ကဲ့ရဲ့ ချီးမွမ်း ဒီနှစ်ခွန်း

သိုက်စိုးထွန်း(နတ်ရွာ)

သုံးတန်းကတည်းက သင်ခဲ့ရတဲ့ ဇာတ်ကြောင်းလေးတစ်ခုရှိတယ်။ သမင်ပျို၏နောင်တတဲ့။ သမင်ပျိုလေး တစ်ကောင်က ရေသောက်ဆင်းတယ်။ ရေသောက်ရင်းနဲ့ ကိုယ့်အရိပ်ကရေမှာပေါ်နေတော့ သေသေချာချာကြည့် နေတယ်။ ခြေထောက်တွေ၊ လက်တွေကမလှဘူး၊ ချိုလေးကတော့လှလိုက်တာဆိုပြီးတော့ ခြေထောက်တွေကို ကဲ့ရဲ့တယ်။ ဦးချိုတွေကိုတော့ ချီးမွမ်းတယ်ပေါ့လေ။
သိပ်မကြာပါဘူး။

တောထဲမှာ မုဆိုးလိုက်လို့ ပြေးရင်းလွှားရင်းက ချုံနွယ်ပိတ်ပေါင်းတွေနဲ့ ချိုနဲ့ငြိပြီး လွတ်အောင်မရုန်းနိုင်တော့တဲ့အချိန်မှာ မုဆိုးရဲ့မြားချက်ကြောင့် အသက်ကုန်ရရှာတယ်။ မြားတန်းလန်းကြီးစိုက်နေမှ ရလာတဲ့ နောင်တတွေ တစ်ပွေ့တစ်ပိုက်ကြီးကလည်း သူ့ဘဝအတွက် ဘာမှအရာထင်အောင်လုပ်မပေးနိုင် တော့ဘူး။ အရာရာဟာ သိပ်ကိုနှောင်းခဲ့ကြပြီပေါ့လေ။

ငယ်ငယ်တုန်းကသင်ခဲ့ရတဲ့ သင်ခန်းစာလေးကို ပြန်တွေးကြည့်မိတယ်။ တကယ်ဆို ခြေထောက်တွေနဲ့ တူတဲ့ ဘဝမျိုးတွေ အများကြီးရှိနေကြတယ်။ ဒါပေမယ့် အဲ့ဒီခြေထောက်တွေက လုံးဝအချီးမွမ်းမခံရဘူး။ တရစပ် ကဲ့ရဲ့ခြင်းတွေနဲ့ ရင်ဆိုင်နေကြရတယ်။ အချီးမွမ်းခံရပါ့မလား။ ဒီခြေထောက်တွေက လှပနွဲ့နှောင်းမှုလည်းမရှိ။ ဟန်ပန်အမူအရာကလည်းမကောင်း။ ဒီကြားထဲမှာ ခန္ဓာကိုယ်ကြီးတစ်ခုလုံးရဲ့ဝန်တွေကို ထမ်းရွက်သည်ပိုး ကြရတာလည်းသူတို့။ ရွှံ့ထဲဗွက်ထဲမှာ ပေပေတေတေ ရုန်းရကန်ရတာလည်းသူတို့။ ဆူးငြောင့်ခလုတ်တွေနဲ့ ရင်ဆိုင်ရတော့လည်းသူတို့။ ဖုန်တထောင်းထောင်းကြားမှာ ပြေးရလွှားရပြီဆိုတော့လည်းသူတို့။ ဒီတော့ ခြေထောက် တွေရဲ့ဘဝဟာ ဘယ်လိုမှ လှပနိုင်မှာမဟုတ်ဘူးပေါ့။ မလှပလို့ဆိုပြီးတော့ ကဲ့ရဲ့ခြင်းတွေနဲ့ချည်း ကြုံရပြန်တော့လည်း ခံပေဦးတော့ပေါ့လေ။

