spot_imgspot_imgspot_imgspot_img
Tuesday, January 21, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီ နဲ့ ရှမ်း – ကရင်နီနယ်စပ်မှာ ဒီဇင်ဘာတစ်လအတွင်း ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၈ ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့ နဲ့ ရှမ်း – ကရင်နီနယ်စပ် မိုးဗြဲ ၊ ဖယ်ခုံမြို့တွေမှာ ၂၀၂၄ခုနှစ် ဒီဇင်ဘာ တစ်လအတွင်း ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၈ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) စာရင်းအရ သိရပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့က ဖယ်ခုံမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ ဆိုင်ခွန်ကျေးရွာအနီးအနားကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၄နှစ်အရွယ် အမျိုးသားတစ်ဦး ၊ ဒီဇင်ဘာလ ၄ ရက်နေ့က မိုးဗြဲ ၊ စစ်ရှောင်စခန်းတစ်နေရာကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၃ ဦး ၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းက ဆင်စခန်း စစ်ရှောင်စခန်းကို လေကြောင်းနဲ့ဗုံးကြဲမှုကြောင့် ၃ ဦး နဲ့ မိုးဗြဲမှာ မြေမြှုပ်မိုင်းနင်းမိမှုကြောင့် အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေပါ။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပါတယ်။ စစ်ကောင်စီတိုက်ခိုက်တဲ့နေရာတွေဟာ စစ်ရေးလှုပ်ရှားမှုမရှိတဲ့ ဒေသတွေဖြစ်ပြီး အရပ်သားပြည်သူတွေနေထိုင်ကြတဲ့ နေရာဖြစ်တယ်လို့ ဒေသခံအမျိုးသားက အခုလို ပြောပါတယ်။

“ စစ်ကောင်စီကတော့ သူတို့ရဲ့ပုံစံအတိုင်းပဲလုပ်မှာပဲလေ လူထုလည်းမသိဘူး ပစ်နေတာပဲ။ လေယာဉ်ကိုတော့ အခုဆိုရင် ပိုကြောက်ရတာပေါ့နော နှစ်ကူးကာလမှာလည်း ဗုံးကြဲတာ ဆက်တိုက်ရှိနေတော့လည်း စိုးရိမ်ရတယ် ဘယ်အချိန်လာကြဲမလဲပေါ့နော။”လို့ သူက ပြောပါတယ်။

ဒီဇင်ဘာလ တစ်လအတွင်း ထိခိုက်သေဆုံးသူ ၈ ဦးမှာ ၁၀နှစ်အောက် ကလေးငယ် နှစ်ဦး နဲ့ အမျိုးသား ၃ဦး ၊ အမျိုးသမီး ၃ ဦး ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၉ ဦးရှိပြီး နေအိမ်ပျက်စီးမှု (၇၈) လုံး ရှိပါတယ်။ တစ်လအတွင်း စစ်ကောင်စီက အရပ်သားပြည်သူရှိရာနေရာကို လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက စစ်ရေး ၊ နိုင်ငံရေးတွေမှာ ဆုံးရှုံးမှုများလာချိန် အရပ်သားတွေကို ဦးတည်တိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိပြီး လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း အသက်သေဆုံးမှု ၊ ထိခိုက်ဒဏ်ရာရရှိမှုတွေကို ကြုံတွေ့နေရတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်သူတွေက ပြောဆိုကြပါတယ်။

နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ တစ်လအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းမှာ အရပ်သား သေဆုံးသူ (၉၅) ဦး ရှိပါတယ်။ အဲ့ဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၄ ဦး ပါဝင်ပြီး အမျိုးသား ( ၅၉ ) ဦး ၊ အမျိုးသမီး ( ၃၅ ) ဦး ၊ လိင်စိတ်ခံယူမှုကွဲပြားသူ တစ်ဦး တို့ဖြစ်ပြီး မန္တလေးတိုင်းက သေဆုံးမှု အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကရင်နီပြည် နဲ့ ကယန်းဒေသမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အရေအတွက် ( ၁၇၆၅ ) ကြိမ်ရှိပြီး အရပ်သားသေဆုံးသူ (၅၃၆) ဦးရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဇန်နဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img
spot_img

Recent posts