spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

“ကိုယ်သွားမယ့်လမ်း ကိုယ်တိုင်ဖောက်တဲ့ လူငယ်အမျိုးသမီး သို့မဟုတ် မော်မဲမို “

Author

Date

Category

ကေးဒူ/ကန္တာရဝတီတိုင်း(မ်)

“ပတ်ဝန်းကျင်ရဲ့ လက်ခံမှု က အရမ်းအားနည်းတယ်။ အဲ့ချိန်မှာ ကိုယ့်ကိုယ်ကိုတော့ အားငယ်ရတဲ့ အပိုင်းတွေရှိတယ်ပေါ့နော်။ အမျိုးသမီးဖြစ်ပြီးတော့မှ အဲ့လောက်ထိဦးဆောင်စရာမလိုဘူးဆိုတဲ့ စကားသံတွေရော ပြီးရင် အမျိုးသမီးပဲကို သူများနောက်မှာနေပေါ့။”

ဒါကတော့ ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်ရဲ့ အုပ်ချုပ်ရေးကောင်စီရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မော်မဲမို ရဲ့ စကားသံပါ။

အသက် ၃၀ ဝန်းကျင်အရွယ်သာရှိသေးတဲ့ အမျိုးသမီးတယောက်အဖို့ အမျိုးသားတွေအများစုနဲ့ စုဖွဲ့ထားတဲ့ မြို့နယ်အုပ်ချုပ်ရေးကောင်စီလို နေရာမှာ တန်းတူရည်တူ သာမက ထဲထဲဝင်ဝင် လုပ်ကိုင်နေရသူ တဦးပါ။

မော်မဲမိုတို့ရဲ့ ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်လေးဟာ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပြီး လူဦးရေ ခုနှစ်ထောင် ဝန်းကျင်လောက်သာ နေထိုင်ကြပါတယ်။ အာဏာမသိမ်းခင် ကာလတွေကတည်းက ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်နေတဲ့ဒေသလို့လည်း ပြောလို့ရပါတယ်။

အာဏာသိမ်းအပြီးမှာတော့ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒေသလေးဟာ ပိုပြီးအထီးကျန်ဆန်လာပါတယ်။ ဒီလိုအထီးကျန်ဆန်တဲ့ဒေသကို ဖွံ့ဖြိုးလာအောင် မော်မဲမိုတို့လို ခေတ်ပညာတတ်လူငယ်တွေက ဦးဆောင်နေကြရတာပါ။

မော်မဲမိုဟာ အုပ်ချုပ်ရေးလုပ်ငန်းတွေအပြင် ဒေသတွင်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေ၊ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေသူပါ။

သူမဟာ အမျိုးသားရေးအလုပ်၊ ဒေသဖွံ့ဖြိုးရေးအလုပ်တွေကို ထဲထဲဝင်ဝင်လုပ်ကိုင်လာချိန်မှာ အိမ်မှာပြန်နေရတဲ့အချိန်တွေ နည်းလာပါတယ်။ ကား ဒါမှမဟုတ် ဆိုင်ကယ်နဲ့ တရွာဝင်တရွာထွက်ပြီး လုပ်ငန်းကိစ္စတွေနဲ့ လုံးချာလည်နေတဲ့ မော်မဲမိုဟာ ညကြီးအချိန်မတော်မှ အိမ်ပြန်ရောက်တဲ့ ရက်တွေလည်းမနည်းတော့ပါဘူး။

သူမဟာ အမျိုးသမီးတဦးဖြစ်တာကြောင့် မိဘတွေကတော့ သူမရဲ့ အမျိုးသားရေး လုပ်ဆောင်ချင်တဲ့ အိပ်မက်ကိုတော့ အားမပေးပါဘူး။ မိဘတွေမှာတော့ သမီးဖြစ်သူကို သာမာန် အစိုးရဝန်ထမ်း ဘဝလေးနဲ့ပဲ မြင်ချင်ခဲ့တာပါ။ ဒါပေမဲ့ မော်မဲမို တယောက်မှာတော့ မိဘတွေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး အမျိုးသားရေးလမ်းစဉ်ကို လျှောက်လှမ်းခဲ့တာကြောင့် မိဘတွေဆီက အားပေးမှုကို မရခဲ့တဲ့အပြင် ဖိအားပေးမှုကိုသာ ကြုံတွေ့ လာခဲ့ရတာပါ။

စစ်ရှောင်စခန်း တနေရာမှာ မြင်တွေ့ရတဲ့ လူငယ်အမျိုးသမီး မော်မဲမို

အမျိုးသမီးတဦးက ညရေးအချိန်မတော်တွေမှာ သွားလာနေရတာ၊ အမျိုးသားတွေနဲ့ ပြောဆိုဆက်ဆံနေရတာတွေ မြင်တော့ မိဘတွေက သူမရဲ့လုံခြုံရေးအတွက် အိမ်ပြန်လာဖို့ မကြာခန ပြောဆိုနေတယ်လို့ သူမက ပြောပါတယ်။