ပြီးတော့ ဒီခြေထောက်တွေကိုကဲ့ရဲ့နေတာက တစ်ခြားသူတွေမဟုတ်ဘူး။ ဒီခြေထောက်ရဲ့ပိုင်ရှင်၊ ဒီခြေထောက်ပေါ်မှာရပ်တည်နေတဲ့သူကိုယ်တိုင်ဖြစ်နေတယ်။ အကြောင်းမသိတဲ့သူက ဘုမသိဘမသိရမ်းသမ်းပြီး ကဲ့ရဲ့နေတာမျိုးဆိုရင်တော်သေးတယ်။ ဘေးပတ်ဝန်းကျင် လူပြောသူပြောနဲ့ လေဖမ်းဒန်းစီးပြီး တောင်ပြော မြောက်ပြော လျှောက်ပြောနေတာမျိုးဆိုရင် ထားလိုက်တော့။ သူကိုယ်တိုင် ဒီခြေထောက်တွေပေါ်မှာ အမြဲတမ်း ရပ်တည်လာခဲ့တာ။ ဒါတောင်မှပဲ ဒီခြေထောက်တွေရဲ့အခန်းကဏ္ဍကို ကွဲကွဲပြားပြားမသိမြင်နိုင်ခဲ့ဘူး။ ဒီခြေတွေ၊ လက်တွေရဲ့ လုပ်ငန်းဆောင်တာတွေကို နားမလည်နိုင်သေးဘူး။

ဒီခြေတွေလက်တွေဟာ ဒီခန္ဓာကိုယ်ကြီး လိုရာရွေ့နိုင်ဖို့၊ လိုရာသွားနိုင်ဖို့အတွက် ဒီဦးခေါင်းကြီးက စဉ်းစားလိုက်သမျှအတိုင်း၊ ဒီဦးခေါင်းကြီးက စေညွှန်ရာအတိုင်း လိုက်ပါရွေ့လျားနေရတယ်ဆိုတာတွေ၊ ဒီဦးခေါင်း၊ ဒီခန္ဓာကိုယ်၊ ဒီဦးချိုတွေအကုန်လုံးကို သယ်ဆောင်နိုင်ဖို့အတွက် အောက်ခြေကနေ ဘယ်လောက်အထိ ရုန်းကန်နေကြရတယ်၊ ဘယ်လောက်အထိ တောင့်ခံထားရတယ်ဆိုတာတွေကို ဦးခေါင်းက နားလည်ပေးနိုင်မှ အဆင်ပြေမှာပါ။ ဒီခြေတွေလက်တွေဟာ အလှအပအတွက် တည်ရှိနေကြတာ မဟုတ်ဘူးဆိုတာကိုလည်း သိထားကြရမှာပါ။

ဇာတ်တော်ထဲကသမင်ပျိုလေးကတော့ ဒါတွေသိပ်မသိဘူး။ သူသိတာက ကြည့်လိုက်ရင်လှနေတာနဲ့ လှမနေတာ၊ ဒါကိုပဲသိတယ်။ ဒီလောက်ပဲ စဉ်းစားနိုင်တယ်။ ဒီတော့ ခြေထောက်ကို မလှလို့ဆိုပြီး အပြစ်တင်နေတယ်။ ဦးချိုလေးကိုတော့ လှလွန်းလို့ဆိုပြီး တယုတယချီးမွမ်းခန်း ဖွင့်နေတယ်။ တစ်ချိန်ချိန်မှာ ဒီခြေတွေလက်တွေကပဲ ဘေးလွတ်ရာကို သယ်ဆောင်ပြေးနိုင်တာ၊ ကိုယ့်ခေါင်းပေါ်မှာ တင်ထားတဲ့အရာတွေက တစ်ချိန်ချိန်မှာ ကိုယ့်ကိုဒုက္ခပေးလာနိုင်တာကို ကြိုမတွေးမိဘူး။ လက်တွေ့ကြုံမှ သိလာတယ်။ ကိုယ်ကိုယ်တိုင် အသက်ဘေးနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံတော့မှသိလာတယ်။ ဒါပေမယ့် သေမင်း ခံတွင်းဝကျမှ ရလာတဲ့နောင်တက ဘာမှအသုံးမဝင်နိုင်တော့ဘူး။ အချိန်ဟာသိပ်ကိုနှောင်းခဲ့ပြီမို့လေ။

