spot_imgspot_imgspot_imgspot_img
Monday, April 28, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီ ဒုက္ခသည်စခန်းအမှတ်(၁) မှာ နွေရာသီ အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်နေ

Author

Date

Category

ကန္တာရ၀တီတိုင်း(မ်)

ထိုင်း – ကရင်နီ နယ်စပ်က ကရင်နီ ဒုက္ခသည် စခန်းအမှတ်(၁)မှာ ဆယ်သဲဖောင်ဒေးရှင်းလက်အောက်ခံ Deeku Education Center ကနေ အင်္ဂလိပ်စာသင်တန်း တစ်ခုကို ပြီးခဲ့တဲ့ မတ်လ(၃၁)ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

သင်တန်းကာလမှာ ၄၅ ရက်ခန့်ကြာမြင့်မှာဖြစ်ပြီး အင်္ဂလိပ်စာ အခြေခံအဆင့် ၁ နဲ့ အဆင့် ၂ ဆိုပြီး နှစ်ပိုင်းခွဲသင်ကြားမှာဖြစ်ပါတယ်။ ဒီအဆင့် နှစ်ဆင့်လုံးမှာ အင်္ဂလိပ်စကားပြောနဲ့ သဒ္ဒါ ကိုသင်ကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီသင်တန်းကို Deeku Education Center အပတ်စဉ်( ၃)ရဲ့ ကျောင်းသား/သူတွေကနေ လုပ်အားပေး သင်ကြားပေးနေတာဖြစ်ပြီး လက်ရှိမှာ ကျောင်းသားဦးရေ ၈၃ ယောက်ရှိပြီး လုပ်အားပေး ဆရာ/မ (၁၁) ဦး ရှိပါတယ်။

“ကျနော်တို့ဒီလိုလာသင်ပေးရတာက ဒီ ဒီးကူကျောင်းစာသင်နှစ် အစကလည်းကျနော်တို့ တတ်ထားတဲ့ ပညာတွေကိုပြန်ပြီးမျှဝေမယ်ဆိုတဲ့ ကတိပေးထားတာရှိတယ် ။ ကိုယ်တိုင်လည်း ပြန်ပြီးမျှဝေပေးချင်တဲ့ စိတ်ရှိလို့ပါ” လို့ လုပ်အားပေးကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဆရာပလျားရယ်ဂျိမ်းက အခုလိုပဲ ကန္တရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ကျောင်းသားတွေအတွက် စာသင်ကြားတဲ့နေရာမှာ အ‌ခြေခံ လိုအပ်ချက်ဖြစ်တဲ့ စာသင်ခုံဟာအပေါက်တွေနဲ့ ဖြစ်နေတဲ့အတွက် ကျောင်းသားတွေ စာရေးရတာ အဆင်မပြေဘူးလို့ သင်တန်းဆရာ ပလျားရယ်ဂျိမ်းကဆက်ပြောပါတယ်။

ဒီနွေရာသီသင်တန်းကို ၅ တန်းကနေ ၉ တန်းအရွယ် ကျောင်းသားတွေကို လက်ခံသင်ကြားနေတာပါ။

“ဒီသင်တန်းကိုလာတက်ရတာက အင်္ဂလိပ်စာအဆင့် ကို တိုးမြင့်ချင်လို့ပေါ့နော်။ နောက် မှ အင်္ဂလိပ်စကားပြောတတ်ပြီးသွားရင် နောက်ကလေးတွေကို ပြန်သင်ပေးလို့ရတယ်ပေါ့နော်။”လို့ နွေရာသီသင်တန်းမှာ တက်ရောက်နေတဲ့ ကျောင်းသားတစ်ဦးဖြစ်တဲ့မောင်ရောဘတ်က ပြောပါတယ်။

Deeku Education Center(DEC) က အင်္ဂလိပ်စာသင်တန်း ကို ပြီးခဲ့တဲ့နှစ် ကလည်းဖွင့်လှစ်သင်ကြားပေးခဲ့တာရှိပါတယ်။ ဒါ့အပြင် နောက်နှစ်တွေမှာလည်း ဆက်လက်ပြီး ဖွင့်လှစ်သွား ဖို့ရှိတယ်လို့ DEC ကျောင်းတာဝန်ခံက ပြောပါတယ်။

spot_img
spot_img
spot_img

Recent posts