spot_imgspot_imgspot_imgspot_img
Thursday, July 25, 2024
spot_imgspot_imgspot_imgspot_img

ကုန်စျေးနှုန်းက လူကိုသတ်တဲ့ ‘ခေတ်’

Author

Date

Category

မူဖိလစ်စတာ / ကန္တာရဝတီတိုင်း (မ်)

သတ္တုတူးဖော်တဲ့ မိုင်းတွင်းတွေကြောင့် လူသိများတဲ့ မော်ချီးဒေသမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကုန်စျေးနှုန်း အဆမတန်မြင့်တက်လာခဲ့ပါတယ်။ မော်ချီးဒေသအတွင်း နေရာဒေသအလိုက် ကုန်စျေးနှုန်း ကွာခြားနေတယ်ဆိုပေမဲ့ ၎င်းကုန်စျေးနှုန်းတခုစီတိုင်းဟာ ကရင်နီပြည်ထဲက တခြားမြို့နယ်တွေက ကုန်စျေးနှုန်းတွေရဲ့ ၃ဆ ရှိနေပါတယ်။

အာဏာမသိမ်းခင်ကာလတွေမှာတော့ မော်ချီးဒေသဘက်ကို သွားလာတဲ့လမ်းခရီးတွေ အဆင်ပြေချောမွေ့ ခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ လုံခြုံရေးအခြေအနေတွေကြောင့် ကုန်စည်တင်ပို့ဖို့ အလွန်ကြမ်းတမ်းတဲ့ တောင်ပေါ်လမ်းကိုသာ အသုံးပြုသွားလာကြရပါတော့တယ်။

ဒါ့ကြောင့်လည်း မြေပြန့် ဒေသရဲ့ ကုန်စျေးနှုန်းထက် ၃ ဆပိုရှိနေတာ မဆန်းတော့ပါဘူး။ ဒါကလည်း ဝမ်းရေးတနပ်စာရဖို့အတွက် ကုန်းရုန်းရှာနေရတဲ့ မော်ချီးဒေသက ဒေသခံတွေအတွက်ကတော့ နားရက်မရှိအောင် အလုပ်လုပ်ရပါတယ်။

“ကုန်စျေးအရမ်းမြင့်တော့ တခါတလေကျရင် ကျောက် ကပ်ကောက်တဲ့အဖွဲ့က အဆင်မပြေဘူးပေါ့နော။ တခါတလေ ငါးပိ၊ ငါးခြောက် အဲတာတွေဘဲ စားနိုင်တယ်ပေါ့နော။ အခုက ဂေါ်ဖီတလုံးဆို ၅ ထောင်၊ ပန်းပွင့်တွေဆို ၈ ထောင် ၉ ထောင်ရှိတယ်” လို့မော်ချီးဒေသမှာ စစ်ဘေးရှောင်နေပြီး ခဲကျောက် ကောက်ရင်း ဝမ်း‌ရေးဖြေရှင်းနေရတဲ့ လွိုင်ကော်ဒေသခံ ပုလဲစေးက သူမကြုံနေရတာကို ပြောပြသွားတာပါ။

တနေ့လုပ်တနေ့စားမိသားစု များပြားနေတဲ့ မော်ချီးဒေသမှာ အသား၊ ငါး စားနိုင်ဖို့က သာမာန်မိသားစုတွေကြား ဆိတ်ငြိမ်သွားခဲ့ပါပြီ။ ခဲလုပ်ငန်းခွင်က ကဏ္ဍတခုစီမှာ သွေး၊ ချွေး ရင်းပြီး ပင်ပင်ပန်းပန်း ကုန်းရုန်းလုပ်ကိုင်မှ တနေ့ လုပ်အားခ ၂ သောင်းကျပ်ရတဲ့နေ့စား လုပ်ကိုင်သူကတော့ တပိဿာ ၃ သောင်း ၅ ထောင် စျေးရှိတဲ့ အမဲသား ကိုဝယ်စားနိုင်ဖို့က မလွယ်တော့တာပါ။ အာဟာရဖြစ် အစားအသောက်တွေကို နေ့တဓူဝ စားသောက်နိုင်ဖို့ကတော့ ‌ဝေလာဝေး။

မော်ချီးဒေသက ခဲသတ္တုတွင်းမှာ ခဲကျင်းထဲဝင်ပြီး ပိုခက်ခဲတဲ့အလုပ်လုပ်လေ ဝင်‌ငွေပိုကောင်းလေ လို့‌ပြောကြပါတယ်။ ဒါပေမဲ့လည်း ဒီအလုပ်ဟာ ရေရှည်လုပ်ကိုင်ရင် ကျန်းမာရေးကိုထိခိုက်စေမှု ပိုများပါတယ်။ ကျန်းမာရေးအတွက် ဆိုးကျိုးသက်ရောက်မှု အများဆုံးဖြစ်စေတဲ့ ဂန်းထိုးလုပ်ငန်းကို လုပ်ကိုင်နေသူ ကိုစိုးသူကတော့ စစ်ဘေး အန္တရာယ်ထက် တနေ့တနေ့ စားသောက်ရေးမငတ်ပြတ်အောင် ရုန်းကန်ရေးကိုပဲ ပိုတွေးပူရတယ်လို့ ပြောပါတယ်။