သတ္တဝါတွေဟာ ပျက်စီးချိန်တန်လာပြီဆိုရင် အမှားကြီးတွေကိုအမှန်ထင်လာတယ်။ မှန်တာတွေကိုတော့ အမှားထင်သွားတယ်။ အမှန်တရားလို့ထင်နေတဲ့ အမှားကြီးတွေကို မြတ်မြတ်နိုးနိုးတန်ဖိုးထားမိတတ်ကြတယ်။ ထင်မြင်ယူဆပုံ၊ အကောက်အယူတွေလဲ အကြီးအကျယ်လွဲသွားတတ်ကြတယ်။ အဲ့ဒီသဘောတရားရေးရာ အမှားကြီးတွေကို ရင်မှာပိုက်ရင်းနဲ့ပဲ မိုးထဲရေထဲကိုရောက်သွားတတ်ကြတယ်။ တကယ့်အရေးတကယ့်ဘေး၊ ဘယ်သွေးဘယ်သားမကယ်ပြီဆိုသလိုပဲ တကယ့်မိုးထဲရေထဲရောက်လာတဲ့အခါကျတော့မှ အဖြူနဲ့အမည်း၊ အလင်းနဲ့အမှောင်ကို ကွဲကွဲပြားပြားသိမြင်လာတော့တယ်။ ဒါပေမယ့်လည်း ကွဲပြားသိမြင်နိုင်စွမ်းတွေက အချိန်မီ ရဖို့တော့လိုပါတယ်။

သုံးတန်းလောက်ကတည်းက ခေါင်းထဲကိုထည့်ပေးလိုက်တဲ့သင်ခန်းစာက ဒီကနေ့အချိန်အထိ အသုံးဝင် နေတာကိုတွေ့ရတယ်။ လက်တွေ့ဘဝမှာ ကဲ့ရဲ့မှု၊ ချီးမွမ်းမှုတွေအများကြီးရှိနေကြတယ်။ ဒီအုပ်စုကို ကဲ့ရဲ့တယ်၊ ဟိုအုပ်စုကိုချီးမွမ်းတယ်။ တစ်ယောက်က ကဲ့ရဲ့တာနဲ့ ကျန်တဲ့သူတွေက လိုက်ပြီးကဲ့ရဲ့။ တစ်ယောက်က ချီးမွမ်းပြီ ဆိုတာနဲ့ ကျန်တဲ့သူတွေကလည်း လိုက်ပြီးချီးမွမ်း။

တစ်ယောက်ယောက်က တစ်ခြားတစ်ယောက်ယောက်ကို၊ တစ်ဖွဲ့ဖွဲ့က တစ်ခြားတစ်ဖွဲ့ဖွဲ့ကို ကဲ့ရဲ့နေကြတယ်၊ ရှုံ့ချနေကြတယ်။ တစ်ယောက်ယောက်က စပြီးကဲ့ရဲ့တာနဲ့ သူ့နောက်က သံယောင်လိုက်မယ့် သူတွေက အများကြီးကပ်ပါလာတယ်။ ကဲ့ရဲ့ပြီဆိုတာနဲ့ ဒီလူကလည်းကဲ့ရဲ့၊ ဟိုလူကလည်းကဲ့ရဲ့။ အားလုံးအားလုံး ဝိုင်းပြီးကဲ့ရဲ့လိုက်ကြတော့တယ်။ ကဲ့ရဲ့ပွဲမဟာသဘင်ကို ဆင်ယင်ကြတော့တယ်။ တစ်ဘက်သားကို အပြစ်တင်တယ်၊ ရှုံ့ချတယ်၊ လူပုံအလယ်မှာ အရှက်ခွဲတယ်၊ ပိဿာလေးနဲ့ နံဘေးကိုရော၊ အရှိုက်ကိုရော၊ ဦးခေါင်းကိုရော၊ ခြေထောက်ကိုရော၊ နေရာလပ်မကျန်အောင်ပစ်တယ်။ တစ်ဘက်ကို သွားထိတယ်၊ ထိတယ် ဆိုတာထက် ထိတယ်လို့ထင်တယ်ပေါ့လေ။ အဆက်မပြတ်ပစ်လွှတ်လိုက်တဲ့မြားတွေအောက်မှာ အသက်ပျောက် သွားလေသလားဆိုတာကိုကြည့်တယ်။ ဟိုတစ်ဘက်က မရှုမလှ ဆန့်တငင့်ငင့်ဖြစ်သွားတာကိုကြည့်ပြီး ပျော်တပြုံးပြုံးဖြစ်ကြပြန်ရော။

