ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်အတွင်းနေထိုင်ကြတဲ့ ကော်ယော်(သို့) မနုမနော ဆိုတဲ့ လူမျိုးအမည်ကို ကော်ယော်မနုမနော လို့ ပြောင်းလဲခေါ်ဆိုကြဖို့ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့မှာ ကော်ယော်မနုမနော စာပေနဲ့ယဥ်ကျေးမှုကော်မတီက အသိပေးထုတ်ပြန်ထားပါတယ်။
အဆိုပါ အမည် ပြောင်းလဲ သတ်မှတ် ခေါ်ဆိုဖို့ကို ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က ဒေလကြိုကျေးရွာမှာ တွေ့ဆုံညှိနှိုင်း အစည်းအဝေးတစ်ရပ် ကျင်းပ ပြုလုပ်ခဲ့ပြီး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဆိုပါတယ်။
ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာတော့ ဖွံဘော်ခွတ်မြို့နယ် အုပ်ချုပ်ရေးကောင်စီဝင်တွေ၊ အမျိုးသားခေါင်းဆောင်တွေ ၊ စာပေနဲ့ ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်တွေ ရပ်မိရပ်ဖနဲ့ လူငယ်ကိုယ်စားလှယ်များက တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ကရင်နီပြည်အတွင်းမှာနေထိုင်ကြတဲ့ အဆိုပါ ကော်ယော်မနုမနော လူမျိုးတွေဟာ နေထိုင်ကြတဲ့ ဒေသတွေကွဲပြားတဲ့ အပေါ်မူတည်ပြီး ခံယူ သုံးနှုန်းကြတဲ့ လူမျိုးအမည်တွေလည်း မတူကြဘူးလို့ ဆိုပါတယ်။
အခုလို လူမျိုးအမည် ပြောင်းလဲ သတ်မှတ်ခေါ်ဆိုလိုက်တဲ့အပေါ် လူမျိုးစုတစ်ခုအတွက် ပိုစည်းလုံးမှုကို ဖြစ်စေလိမ့်မယ်လို့ ကော်ယော်မနုမနော အမျိုးသားတစ်ဦးက သူ့ရဲ့ ခံယူချက်နဲ့ ထင်မြင်ချက်ကို အခုလိုပြောပါတယ်။
“လူမျိုးအမည်ကို တစ်လုံးတည်း တစ်ခုတည်း ခေါ်မယ်ပြောတာတော့ ကြာပါပီ ။ဒါပေမဲ့ လက်မခံချင်တဲ့ လူထုလည်းတချို့ရှိတော့ အခုလိုထုတ်ပြန်ချက်အရ သာအကုန်လက်ခံကြရင် ကျနော့အနေနဲ့ ဝမ်းသာတယ်။ ကျနော်တစ်ယောက်အမြင်ဆို တစ်လုံးတည်း ခေါ်တာ ပိုလည်းလွယ်သလို ပိုပြီး စည်းလုံးကြတယ်လို့မြင်တယ်။” လို့ ကော်ယော်မနုမနော အမျိုးသား တစ်ဦးက ဆိုပါတယ်။
ကော်ယော်မနုမနော လူမျိုးစုဟာ ယခင်က တိုးခွတ် အုပ်စုနဲ့ နန်းဖဲ အုပ်စုတွေမှာ မနုမနော ဆိုတဲ့ အမည်ကို အသုံးပြုခဲ့ပြီး ဒေလကြို အုပ်စုမှာတော့ ကော်ယော် ဆိုတဲ့ အမည်ကို အသုံးပြုခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လူမျိုးစုကြား ခွဲခြားမှု တွေ ဖြစ်စေခဲ့တာကြောင့်လည်း အမျိုးသားဗဟိုကော်မတီ အပါအဝင် စာပေနဲ့ ယဥ်ကျေးမှုကော်မတီ က အခုလို လူမျိုးစုအမည်ကို တစ်မျိုးတည်း သတ်မှတ်လိုကြောင်းဆွေးနွေးခဲ့ကာ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ကရင်နီပြည်အတွင်းက ဌာနေတိုင်းရင်းသားလူမျိုးစုတွေ၊ ဒေသခံ တိုင်းရင်းသားလူမျိုးစုတွေ၊ ကော်ယော်မနုမနောလူမျိုးစုတွေ၊ ကရင်နီပြည် ကြားကာလအစိုးရဌာန၊ ဒေသကာကွယ်ရေးတပ်ရင်းတွေ၊ ပြည်နယ်ရဲတပ်ဖွဲ့၊ အရပ်ဘက်အဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်း၊ ပညာရေးဌာန၊ ကျန်းမာရေးဆေးခန်၊ ကလေးနဲ့အမျိုးသမီးရေးရာအစုအဖွဲ့ နဲ့ လူသားချင်းစာနာ ထောက်ထားမှုအဖွဲ့အစည်းတွေအနေနဲ့ ဥပဒေနဲ့ အညီ လုပ်ထုံးလုပ်နည်းအရ လုပ်ငန်းအဆင်ပြေချောမွေ့စေဖို့ ကော်ယော်မနုမနောအမည်ကို တစ်ပြေးညီ ရေးသားဖော်ပြသတ်မှတ်ပေးဖို့ ကော်ယော်မနုမနော စာပေနဲ့ ယဉ်ကျေးမှုကော်မတီက ပြောဆိုထားပါတယ်။