“ဒီ၂၀၁၄ ကတည်းက အိမ်ကိုမကပ်တဲ့ သူဖြစ်တဲ့အတွက်ကြောင့်မလို့ အဲ့မှာကတည်းက သွားတော့ သူတို့က အိမ်ပြန်လာနေဖို့ခေါ်တယ်။ သူတို့ကလည်း အသက်လည်းကြီးပြီ၊ ကျန်းမာရေးကလည်း သိပ်မကောင်းတဲ့အထဲမှာလည်း ပါတယ်။ မိသားစုလည်းအများကြီးမရှိဘူး။ အဲ့လိုမျိုးဖြစ်တော့ အိမ်ပြန်ခေါ်လာဖို့ သူတို့က ခဏခဏပြောတယ်ပေါ့နော်” လို့ မော်မဲမိုက ပြောပါတယ်။

မော်မဲမိုတယောက် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို လုပ်ဆောင်လာတာ အာဏာသိမ်းကာလမှ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ဖေစိုးလေး လူငယ်အဖွဲ့ ကို ဖွဲ့စည်းကတည်းက ပါ။

မော်မဲမိုတို့ ရဲ့ ဖေစိုးလေး လူငယ်အဖွဲ့ဟာ ဒေသတွင်းက အုပ်ချုပ်ရေး၊ ပညာရေး နဲ့ တခြားသောကဏ္ဍတွေကို တခြားမြို့နယ်တွေနဲ့ ရင်ဘောင်တန်းနိုင်အောင် ကြိုးစားနေကြတာပါ။

“ဒီလို လူငယ်တွေ ပြန်ပြီးစုစည်းလို့ရအောင်ဆိုပြီးတော့မှ လူငယ်ဖွဲ့တယ်။ ဖွဲ့ပြီးတဲ့နောက်ပိုင်းမှာပဲ အမျိုးသားအ‌ရေးတွေ စပြီးတော့မှ စိတ်ဝင်စားလာတယ်။ အဲ့ဒီကနေပဲ စပြီးတော့မှ စိတ်ဝင်စားလာတယ်လို့ပဲ ပြောလို့ရမယ်ပေ့ါနော်” လို့ မော်မဲမိုက ပြောပါတယ်။

အမျိုးသားတွေကြီးစိုးနေတဲ့ လုပ်ငန်းခွင်မှာ လူငယ်အမျိုးသမီးတယောက် ပါဝင်လှုပ်ရှားရတဲ့အခါ ရင်ဆိုင်ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေက မနည်းပါဘူး။ အမျိုးသမီးဖြစ်တာကြောင့် ခွဲခြားဆက်ဆံခံရတာတွေရှိသလို၊ ဝေဖန်တိုက်ခိုက်ခြင်း ခံရတာတွေလည်းရှိပါတယ်။

“ကိုယ့်ရဲ့စိတ်က ဒါမျိုးလုပ်ရမယ်ဆိုတဲ့ စိတ်ရဲ့တွန်းအားပေးမှုကြောင့် ကျမကဒီလမ်းကို လျှောက်ခဲ့တာပေါ့နော်။ လျှောက်ရင်းလျှောက်ရင်းနဲ့ ဒီလိုမျိုး အမျိုးသမီးဖြစ်ပြီးတော့မှ ယောကျ်ားထက် ဦးဆောင်ရကောင်းလားဆိုတဲ့ ဟာမျိုးတွေလည်း ရှိတယ်။ အဲ့ဒါကြောင့် ဒီကိစ္စတွေက ကျမအတွက်တော့ စိန်ခေါ်မှုတွေဖြစ်ခဲ့တာပေါ့။” လို့ မော်မဲမိုက ပြောပါတယ်။

ယခင်ကတော့ ဆိုမိုဖေးစိုးလေး(ရှားတော) မြို့နယ်မှာတော့ မော်မဲမိုနဲ့အတူ အမျိုးသားရေးမှာ ပါဝင်လှုပ်ရှားတဲ့အမျိုးသမီးတွေ များစွာရှိနေခဲ့ပေမဲ့လည်း အကြောင်းအမျိုးမျိုးတွေကြောင့် စွန့်ခွာသွားကုန်ကြပါတယ်။ နောက်ဆုံးမှာတော့ အမျိုးသားရေးကို လုပ်ဆောင်ချင်တဲ့ စိတ်ဆန္ဒ ပြင်းပြတဲ့ သူမတဦးသာ ကျန်ပါတော့တယ်။

ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်ဟာ အခုချိန်မှာတော့ တော်လှန်ရေး တပ်ဖွဲ့တွေ အပြီးတိုင် ထိန်းချုပ်ထားနိုင်ခဲ့တာဟာ တနှစ်ကျော် ကာလကို ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။ အခုချိန်မှာ ပြန်လည်ထူထောင်ရေးအတွက် လူငယ်တွေစည်းလုံးပြီး အားကျိုးမာန်တက်လုပ်ဆောင်ရမယ့် ကာလကို ရောက်ရှိနေပါပြီ။