တစ်ယောက်ယောက်က ချီးမွမ်းလိုက်ပြီဆိုရင်လည်း နောက်ထပ်နောက်ထပ် အများကြီးကလိုက်ပြီး ချီးမွမ်းခန်းတွေဖွင့်လိုက်ကြပြန်တယ်။ အဲ့ဒီလူရဲ့ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုထ်လေးပါးလုံးက ချီးမွမ်းထောမနာပြုစရာတွေချည်းပဲဖြစ်နေတော့တယ်။ ဘာ့ကြောင့်ဆိုတာကအဓိကမကျတော့ဘူး။ ဘာပဲလုပ်လုပ် ချီးမွမ်းစရာလို့ပဲမြင်နေတော့တယ်။ အဓိကပြောချင်တာကတော့ သံယောင်လိုက်တဲ့ကိစ္စပါ။ သူများချီးမွမ်းဆို ချီးမွမ်းလိုက်ပြီ။ သူများကဲ့ရဲ့ဆိုတာနဲ့ ကဲ့ရဲ့လိုက်ပြန်ပြီ။

အဲ့သလို အများယောင်လို့ယောင်တဲ့အကျင့်က တကယ့်ကိုထူးဆန်းအံ့သြဖွယ်ရာအသွင်နဲ့ လူ့လောက ထဲမှာ လာရောက်ရှင်သန်နေတယ်။ တီးလုံးတိုက်ထားစရာမလိုဘူး။ အကုန်ညီနေကြတယ်။ နည်းနည်းပါးပါး လေသံလေးဘာလေးများ ကွဲကြပါဦးလားလို့တောင် ပြောယူရတော့မလိုပါ။ ဒီကြားထဲမှာ လူတစ်မျိုးကရှိပြန် သေးတယ်။ အကြောင်းအရာအဖြစ်အပျက်က ဒီတစ်ခုတည်းပဲ။ ဒီဘက်အုပ်စုကကဲ့ရဲ့တယ်။ ဟိုဘက်အုပ်စုက ချီးမွမ်းတယ်။ ဒါကိုအဲ့ဒီလူထူးဆန်းက ဒီဘက်ကိုရောက်တော့ ထိုးနှက်တိုက်ခိုက်မှုတွေ၊ ကဲ့ရဲ့မှုတွေလုပ်တယ်။ ဟိုဘက်ရောက်ပြန်တော့ ဘုန်းတော်ဘွဲ့ပတ်ပျိုးတွေနဲ့ ချီးမွမ်းပြန်ရော။ ဒီလိုလျှာနှစ်ခွအသွင်မျိုးတွေတောင်မှ တွေ့ရပြန်တယ်။ သူများချီးမွမ်းသတဲ့ဆိုချီးမွမ်းပြန်ပြီ။ သူများကဲ့ရဲ့သတဲ့ဆို ကဲ့ရဲ့ပြန်ပြီ။

