spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီမှာ ငွေစက္ကူအတု လက်ခံရရှိမှု ပမာဏများတာကြောင့် လူထုတွေအနေနဲ့ သတိထားဖို့လို

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်တွင်း ငွေလွှဲ၊ ငွေထုတ်လုပ်ငန်းတွေနဲ့ နိုင်ငံခြားငွေလဲလှယ်တဲ့ လုပ်ငန်းတွေမှာ တစ်သောင်းတန် ငွေစက္ကူအတုတွေ လက်ခံရရှိမှုပမာဏ များပြားလာတာကြောင့် လူထုအနေနဲ့ ငွေသားကိုင်ဆောင်တဲ့အခါ သတိရှိဖို့ ပြည်တွင်း ငွေလွှဲငွေထုတ် ပြုလုပ်သူတွေက ပြောပါတယ်။

မေလ ၁၃ ရက်နေ့မှာ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်၊ ပီကင်းကျေးရွာက ငွေအလွှဲ၊ အထုတ်ပြုလုပ်တဲ့ဆိုင်မှာ ကျပ်တစ်သောင်းတန် ငွေသားစက္ကူအတု ရှစ်သိန်းလက်ခံရရှိခဲ့တယ်လို့ ငွေလက်ခံရရှိတဲ့ အမျိုးသားက ပြောပါတယ်။

“K Pay ဆိုင်ကို စျေးသည်တစ်ယောက်က ငွေလာပေးတာ။ သူလာပေးတဲ့ငွေကိုပဲ ကျနော့်ဆီကို နောက်ထပ်တစ်ခေါက် ပြန်လာပေးတဲ့အခါမှာ ကျနော်က ငွေစစ်လိုက်တဲ့အခါမှာ ၁၆၁ သိန်းထဲမှာက ၁၀ သိန်းတန်တစ်အုပ်ကတော့ အရွက် ၈၀ ကအတုဖြစ်နေတယ်။ အစစ် နှစ်သိန်းကတော့ အရှေ့မှာတစ်သိန်း အနောက်မှာတစ်သိန်းနဲ့ အတု ၈၀ (ရွက်) ကိုကြားညှပ်ပြီးလာပေးသွားတယ်” လို့ ငွေလက်ခံရရှိတဲ့ အမျိုးသားက ပြောပါတယ်။

စျေးသည်တစ်ဦးက အဆိုပါငွေသားအတုတွေကို ပီကင်းကျေးရွာရှိ KBZ Pay ငွေလွှဲငွေထုတ် ပေးတဲ့ ဆိုင်တစ်ဆိုင်မှာ အရင်ဆုံးလာအပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

KBZ Pay ဆိုင်မှတစ်ဆင့် လက်ခံရရှိတဲ့အမျိုးသားဆီကို ရောက်လာတာဖြစ်လို့ ငွေ ရှစ်သိန်းကို ဆိုင်ထံ ပြန်အပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါငွေစက္ကူတွေကို လူထုကြားထဲ ပြန်လည်အသုံးပြုနေတာတွေ့ရှိပါက ငွေစက္ကူအတုပေးခဲ့တဲ့ KBZ pay ဆိုင်ကို အရေးယူတိုင်ကြားသွားမယ်လို့လည်း အဲဒီအမျိုးသားကပြောပါတယ်။

ပုံစာ – ကျပ်ငွေတစ်သောင်းတန် အတုကို တွေ့ရစဉ် (ဓါတ်ပုံ-ငွေစက္ကူ အတုရောင်း၀ယ်ရေးလုပ်ငန်းရဲ့ လူမှုကွန်ရက်စာမျက်နှာ)

အခုလို ကြားကာလမှာ ငွေစက္ကူအတုပြန့်ပွားနေမှုကို ကိုင်တွယ်ဖြေရှင်းရခက်နေပေမယ့် ငွေအတုလက်ခံရမိပါက သက်ဆိုင်ရာ ကရင်နီပြည်ရဲ KSP ထံတိုင်ကြားနိုင်တယ်လို့ IEC က ပြောဆိုထားပါတယ်။

ရည်ရွယ်ချက်မရှိဘဲ ငွေစက္ကူကို သုံးစွဲမိပါက ဥပဒေကြောင်းအရ အကာအကွယ်ရှိပြီးသားဖြစ်သလို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေတာဆိုရင်လည်း ဥပဒေက ခွင့်လွှတ်နိုင်မှာမဟုတ်ဘူးလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး -၂ ဦးဗညားက ကန္တာရ၀တီတိုင်း(မ်) ကို ပြောပါတယ်။

“အခုကအများဆုံးဖြစ်တာက ရည်ရွယ်ချက်ရှိရှိနဲ့ဖြန့်ဝေကြတာမျိုးမဟုတ်ဘဲနဲ့ ပုံစံအမျိုးမျိုးနဲ့ ငွေလှဲကြတယ်ပေါ့နော။ Kpay ထုတ်ကြတယ်။ ငွေလှဲကြတယ်။ အဲဒီမှာလည်း စက်ယန္တရားတွေမရှိဘူးလေးနော။ အဲတာကြောင့်မို့လို့ အကြားမှာ တစ်ရွက်နှစ်ရွက်စ ပါလာရင်လည်း သွားအကြောင်းကြားဖို့ပေါ့နော။ အဓိကက ထိန်းချုပ်ဖို့ပါပဲ။ ဖမ်းဆီးအ‌ရေးယူဖို့မဟုတ်ပါဘူး။” လို့ ဦးဗညားက ပြောပါတယ်။

၂၀၂၅ ခုနှစ်အတွင်းမှာပဲ ကရင်နီပြည် မယ်စဲ့မြို့နယ်မှာလည်း သိန်းဆယ်နဲ့ချီတဲ့ ငွေသားကျပ်တစ်သောင်းတန် စက္ကူအတု လှယ်လှဲခံရမှု ဖြစ်စဉ်ရှိခဲ့ပါတယ်။

spot_img
spot_img