spot_imgspot_imgspot_imgspot_img
Sunday, February 16, 2025
spot_imgspot_imgspot_imgspot_img

ကျစ်လစ်တဲ့ အခွန်ကောက်ခံမှုကိုသာ လိုလားတယ်လို့ ဒေသခံလူထုတွေပြော

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်တွင်းက အခွန်ကောက်ခံမှုကို မြို့နယ်အုပ်ချုပ်ရေး‌ ကောင်စီတွေက စတင်ကောက်ခံနေပြီဖြစ်ပေမဲ့ ကျစ်လစ်တဲ့ အခွန်ကောက်ခံမှုကိုသာ လိုလားတယ်လို့ ဒီးမော့ဆိုမြို့နယ်အတွင်းက ဒေသခံလူထုတွေက ပြောပါတယ်။

“တစ်လတစ်လ အခွန်နဲ့ အလှူငွေနဲ့ဆို တစ်သိန်းတော့ အေးဆေးပဲ။ တချို့ဆိုင်ဆို တစ်သောင်းနှစ်သောင်းနဲ့ တင်းတိမ်တာတော့ ရှိတယ်လေးနော။ ဒါပေမဲ့ ကျမအနေနဲ့ဆို တစ်လတစ်လ ဆိုတစ်သိန်းမအောက်ဘူး” လို့ အမည်မဖော်လိုတဲ့ အထည်ဆိုင် ရောင်းချသူတစ်ဦးကပြောပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ကြားကာလအတွင်း ပြန်လည်ဖွဲ့စည်းထားတဲ့ ဒီးဘောင်းခူမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးကောင်စီက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ကစလို့ အခွန်ဖြတ်ပိုင်းနဲ့ စျေးဆိုင်အကြီး၊ အသေးပေါ် မူတည်ပြီး နှစ်သောင်းကျပ်ကနေ လေးသောင်းကျပ်အထိ အခွန်နှုန်းထား သတ်မှတ်ကာ လစဥ် စည်ပင် အခွန်ငွေကောက်ခံမှုကို စတင်နေပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် စျေးအရောင်းဆိုင်တွေမှာ လက်နက်ကိုင် တပ်ရင်းတပ်ဖွဲ့တွေရဲ့ အလှူငွေကောက်ခံမှုက လစဥ်လတိုင်းရှိတယ်လို့ စျေးဆိုင်ဖွင့်ထားတဲ့ စစ်ဘေးရှောင်လူထုတွေက ပြောပါတယ်။

ကရင်နီပြည်သူ့လွတ်မြောက်‌ရေးတပ်ဦး (ကလလတ)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် DMO တို့ကို အလှူငွေ၊ ကံစမ်းမဲလက်မှတ် စသဖြင့် ပုံမှန်ဝယ်ယူ ပေးဆောင်နေရသလို တခြားတပ်ရင်းတပ်ဖွဲ့တွေကိုလည်း ပေးဆောင်နေရတာရှိတယ်လို့ နောက်ထပ်အမည်မဖော်လိုတဲ့ အထည်ဆိုင် အရောင်းသမားတစ်ဦးက ပြောပါတယ်။

စျေးဆိုင်ခန်းတွေ ဖွင့်လှစ်ရောင်းချနေသူတွေထဲမှာ ဒေသခံတွေအပြင် စစ်ရှောင်ပြည်သူတွေလည်း ပါဝင်နေပါတယ်။ ဒေသခံမဟုတ်တဲ့ စစ်ရှောင်တွေကတော့ အကောက်ခွန်တွေအပြင် မြေငှားရမ်းခ တွေပါ ပေးဆောင်နေကြရပြီး နယ်မြေဒေသအလိုက် မြေငှားရမ်းပေးသူ၊ မြေရှင်တွေအပေါ်မူတည်ကာ ကျပ် ၅သောင်းကနေ ၁၀ သိန်းအထိ လစဉ်ပေးဆောင်နေရတာရှိတယ်လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းက ဆိုင်ခန်းဖွင့်လှစ်ထားသူတွေက ပြောပါတယ်။

အခုလို အကောက်ခွန်တွေ၊ မြေငှားရမ်းခတွေကို လစဉ်ပေးဆောင်နေကြရတာကြောင့်လည်း ကုန်စျေးနှုန်းမြင့်တက်လာမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ချယ်ရီကုန်းစျေးတန်းက ဆိုင်ခန်းဖွင့်ထားသူတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။

“မြေငှားခက ကျမတို့ စရောက်တုန်းကဆို နှစ်သောင်းပဲ တောင်းတယ်။ အခုကျတော့ ကုန်စျေးနှုန်းမြင့်တက်လာလို့တဲ့ ၁၀ သိန်းတောင်းတယ်။ မပေးပဲ နေလို့မရဘူးလေး။ ဒီလို များများပေးရ‌တော့ ကျမတို့အတွက်ကျန်အောင် ကုန်စျေးပေါ်မှာပဲ ပြန်ညှိရောင်းရတော့ စျေးနှုန်းတွေလည်း ပိုပိုကြီးလာပေါ့” လို့ ဆိုင်ခန်းဖွင့်လှစ်ထားသူ တစ်ဦးက ပြောပါတယ်။