ဒီလိုဆိုတော့ လောကမှာ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းဆိုတာတွေက မရှိသင့်တော့ဘူးလားလို့ ပြောလိမ့်ဦးမယ်။ ရှိသင့်လို့ပဲရှိနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်ဟာက ချီးမွမ်းသင့်တဲ့ဟာလဲ၊ ဘယ်ဟာက ကဲ့ရဲ့သင့်တဲ့ဟာလဲ ဆိုတာကိုတော့ ဝေဖန်ပိုင်းခြားသင့်ပါတယ်။ တွေ့သမျှမြင်သမျှကို လိုက်ကဲ့ရဲ့နေတာ အလုပ်မဖြစ်သလို တွေ့သမျှ မြင်သမျှ လိုက်ချီးမွမ်းနေတာလည်း အဆင်မပြေပါဘူး။

ဒီနေရာမှာ ငါးတန်းကတည်းက သင်ပေးလိုက်တဲ့ နန္ဒိဝိသာလဇာတ်ကိုလည်း ပြန်သတိရမိပါတယ်။
ဂန္ဓာရတိုင်း၊ တက္ကသိုလ်ပြည်မှာ ပုဏ္ဏားတစ်ယောက်က နန္ဒိဝိသာလဆိုတဲ့နွားကလေးကို တယုတယ မွေးထားတယ်။ သူ့ကိုကောင်းကောင်းကျွေးမွေးထားတော့ သခင်ကိုကျေးဇူးဆပ်ချင်တဲ့စိတ်ကူးတွေဝင်လာတယ်။ ဒီတော့ ဝန်တင်လှည်းတစ်ရာကို တစ်ကောင်တည်းနဲ့ရုန်းပါ့မယ်၊ အလောင်းအစားပြုပြီး အသပြာတစ်ထောင်ရအောင် ယူပါလို့ပြောတယ်။ ပုဏ္ဏားကလည်း ဂေါဝိတ္တကသူဌေးဆီသွားပြီး အကျိုးအကြောင်းပြောတယ်။ သူဌေးကလည်း အလောင်းအစားပြုမယ့်ဟာကိုသဘောတူလိုက်တယ်။
တကယ့်ပွဲနေ့ကျတော့ သဲတွေ၊ ကျောက်စရစ်တွေအပြည့်တင်ထားတဲ့ လှည်းအစီးတစ်ရာကို မလှုပ်အောင် ချည်တယ်၊ တွဲတယ်။ ရှေ့ဆုံးမှာ နွားလေးကိုတပ်တယ်။ အရုန်းခိုင်းတယ်။ ခိုင်းတာကိုရိုးရိုးမခိုင်းဘူး။ ကြိမ်ကလေးမြှောက်ရင်းမြှောက်ရင်းနဲ့ “ကောက်ကျစ်တဲ့နွားရဲ့ သွားဟဲ့ သွားဟဲ့”လို့အော်ပြီးခိုင်းတယ်။ နွားက တုတ်တုတ်တောင်မလှုပ်ဘူး။ ပုဏ္ဏားလည်း ငွေတစ်ထောင်ရှုံးတာပေါ့လေ။

