ကေးဒူ/ကန္တာရဝတီတိုင်း(မ်)
“ကျမ အသက်ကြီးသွားလို့ တော်လှန်ရေးမပြီးခဲ့ရင်တောင်မှ အသက်ကြီးတဲ့ အထိလုပ်မယ်၊ တော်လှန်ရေး အောင်မြင်တဲ့အထိ လုပ်မယ်။”
ဒါကတော့ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ မိငယ်ရဲ့ ရင်ထဲက ပွင့်ထွက်လာတဲ့ စကားသံပါ။
ကျောက်ဖြာလို မာကျောပြီး ခက်ထန်တဲ့ စိတ်ဓာတ်နဲ့ ရန်သူကို ပြန်လည်တိုက်ခိုက်ဖို့ ခွန်အားအပြည့်ရှိနေတဲ့ သူမရဲ့စိတ်ဆန္ဒကို သူမပြောလိုက်တဲ့ စကားသံကို နားထောင်လိုက်ခြင်းအားဖြင့် သိနိုင်ပါတယ်။
၁၉ နှစ်ဆိုတဲ့ အရွယ်ဟာ အာရှနိုင်ငံတွေမှာ မိဘတွေရဲ့ အုပ်ထိန်းမှုအောက်မှာရှိနေပြီး ပညာကို ကြိုးစားရှာဖွေနေကြရသေးတဲ့ အရွယ်ပါ။ ဒါပေမယ့်လည်း အာဏာရှင်လူတစ်စုကြောင့် မိငယ်ဟာ တော်လှန်သူတယောက် ဖြစ်လို့နေပါပြီ။
တော်လှန်သူတဦး မဖြစ်ခင်တုန်းကတော့ သူမဟာ ကျောင်းဆရာမတဦး ဖြစ်ချင်ခဲ့သူပါ။
သူမနေထိုင်ရာ မယ်စဲ့မြို့နယ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဇွန်လ ၁၃ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။
အဲဒီနောက်ပိုင်းမှာတော့ မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေ ၊ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ ထိတွေ့တိုက်ပွဲတွေကို ကြုံတွေ့နေကြရတာတွေကြောင့် ပညာကို လုံခြုံစိတ်ချစွာ သင်ယူခွင့် မရရှိတော့တဲ့အချိန်မှာတော့ မိငယ် တယောက် သူ့ရဲ့ အိမ်မက်လမ်းတွေနဲ့ လွှဲချော်ဖို့ ဖြစ်လာပါတော့တယ်။
“ကျောင်းတက်နေတဲ့ အချိန်မှာ နိုင်ငံရေးကောင်းပြီးတော့ (၁၀) တန်းတွေ ဘာတွေ အောင်ခဲ့ရင် ကျောင်းဆရာမ တယောက်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ အိမ်မက် ရှိခဲ့တယ်။ ဒါပေမယ့် အခုအခြေအနေနဲ့ကလည်း အိမ်မက်တွေ က ပျက်စီးသွားခဲ့ရပြီ။” လို့ မိငယ်က ပြောပါတယ်။
ပညာကို ကောင်းမွန်စွာ သင်ကြားခွင့်မရှိတော့တဲ့အခါ တခြားလူငယ်တွေလိုပဲ စစ်အာဏာရှင်ကိုတော်လှန်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တာပါ။
အခုချိန်မှာတော့ သူမဟာ ကရင်နီပြည်တပ်မတော် ( KA) ပျောက်ကျားတပ်ရဲ့ ဒရုန်းတပ်ဖွဲ့ မှာ ဒရုန်းမောင်းသူတဦးအဖြစ် စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်တဲ့နေရာမှာ ပါဝင်နေပါတယ်။

လက်နက်ကိုင်တော်လှန်သူ ဖြစ်တဲ့အလျောက် တောတောင်တွေကို ကျော်ဖြတ်ပြီး ပခုံးပေါ်မှာ ကျောပိုးအိတ်လွယ်ကာ အများအကျိုးအတွက် သယ်ပိုးနေရတဲ့ သူတယောက် ဖြစ်နေပါပြီ။
“ကိုယ့်မိသာစုဝင်တွေကို တင့်တောင့်တင့်တယ် ထားနိုင်ချင်တယ်။ အဲဒါကြောင့်မို့လို့ ကိုယ်ကိုယ်တိုင် အလုပ်ကြိုးစားချင်ခဲ့တယ်။ ဒါပေမယ့် အခုတော့ အိမ်ကို ပြန်လည် ထောက်ပံ့ပေးနိုင်တဲ့ အခြေအနေမရှိတော့ အိမ်အတွက်ကို စိတ်မကောင်းဖြစ်မိတယ်။” လို့ မိငယ် က ပြောပါတယ်။
ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ မိငယ်တယောက် တော်လှန်ရေးမှာ စိတ်အားထက်သန်သလို ရှေ့တန်းစစ်မြေပြင်ကိုလည်း မကြာခန လိုက်ပါသွားတတ်ပါတယ်။ အကြောင်းကတော့ သူမနဲ့ အင်မတန်ရင်းနှီးတဲ့ ရဲဘော်ရဲဘက်တဦး ကျဆုံးသွားပြီးနောက်မှာ စစ်ကောင်စီတပ်တွေကို တော်လှန်တိုက်ခိုက်လိုစိတ်တွေ ပိုမိုပြင်းထန်လာတာကြောင့်ပါ။
“ကိုယ့်အဖွဲ့ထဲက ရဲဘော်တယောက်ကျတဲ့ အချိန်တွေမှာဆို အတော်လေးကို စိတ်ဓာတ်ကျတယ်။ ပြီးတော့ သူက ဒီဘောလခဲမှာပဲ ကျခဲ့တာဆိုတော့ သူ့အတွက် ပြန်ပြီးလက်စားချေချင်တယ် ဆိုတဲ့စိတ်နဲ့ ရှေ့တန်းတွေ ပိုပြီးထွက်ချင်တယ်။” လို့ မိငယ် က ပြောပါတယ်။
ရှေ့တန်းစစ်မြေပြင်မှာတော့ မိငယ် ဟာ ဒရုန်းမောင်းနှင်သူအဖြစ် တာဝန်ယူရပါတယ်။
အခြေခံတိုက်ခိုက်ရေး ဒရုန်းသင်တန်းကို တက်ရောက်ပြီး သင်တန်းဆင်းဆင်းချင်းမှာပဲ ရှေ့တန်းစစ်မြေပြင်ကို ရောက်ရှိသွားခဲ့တာပါ။
စစ်မြေပြင်ဆိုတာ သူမရဲ့ဘဝမှာ တခါမှတောင် စိတ်ကူးယဉ်ခဲ့ဖူးတာ မဟုတ်ပါဘူး။ ဒရုန်းမောင်းရတယ်ဆိုပေမယ့် ရှေ့တန်းစစ်မြေပြင်မှာတော့ တခြားရဲဘော်တွေလိုပဲ ကြုံတွေ့ရတဲ့ အန္တာရယ်တွေများပါတယ်။
စစ်ကောင်စီရဲ့ သာလွန်လက်နက်ကြီး ပစ်ကူတွေ၊ လေကြောင်းပစ်ကူတွေအကြား အသက်လွတ်ပုန်းရှောင်ခဲ့ရတဲ့ အကြိမ်ရေတွေလဲ မနည်းခဲ့ပါဘူး။
“ဘောလခဲ တိုက်ပွဲမှာ ဒရုန်းလွတ်နေတဲ့ အချိန်တွင်းမှာ လေယာဉ်တွေ လာကျဲလို့ ပြေးပုန်းလိုက်ရတယ်။” လို့ မိငယ်က သူမရဲ့ ပထမဦးဆုံး တိုက်ပွဲ အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။
အခုတော့ ဆယ်ကျော်သက်လေး မိငယ် ဟာ တိုက်ပွဲတွေမှာပါဝင်လာရင်းနဲ့ သူမရဲ့ တိုက်ပွဲအတွေ့အကြုံကလည်း များလာသလို ရှေ့တန်းမှာ ကျည်ဆံတွေ၊ ဗုံးသံ တွေကြား နေသားကျနေပြီ ဖြစ်ပါတယ်။

ကျောင်းဆရာမဖြစ်ဖို့ အိမ်မက်မက်ခဲ့တဲ့ မိငယ် ဟာ ဘောပင်တွေ ကိုင်ရမယ့်အစား ဒရုန်းမောင်းနှင်တဲ့ ရီမှုတ်ကို ကိုင်ဆောင်ကာ ရှေ့တန်း စစ်မြေပြင်မှာ တိုက်ပွဲဝင်နေရပါပြီ။
ရှေ့တန်းမထွက်ဖြစ်တဲ့ အချိန်တွေမှာဆို စစ်ရှောင်စခန်းတွေဆီ သွားရောက်ပြီး အားပေးစကားတွေ ပျော်ရွင်စရာ လုပ်ရှားမှုတွေ တခါတလေ လုပ်ပေးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျနေချိန်တွေမှာတော့ တယောက်ထဲ တိတ်တဆိတ် နေတတ်ပါတယ်။
မတရားအာဏာသိမ်းပြီး လူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ စစ်ကောင်စီကို မိငယ် တို့လို လူငယ်တွေက အပြီးတိုင် တော်လှန် တိုက်ခိုက်သွားရမှာ ဖြစ်ပါတယ်။
အခုချိန်မှာတော့ မိငယ် တယောက် စစ်ကောင်စီရဲ့ လူသားမဆန်တဲ့ လုပ်ရပ်တွေကို တားဆီးနိုင်တဲ့ မြူတစ်မှုံအဖြစ် ပါဝင်နိုင်ဖို့ကို ကြိုးစားရင်း ဒရုန်း ရီမှုတ် ခလုတ်ကို ကိုင်ဆောင်ကာ ရှေ့တန်းမှာ ရန်သူကို ရဲရဲချွန်ချွန် တိုက်ခိုက်နေပါတယ်။