မြေငှားခ၊ တပ်ရင်းတပ်ဖွဲ့တွေကို ပေးဆောင်ရတဲ့အလှူ‌ငွေ၊ မြို့နယ်က ကောက်ခံတဲ့ စည်ပင်ခွန် တွေကို ပေးဆောင်ရတဲ့အပြင် လက်ရှိရောက်ရှိနေထိုင်ကြတဲ့ ကျေးရွာ ကော်မတီတွေကနေ ကောက်ခံတဲ့ အလှူငွေတွေကိုလည်း ပေးဆောင်နေကြရတာပါ။

“ခက်ခဲတာပေါ့ တစ်ကယ်တမ်း ဒီဆိုင်ဖွင့်တယ်ဆိုတာ ကိုယ့်ပိုက်ဆံရှိလို့ ဖွင့်တာမှ မဟုတ်တာ။ သူငယ်ချင်းတွေ အပေါင်းအဖော်တွေ ပိုက်ဆံချေးပြီးတော့မှ ဖွင့်တာလေးနော။ ဆိုင်ခန်းခကတစ်မျိုး၊ ရေဖိုး မီးဖိုးကတစ်မျိုး၊ အိမ်ကလည်းမရှိတော့ အိုး ကလည်းမရှိတော့ဆို စိတ်ဖိစီးတာပဲလေး။ အခုက တစ်ကယ့်ကိုယ် သူများလုပ်ကျွေးနေသလိုပဲ ဖြစ်နေတယ်လေ” လို့ အထည်ဆိုင်ဖွင့်လှစ်ထားတဲ့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

ကျေးရွာကော်မတီတွေကတော့ ကျေးရွာ အုပ်စုအတွင်း လူမှုစီးပွားရေး အဆင်ပြေဖို့အတွက် အလှူငွေတွေကို ပြန်လည် အသုံးပြုတယ်လို့ လိုပူအုပ်စုအကျိုးဆောင်ကော်မတီဝင် ဦးကလစ်က တုံ့ပြန်ပြောဆိုထားပါတယ်။

“ရတဲ့ပိုက်ဆံနဲ့ လမ်းတံတားလုပ်ပေးတယ်။ ပြီးတော့ ဆေးရုံဆေးခန်းအတွက် မြေအကြွေးနဲ့ဝယ်တော့ တစ်လနည်းနည်း နည်းနည်းပြန်ဆပ်တာပဲ။ ကောက်တဲ့ဟာ အဓိက ဒါတွေပဲသုံးတယ်” လို့ လိုပူအုပ်စု အကျိုးဆောင်ကော်မတီဝင် ဦးကလစ် ကပြောပါတယ်။

စစ်ဘေးရှောင်နေကြတဲ့ ကရင်နီလူထု သုံးပုံ နှစ်ပုံကျော်က အလုပ်အကိုင်ရှားပါးမှုအပြင် ကုန်စျေးနှုန်းမြင့်တက်လာတာတွေကြောင့်လည်း ဝင်ငွေ နဲ့ ထွက်ငွေ မမျှတာတွေက ပိုမိုဖြစ်လာနေပြီး စားသောက်နေထိုင်ရေး၊ ဆေးဝါးကုသမှု၊ ဝတ်စားဆင်ယင်မှုတွေက ပိုမိုကြပ်တည်းလာတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။

စျေးဆိုင်တစ်ခုတွင်း ဆောင်ရတဲ့ အခွန်ငွေ၊ ပေးရတဲ့ အခကြေးတွေ ပိုမိုမြင့်တက်လာလေလေ စားသုံးသူလူထုအပေါ်ကို သက်ရောက်မယ့်ကုန်စျေးနှုန်းက မြင့်တက်လေလေဖြစ်တာကြောင့် ကရင်နီပြည်တွင်းမှာ ကျစ်လစ်တဲ့ အခွန်မူဝါဒတစ်ရပ်ကို ချမှတ်ဖို့ကို ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက မျှော်လင့်နေကြပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က လက်ရှိမှာ အခွန်ကောက်ခံမှု မူဝါဒတစ်ရပ်ကို အချောသတ်ရေးဆွဲနေပြီဖြစ်ပြီး မူဝါဒတစ်ရပ်ထွက်လာတဲ့အခါ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ အတူတကွ လိုက်နာကျင့်သုံးရမှာဖြစ်တယ်လို့ IEC – စီမံကိန်း ၊ ဘဏ္ဍာရေး နှင့် အခွန်ဌာန ဒု-ဌာနမှူး (၁) ခူးလေးရယ်က ပြောပါတယ်။

“အခွန်မူဝါဒ ကတော့ အချောသတ်နေပြီ ဖြစ်ပါတယ်။ မကြာခင်မှာ အတည်ပြုပြဌာန်းသွားမှာ ဖြစ်ပါတယ်။” လို့ ခူးလေးရယ်ကပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်၊ အနောက်ဖက်ခြမ်းမှာ ကုန်စိမ်း၊ ကုန်ခြောက်၊ အထည်၊ ဆေးဆိုင်၊ ဖိနပ်ဆိုင် ၊ အလှပြင်ဆိုင်၊ ဖုန်းဆိုင်၊ ကြက် ဝက် အမဲ အရောင်းဆိုင်၊ စားသောက်ဆိုင်၊ ဘား ၊ KTV စသည်ဖြင့် ဆိုင်ခန်းအမျိုးမျိုးဖွင့်လှစ်ထားပြီး နယ်မြေဒေသပေါ်မူတည်ပြီး အခွန်ပေးဆောင်ရမှုတွေ ရှိပါတယ်။

spot_img
spot_img
spot_img

Recent posts