အိမ်ရောက်တော့တွေ့ကြပြီ။ ပုဏ္ဏားလဲ အိပ်ရာထဲမှာလဲရပြီပေါ့လေ။ ဒီနေရာမှာ နွားလေးက သူ့သခင် ပုဏ္ဏားကိုမေးတယ်။ “ဒီအိမ်မှာနေတဲ့ကာလတစ်လျှောက် ကျွန်ုပ်ကြောင့် အိုးတစ်လုံးကွဲဘူးသလား၊ ပစ္စည်းတစ်ခုခု ကိုများ တက်နင်းမိဘူးသလား၊ တွေ့ကရနေရာမှာများ ကျင်ကြီးကျင်ငယ်စွန့်ခဲ့ဘူးသလား”လို့မေးတယ်။ ပုဏ္ဏား ကလည်း အဲ့သလိုမရှိခဲ့ဘူးပါဘူးလို့ပြန်ပြောတယ်။ “ဒါဆိုရင် ဘာဖြစ်လို့ ကောက်ကျစ်တဲ့နွားလို့ပြောရသလဲ၊ ဒါအရှင့်အပြစ်ပဲ” လို့ပြောလိုက်သတဲ့။ ဒီတော့မှ စောစောက တစ်ထောင်နဲ့လောင်းတဲ့ပွဲကို နှစ်ထောင်နဲ့ ပြန်လောင်းပြီး မကျေပွဲထပ်နွှဲတယ်။ ဒီတစ်ခါတော့ နွားရဲ့ကျောလေးပွတ်ပြီး “ကောင်းတဲ့နွားလေး၊ သွားပါ၊ သွားပါ”လို့ ပြောတယ်။ နွားလေးကလည်း ပေါ့ပေါ့ပါးပါး ဟန်နဲ့ပဲ ဆွဲပြလိုက်တယ်။ ငွေနှစ်ထောင်ပြန်နိုင်သွားတယ်။

ဒီနန္ဒိဝိသာလဇာတ်ကို ဟောပြီးတဲ့နောက်မှာ ဆဗ္ဗဂ္ဂီရဟန်းတွေကို ဘုရားရှင်က-
မနုညမေ၀ ဘာသေယျ၊ နာမနုညံ ကုဒါစနံ။
မနုညံ ဘာသမာနဿ၊ ဂရုံ ဘာရံ ဥဒဒ္ဓရိ။
ဓနဉ္စ နံ အလာဘေသိ၊ တေန စတ္တမနော အဟု လို့ ဆက်ဟောတော်မူတယ်။
ဘိက္ခဝေ- ရဟန်းတို့၊ ပရေန- တပါးသောသူနှင့်၊ သဒ္ဓိ ံ- တကွ၊ ဘာသမာနော- ဆိုသောသူသည်၊ မနုညမေဝ- မနှစ်သက်ဖွယ်သောစကားကို၊ ကုဒါစနံ- တရံတဆစ်မျှ၊ န ဘာသေယျ- မဆိုရာ။ မနုညံ- နှစ်သက်ဖွယ်သောစကားကို၊ ဘာသမာနဿ- ဆိုသောပုဏ္ဏား၏၊ ဂရုံ- လေးသော၊ ဘာရံ- လှည်းတစ်ရာကို၊ ဥဒဒ္ဓရိ- ငင်၍တည်စေပြီ။ တံ- ထိုပုဏ္ဏားကို၊ ဓနဉ္စ- ဥစ္စာကိုလည်း၊ အလာဘေသိ- ရစေပြီ။ ဗြာဟ္မဏော- ပုဏ္ဏားသည်၊ တေန- ထို့ကြောင့်၊ အတ္တမနော- နှစ်သက်သည်၊ အဟု- ဖြစ်ပြီ။
(ကုရုင်္ဂဝဂ်၊ နန္ဒိဝိသာလဇာတ်)

ဒီဇာတ်ကပေးတဲ့သင်ခန်းစာကတော့ ကြမ်းတဲ့စကား၊ ရိုင်းတဲ့စကားဆိုရင် လူမပြောနဲ့ တိရစ္ဆာန်တောင် မကြိုက်ဘူးဆိုတာပါ။ ဒီအချက်ကိုသိနေကြပေမယ့် အများအားဖြင့်က လစ်လျူရှုမိတတ်ကြပါတယ်။ ထစ်ခနဲရှိ ပြစ်တင်မောင်းမဲမှုတွေလုပ်ချင်နေတတ်တယ်။ ဘာမှတောင်မလုပ်ရသေးဘူး၊ အပြစ်ကပြောပြီးနေပြီ။ ကဲ့ရဲ့ပြီးနေပြီ။ ရှုှုံ့ချပြီးနေပြီ။ ခြေလှမ်းလေးတစ်လှမ်း လှမ်းလိုက်ပြီဆိုတာနဲ့ ပြစ်တင်ရှုံ့ချမှုက ကပ်ပါလာပြီ။ နောက်ထပ်နောက်ထပ် လှမ်းတိုင်းမှာလည်း တရစပ်ပြစ်တင်မှုတွေက တစ်တွဲကြီးတစ်သီကြီးလိုက်လာပြီ။ ဒီသံသရာကြီးက ဆုံးကို မဆုံးနိုင်တော့ဘူး။ ခံရတဲ့သူက ဘာမှကိုပြန်ပြောခွင့်မသာတော့ဘူး။ မျောက်သေလေးပါးရိုက်ထားသလို ခပ်မှိုင်မှိုင် မလှုပ်မယှက်မျက်နှာနဲ့သာ နေကြရလေသတည်းပေါ့။

