ကန္တာရဝတီတိုင်း ( မ် )
တော်လှန်ရေးတပ်ဖွဲ့အနေနဲ့ မြန်မာတနိုင်ငံလုံးရှိ အရပ်သားပြည်သူနဲ့ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်တဲ့ အနာဂတ်ပြည်ထောင်စု ကာကွယ်ရေးတပ် တရပ် ပေါ်ပေါက်ရေးကို ကြိုးပမ်းကြရမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က တိုက်တွန်းလိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းကျေးရွာရှိ စာသင်ကျောင်းကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းဆရာမ၊ ကျောင်းသူ၊ ကျောင်းသား ကလေးငယ် သေဆုံးမှု ဖြစ်စဉ်အပါအဝင် စာသင်ကျောင်းနဲ့အရပ်သားပြည်သူကို စစ်ကောင်စီက သတ်ဖြတ်ကျူးလွန်နေတဲ့အပေါ် ဒီကနေ့ မေလ ၁၃ ရက်နေ့မှာ သဘောထား ထုတ်ပြန်ချက်ပြီး ထည့်သွင်းပြောဆိုထားတာပါ။
NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့စာရင်းအရ အိုးထိမ်းတွင်းရွာက စာသင်ကျောင်းကို ဗုံးကြဲမှုအတွင်း သေဆုံးသူ ၂၂ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၄၀ ကျော်ရှိပါတယ်။ အဲ့ဒီထဲ အမျိုးသမီး ၁၇ ဦး၊ အမျိုးသား ၅ ဦးဖြစ်ပြီး အသက် ၇ နှစ်အရွယ် ကလေးငယ်တွေလည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံတစ်ဝှမ်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း၊ အရပ်သားရှိရာနေရာတွေကို ယခုရက်ပိုင်းက စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ၊ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ များပြားနေတာပါ။
စစ်ကောင်စီကျူးလွန်တဲ့ ဖြစ်ရပ်၊ သက်သေအဖြစ် သိမ်းဆည်းထားပြီး ကျူးလွန်သူများအားလုံးကို ပြင်းထန်စွာအရေးယူနိုင်ဖို့ KNDF အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်း လုပ်ဆောင်ဖို့ အပစ်ခတ်ရပ်စဲရေးကာလကို ကြေညာထားပေမယ့် နေရာအနှံ့အပြားမှာ နည်းမျိုးစုံနဲ့ ပြည်သူလူထုတွေကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အပေါ် နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ အရေးယူဆောင်ရွက်မှုတွေ ၊ စစ်လက်နက် ပစ္စည်း အထောက်အပံ့ များတားဆီးရေးတို့ကို ကြိုးပန်း ဆောင်ရွက်ပေးဖို့ကိုလည်း KNDF က တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်အပြီး အပစ်ရပ်ကြေညာထားတဲ့ မတ်လ ၂၈ ရက်နေ့ကနေ မေလ ၉ ရက်နေ့အထိ တိုင်းနဲ့ပြည်နယ် ၁၃ခုမှာ စစ်ကောင်စီက လေကြောင်းတိုင်ခိုက်မှု ၃၇၃ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ ၃၃၄ဦးသေဆုံးသလို ၅၅၂ ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒီကနေ့ မေလ ၁၃ ရက်နေ့မှာပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်းအစီအစဉ်မှာ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသွားပါတယ်။
