံမှာ နေပြီးတော့ ဘာသားစကား နားမလည်တဲ့ တစ်ခုပေါ့နော်။ ဒါကတော့ ပထမဆုံး စိန်ခေါ်မှု ဖြစ်တယ်။ ကျနော်တို့လို လူနာစောင့်တွေ အတွက်ကော ထိခိုက်ဒဏ်ရာရတဲ့ လူတွေ အတွက်ကော စိန်ခေါမှုပေါ့နော်။ ဒါပေမယ့် ဒဏ်ရာရတဲ့သူတွေအတွက် နောက်ထပ်စိန်ခေါ်မှု တစ်ခုက ခွဲခန်းဝင်တဲ့အချိန်ပေါ့နော်။ သူတို့စိတ်ကို သူတို့ဘာသာပဲ ပြန်ပြီးတော့ အားမွေးရတယ်” လို့ ပြောပါတယ်။
ကရင်နီပြည်တွင်း မြို့နယ်၊ ဒေသ အလိုက်တွေမှာ ဆေးခန်းပေါင်း (၁၀၀) ကျော် ဖွင့်လှစ်ထားပြီး ခွဲစိတ်ကုသနိုင်တဲ့ ဆေးရုံ (၁၀) ခုကျော်ရှိနေပြီ ဖြစ်ပါတယ်။ ကျန်းမာရေး ဝန်ထမ်းပေါင်း (၉၀၀) ကျော်ဟာ နေရာဒေသ အသီးသီးတွေမှာ တာဝန်ထမ်းဆောင်နေကြတာပါ။ လက်ရှိအချိန်ထိတော့ အားလုံးကို လွမ်းခြုံနိုင်ဖို့အတွက် လိုအပ်ချက်တွေ များစွာရှိနေဆဲဖြစ်တယ်လို့ ခွန်းဖိလစ်က ဆိုပါတယ်။