တကယ်တော့ ချီးမွမ်းရမယ့်ဟာကို ကဲ့ရဲ့မိတာမျိုး၊ ကဲ့ရဲ့ရမယ့်ဟာကိုချီးမွမ်းမိတာမျိုးတွေက အကျိုးဆက် လည်း သိပ်တော့မကောင်းနိုင်ပါဘူး။ ကဲ့ရဲ့မှုဒဏ်တွေကြားမှာ အလူးအလဲခံသွားရတဲ့သူတွေအများကြီးရှိခဲ့ကြတယ်။ ခေါင်းမဖော်နိုင်လောက်အောင်ဖြစ်ပြီးတော့ စုန်းစုန်းမြုပ်သွားရသူတွေရှိခဲ့ကြတယ်။ တစ်ခါတစ်ခါကျတော့ အချီးမွမ်း၊ အကဲ့ရဲ့မှားတဲ့သူကိုယ်တိုင်တောင်မှ ပြန်ခံရတတ်တယ်ဆိုတာကို စောစောကတင်ပြခဲ့တဲ့ သမင်ပျိုလေးက သက်သေခံနေပါတယ်။

ကဲ့ရဲ့တာကပဲ တစ်ဘက်လူအတွက် ဒဏ်ခံရနိုင်တာ၊ ချီးမွမ်းတာကတော့ ဘာဒဏ်မှမခံရနိုင်ဘူးလို့ တွေးချင်စရာပါပဲ။ ဒါပေမယ့် ဒီအတိုင်းလည်းမဟုတ်ပြန်ပါဘူး။ နတ်ရူးကိုဘုံနဲ့မြှောက်ဆိုသလို သိပ်မဟန်မှန်းသိနေ ပါလျက်သားနဲ့ အားလုံးတက်ညီလက်ညီဝိုင်းဝန်းမြှောက်ပင့်ချီးမွမ်းခန်းဖွင့်လိုက်ကြရာက စိုင်ကော်လို့ ချုံပေါ် ရောက်တဲ့ကိန်း ဆိုက်သွားတာမျိုးလည်းရှိပြန်တယ်။ တကယ့်တကယ်ချီးမွမ်းသင့်တဲ့ဟာမဟုတ်မှန်းလည်း သိတယ်။ သိပေမယ့် ဟိုတစ်ဘက်ကို ကျွမ်းပြန်အောင်လည်ထွက်ပါစေဆိုပြီး သိပ်တော်တာပဲ၊ သိပ်ထူးချွန်တာပဲ ဆိုတဲ့အပြောမျိုးတွေနဲ့ သွားမြှောက်လိုက်တာ ဟိုတစ်ဘက်လည်း သွက်သွက်ခါသွားတဲ့ အခြေအနေအထိ ရောက်သွားရော။

ဘယ်လိုအရာမျိုးပဲဖြစ်ဖြစ်၊ ချီးမွမ်းတာပဲဖြစ်ဖြစ်၊ ကဲ့ရဲ့တာပဲဖြစ်ဖြစ် လမ်းကြောင်းမှန်အောင် မကျင့်သုံးဘဲနဲ့ တလွဲကြီးလုပ်မိလျက်သားဖြစ်နေရင်တော့ ရလဒ်ကောင်းတွေကို ဆောင်ကျဉ်းနိုင်မှာမဟုတ်ပါဘူး။ သတိကြပ်ကြပ် ထားပြီး ဝေဖန်ပိုင်းခြားနိုင်ဖို့လိုပါတယ်။