လက်ရှိမှာလည်း မော်မဲမိုနဲ့အတူ ဆိုမိုဖေစိုးလေး လူငယ်တွေဟာ သူတို့လျှောက်မယ့်လမ်းရဲ့ အနာဂါတ်ကို သူတို့ကိုယ်တိုင် ပုံဖော်ထုဆစ်နေကြပါတယ်။ ဒါ့အပြင် တက်သစ်စ လူငယ်တွေကိုလည်း သူတို့ဒေသအကျိုးဆောင်နိုင်သူတွေဖြစ်လာဖို့ကို ကြိုးစားဆောင်ရွက်နေကြပါတယ်။

“တက်သစ်စလူငယ်တွေကို ကျနော်တို့က ပညာရေးပိုင်းမှာပိုပြီးတော့ ဦးစားပေးခိုင်းတယ်ဆိုတာက လာမယ့်ရှေ့လုပ်ငန်းစဉ်တွေကို ကျနော်တို့အမြဲတမ်းမလုပ်နိုင်ဘူး။ ပညာအရည်အချင်းမှာ ကျနော်တို့ထက်ပိုတောင့်အောင် ကျနော်တို့ထက်ပိုပြီးတော့မှ လုပ်နိုင်အောင်ဆိုပြီးတော့မှ အခုလက်ရှိလူငယ်တွေကို ထိန်းကျောင်းတယ်” လို့ ဆိုမိုဖေစိုးလေး(ရှားတော) လူငယ် ဥက္ကဌ ခူးကူးရယ် ကပြောပါတယ်။

ဆိုမိုဖေစိုးလေးမြို့နယ်တွင်း တနေရာမှာ မြင်တွေ့ရတဲ့ လူငယ်အမျိုးသမီး မော်မဲမို

အာဏာသိမ်းကာလမှာ ပညာကို ကောင်းကောင်းမသင်ကြားနိုင်ခဲ့တဲ့ ဆိုမိုဖေစိုးလေး (ရှားတော) လူငယ်အများစုကို ပညာဆက်လက်သင်ကြားနိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။

ဒါပေမဲ့ ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်မှာ စာသင်ကျောင်းပေါင်း (၂၆) ကျောင်းရှိပေမဲ့လည်း အထက်တန်းကျောင်း တကျောင်းသာ ဖွင့်လှစ်ထားနိုင်ပါသေးတယ်။ ဒါ့အပြင် ကျန်းမာရေး ပိုင်းမှာလည်း တတ်ကျွမ်းနားလည်ပြီး ခွဲစိပ်မှုတွေ ပြုလုပ်နိုင်တဲ့ ဆရာဝန်တဦးကိုလည်း လိုလားနေကြပါတယ်။

ဆိုမိုဖေးစိုးလေး(ရှားတော) မြို့နယ်အတွက် အမျိုးသားရေးကို စွမ်းစွမ်းတမံ လုပ်ဆောင်နေတဲ့ မော်မဲမို တယောက်မှာတော့ အနာဂတ်မှာ ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်ကို သူမမြင်ချင်တဲ့ပုံစံ အကြောင်းကို အခုလိုပဲ ပြောဆိုသွားပါတယ်။

“အဲ့တော့ ဆိုမိုဖေဆိုးလေးလို့ ပြောလိုက်ပြီ ဆိုလို့ရှိရင် လူများတွေမြင်တဲ့ အမြင်ကတော့ အတယ်၊ ထုံတယ်၊ နုံတယ်ပေါ့နော်။ နောက်ကျတယ်၊ ဖွံ့ဖြိုးတဲ့အပိုင်းလည်း နောက်ကျတယ်။ တခြားအပိုင်း အစစအရာရာတွေမှာ နောက်ကျတယ်။ လူများမြင်တဲ့အမြင်မှာ။ ဒီအချိန်မှာ ကျမတို့က ကောင်းကောင်းလေးလုပ်နိုင်တဲ့ အခြေအနေကာလ တွေရောက်ပြီဆိုတော့ အုပ်ချုပ်ရေး ယန္တာရားကောင်းကောင်းလေးနဲ့ပေါ့နော်၊ ကျမတို့လူအရင်းအမြစ် ကောင်းကောင်းလေးနဲ့ ကျမတို့ လည်ပတ်ပြီးတော့မှ စောနကပြောတဲ့ ကျမလုံးဝမမေ့တဲ့အချက်ပေါ့နော်။ ကိုယ့်လုံခြုံရေးနဲ့ ကိုယ်ရှိပြီးတော့မှ၊ အင်အားတွေနဲ့ ထားပြီးတော့မှ၊ ကျမတို့လုံလုံခြုံခြုံနဲ့ ဖြတ်သန်းချင်တဲ့ဘဝကိုတော့ မြင်ချင်တယ်ပေါ့နော်။ ဒီမြို့နယ်ကိုတော့ ကိုယ့်လူတွေ ချစ်ချစ်ခင်ခင် မြတ်မြတ်နိုးနိုးနဲ့ ဝိုင်းဝန်းပြီးတော့မှ လုပ်ဆောင်နေတဲ့ မြို့လေးတခုတော့ အဲ့လိုမျိုးမြင်ချင်ပါတယ်” လို့ မော်မဲမိုက ပြောပါတယ်။

spot_img
spot_img

Recent posts