“ အချဥ်ဟင်းတခွက်ကို အနိမ့်ဆုံး ၅ ထောင် ၁ သောင်း အဲလောက်တောင်မကဘူး ကုန်တယ်။ အခုဆို ကန်စွန်းရွက်ဆို ၅ထောင်ဖိုး ၃ စည်း။ ချဥ်ပေါင်ရွက်ဆိုလည်း ဒီအတိုင်းပဲ။ တစည်း ၃ထောင်ဆို ၉ ခက် ၁၀ ခက်ပဲရှိတယ်။ အဲလို အချဥ်ဟင်းတခွက်ဖြစ်ဖို့တောင် ၁ သောင်းဝန်းကျင်ထိရှိတယ်။ လက်ရှိမှာ စားဖို့အတွက်ပဲ ပိုပူပန်ရတာ‌ပေါ့”လို့ ခဲကျင်းမှာ ဂန်းထိုး တဲ့အလုပ်ကို လုပ်ကိုင်နေသူ ကိုစိုးသူက ပြောပြတာပါ။

ကိုစိုးသူက စားဝတ်နေရေး ပြေလည်အောင်ဖြေရှင်းဖို့ ကျန်းမာရေးဆိုးကျိုး အများဆုံးသက်ရောက်နိုင်တဲ့ ဂန်းထိုးလုပ်ငန်းကို လုပ်ကိုင်နေရင်း လက်တွေ့မှာလည်း သလိတ်ထဲ သွေးပါတဲ့ထိ ချောင်းဆိုးတဲ့ ဝေဒနာကိုခံစားနေရပါတယ်။ အမောဒဏ်လည်းမခံနိုင်‌တော့ပဲ ဆေးဝါးပုံမှန်မှီဝဲနေရပါတယ်။ အလုပ်လည်း ဝေးဝေးမှတခါ သွားမှရတော့တာမို့လို့ သူတို့ မိသားစုအပေါ် စားဝတ်နေရေးအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိလာတယ်လို့ သူကပြောပါတယ်။

အလားတူပဲ ခဲကျင်းပိုင်ရှင်တွေမှာလည်း အကြပ်အတည်းကြုံလာရတယ်လို့ဆိုပါတယ်။ ခဲကျင်းအုံနာတွေက တနေ့ကို ကျင်းသုံး ပစ္စည်းကိရိယာ ကုန်ကျစရိတ်အပြင် အလုပ်သမား ကျွေးမွေးစရိတ်ကြောင့် ယခင်ကထက် ကုန်ကျစရိတ်ပိုများလာတယ်လို့ ပြောပါတယ်။ ဒါတင်မကပဲ မိုးရာသီ လမ်းခရီးကြောင့် ခဲစျေးပါကျနေတာပါ။ ဒါ့ကြောင့် တနေ့တနေ့ ကုန်ကျစရိတ်အတွက် ဘေးကျပ်နံကျပ် ဖြစ်ရတယ်လို့ ပြောပါတယ်။

ကရင်နီ ‌ဒေသခံတွေကတော့ မော်ချီးဒေသကို ငွေဝင်လွယ် ၊ ငွေထွက်လွယ်တဲ့ အရပ်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဝင်ငွေရဲ့ နှစ်ဆကို ထွက်ငွေက ပြေးလိုက်တာကြောင့် သာမာန် လုပ်သားတွေမှာ စုမိဆောင်းမိဖို့ မလွယ်တော့ပါ။

“စုဆောင်းမိတာ‌တော့ မရှိဘူး။ ကုန်စျေးတက်တော့ တချို့ အဆင်ပြေတဲ့သူတွေစုမိကြသလို တချို့အဆင်မပြေတဲ့ သူတွေလည်း မစုမိကြပါဘူး။ ဝမ်းရေးအတွက် ဖြည့်ရတာများတယ်” လို့ ပုလဲစေးက ပြောပါတယ်။

စစ်အာဏာမသိမ်းခင်က မော်ချီးဒေသခံတွေက ခဲလုပ်ကွက်မှာ ‌ငွေရှာပြီး လွိုင်ကော်မြို့ပေါ်ကို စျေးဝယ်ထွက်လေ့ရှိပါတယ်။ လက်ရှိအချိန်မှာ တိုက်ပွဲ အခြေနေကြောင့် မော်ချီးကနေ ပျော်ပျော်ပါးပါး စျေးဝယ်ထွက်လို့ မရတော့ပါဘူး။ ဒါကလည်း ဒေသခံတွေရဲ့ စိတ်ကူးထဲက စိတ်ကူးတခုအတိုင်းသာ ထင်ထင်ရှားရှား ကျန်နေခဲ့ပါတယ်။

“ အရင်တုန်းကလို ပြေပြေလည်လည်နဲ့ လုပ်ကိုင်စားသောက်ရတဲ့ အချိန်တွေကို ပြန်လိုချင်တာပေါ့” လို့ ဒေသခံတဦးက ပြောလိုက်ပါတယ်။

spot_img
spot_img

Recent posts