ကိုယ်ကိုယ်တိုင်ရဲ့ဘဝမှာလည်း ချီးမွမ်းသင့်တဲ့သူတွေကို မချီးမွမ်းဘဲ လစ်လျူရှုထားခဲ့မိနေပြီလား၊ ကဲ့ရဲ့သင့်တဲ့သူတွေကိုရော မကဲ့ရဲ့ဘဲနဲ့ ပြောင်းပြန်ကြီးချီးမွမ်းနေခဲ့မိပြီလားဆိုတာကို သေသေချာချာပြန်တွေးကြည့်ပြီး သမင်ပျိုလိုနောင်တရမယ့်အဖြစ်မျိုးကနေ ဝေးဝေးရှောင်နိုင်ဖို့ကြိုးစားရဦးမှာပါ။
ကဲ့ရဲ့ချီးမွမ်း ဒီနှစ်ခွန်းကို အစွန်းမရောက်ဖို့သတိထားကြရအောင်ပါ။

Comments

comments

Next Post

ခရီးသည်တင်ဆောင်တဲ့ယာဉ်လိုင်း မပြေးဆွဲသေး

Wed May 13 , 2020
ကန္တာရဝတီတိုင်း(မ်) လတ်တလောဖြစ်ပွားနေတဲ့ COVID-19 ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်းမှာ သင်္ကြန်မတိုင်ခင်ကတည်းက ခရီးသည်ယာဉ်လိုင်းပြေးဆွဲမှုရပ်နားထားပြီး လက်ရှိအချိန်ထိ ယာဉ်လိုင်းမပြေးဆွဲသေးဘူးလို့ သိရပါတယ်။ “ဒီကာလမှာပြေးဆွဲနေတဲ့ကားလိုင်းတော့မရှိဘူး။ ကယားပြည်နယ်မှာကုန်ဈေးနှုန်းမမြင့်တက်ဖို့ကို လူမတင်ဘဲနဲ့ ကားကိုတခါတလေလွှတ်ပြီးတော့ နေပြည်တော်ဖက်ကို ကုန်းဈေးသယ်တာတော့ ရှိကောင်းရှိတယ် နောက်ပြီးတော့ လွိုင်ကော်-တောင်ကြီးပြေးဆွဲနေတဲ့ ငြိမ်းချမ်းမိုးလိုင်းတစ်လိုင်းတော့ရှိတယ် ကုန်ပဲပေါ့ လူမပါဘူးအဲဒါတော့ “ လွိုင်ကော်မြို့ ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီဥက္ကဌ ဦးစံအေးက ပြောပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ COVID-19 ရောဂါထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် ပြည်နယ်အစိုးရက မတ်လ ၁၅ ရက်နေ့အထိ ဒေသန္တရအမိန့်ကြော်ငြာစာတွေထုတ်ထားတာကြောင့် ခရီးစဉ်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအနေနဲ့ ပြေးဆွဲမှုကို ခေတ္တရပ်နားထားတာဖြစ်ပါတယ်။ “ကားလိုင်းမထွက်ရဘူးဆိုတာက တခြားပြည်နယ်နဲ့တိုင်းနဲ့လည်းဆက်စပ်တာရှိတာပေါ့ ဥပမာ မန္တလေးတိုင်းဆိုရင် တခြားပြည်နယ်တိုင်းက ယာဉ်လိုင်းတွေကိုကန့်သတ်ထားတာရှိတယ် ရန်ကုန်တော့မကန့်သတ်ဘူး သို့သော်ငြားလည်း မန္တလေးကန့်သတ်ထားတဲ့အတွက် လွိုင်ကော်ကနေ မန္တလေးကိုသွားတဲ့ကားဆိုရင် […]