spot_imgspot_imgspot_imgspot_img
Monday, December 9, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီအမျိုးသားတိုးတက်ရေးပါတီက ပြုလုပ်တဲ့ ၈လကြာ အပတ်စဥ်(၇) ပါတီ‌ကေဒါ သင်တန်းဆင်းပွဲပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ကနေပြုလုပ် ၈လကြာ အပတ်စဥ်(၇) ပါတီ‌ကေဒါ သင်တန်း ဆင်းပွဲကို ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့၊ မနက်ပိုင်းက ထိုင်း-ကရင်နီနယ်စပ် တစ်နေရာမှာ ပြုလုပ်ခဲ့ပါတယ်။

“ပါတီ‌ကေဒါ”နာမည်ဟာ ပါတီဝင် အဖွဲ့အစည်းတွေမှာ အမှန်အကန် ရပ်တည်ထောက်ခံကြောင်း ပြသခြင်းကိုဆိုလိုတယ်လို့ ပါတီစည်းရုံးရေး ကော်မတီ ဥက္ကဌ နဲ့ ပါတီကေဒါ သင်တန်းမှာ ဒု-ကျောင်းအုပ်အဖြစ် တာဝန်ယူထားတဲ့ ရဲဘော်ခဲလေ က အခုလို ပြောပါတယ်။

“ကေဒါဆိုတာက အဓိပ္ပါယ်က ပါတီရဲ့ အမာခံပေါ့။ပါတီရဲ့ အမာခံဆိုတာက ပါတီမှာ သေသေကြေကြေ ပါတီဖက်ရပ်တည်မယ်ဆိုတဲ့ အဓိပ္ပါယ် ။ သင်တန်းက ကျနော်တို့ မတ်လက နေ အောက်တိုဘာလအထိ ၂၀၂၄မှာ ၈လတိတိပေါ့။ “လို့ ရဲဘော် ခဲလေ ကဆိုပါတယ်။

သင်တန်းကို ၈လကြာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁၁ ဦး စုစု‌ပေါင်း သင်တန်းသူ/သား (၂၁) ဦး တက်ရောက်ပြီးစီးခဲ့ပါတယ်။

“သင်တန်းမှာက ဘာသာရပ်ပေါင်းစုံနီးပါးလောက်ရှိတယ်။ (၇)ကြိမ်မှာကတော့ ဘာသာရပ်က ချမှတ်ထားတာများတယ်။ ဒါပေမဲ့ အကုန်မသင်ပေးနိုင်ဘူး။ ဆရာတွေ မအားမလပ်ကြဘူးလေနော်။ ဘာသာရပ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပိုပြီးနားလည်သဘောပေါက်သွားအောင် နောက်ပြီးတော့ လူမျိုးသမိုင်း ပိုပြီး အာရုံစိုက်ပြီးတော့ သင်ကြားပေးတယ်။ နောက်ပါတီသဘောတရားရေးရာ နောက် ခုခံတော်လှန်ရေးသဘောတရားရေးရာတွေကို ဦးစားပေးပြီး သင်ကြားပေးတာပေါ့။”လို့ ရဲဘော်ခဲလေက ဆိုပါတယ်။

သင်တန်းတက်ရောက်ခြင်းအားဖြင့် ပါတီတစ်ခုရဲ့ မူ သဘောတရားတွေနဲ့ ဗဟုသုတဆိုင်ရာတွေကို ပိုမိုသိလာရပြီး ရပ်ရွာအသိုင်းအဝိုင်းတွေမှာ ပြန်လည်အသုံးချဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ သင်တန်းသူ မော်ပလဲမယ်က အခုလိုပြောပါတယ်။

“ပါတီကေဒါ သင်တန်းနဲ့ ပတ်သက်ပြီး ကျမတယောက်အမြင်နဲ့ဆိုရင် ပါတီဝင်တစ်ယောက်ဖြစ်ပြီဆိုရင် ဒီသင်တန်းတက်ရောက်သင့်တယ်လို့ မြင်တယ်ပေါ့နော်။ ဘာလို့လဲဆိုရင် ဒီသင်တန်းတက်ခြင်းအားဖြင့် ပါတီမှာဆိုရင် သဘောတရားဘယ်လိုရှိလဲ။ အရင်က ကျမတို့ မသိရတဲ့ ပါတီရဲ့ မူသဘောတရားတွေ သိလာပြီးတော့ ကိုယ့်နယ်မြေ ကိုယ့်နိုင်ငံမှာ‌ပေါ့နော် ပြန်လည်အသုံးချလို့ရတယ်။ တတောင့်တနေရာကနေ ပါဝင် လို့ရတယ်။ ပြီးတော့မှ ကျမတို့ ပိုပြီး အမျိုးသားစိတ်ဓါတ်တွေ မြင့်လာမယ်ပေါ့နော်။” လို့ မော်ပလဲမယ်က ဆိုပါတယ်။

သင်တန်းဆင်းပွဲ အခမ်းအနားမှာတော့ ကရင်နီအမျိုးသားအလံတော်အား အလေးပြုခြင်း၊ ကျဆုံးလေပြီး‌သော အာဇာနည် ခေါင်းဆောင်များနှင့် ရဲဘော်များအား အလေးပြုခြင်း၊ ကရင်နီအမျိုးသားသီချင်းသီဆိုခြင်း၊ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း၊ သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခြင်း ၊ပါတီကေဒါ သင်တန်းကော်မတီမှ သင်တန်းပြီးစီးမှု အစီရင်ခံတင်ပြခြင်း စတဲ့ အစီအစဥ်တွေကို ဆောင်ရွက်သွားခဲ့ပါတယ်။

သင်တန်းဆင်းပွဲကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တာဝန်ရှိသူတွေ ၊ “ပါတီကေဒါ”သင်တန်းတာဝန်ရှိသူတွေနဲ့ သင်တန်းသားတွေအပါအဝင် အဖွဲ့အစည်းအသီးသီးက တာ၀န်ရှိသူတွေ စုစုပေါင်း လူဦးရေ ၆၀ ဝန်းကျင် တက်ရောက်ခဲ့ပါတယ်။

spot_img
spot_img

Recent posts