ကန္တာရဝတီတိုင်း ( မ် )
အမေရိကန်အစိုးရဲ့ ဒုက္ခသည်တွေကို အကူအညီပေးတဲ့ အသုံးစရိတ်စရိတ်တွေကို ရက်ပေါင်း ( ၉၀ ) ဆိုင်းငံ့လိုက်ပြီးနောက်မှာ ထိုင်းနိုင်ငံနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေး ကော်မတီ (IRC)လက်အောက်က ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းအားလုံးကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဒုက္ခသည်စခန်းတွေက ဆေးခန်း ၊ ဆေးရုံတွေကို ပိတ်လိုက်ပြီး လူနာတွေကို ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး ပြန်လွှတ်နေပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင် ခရိုင်အတွင်းမှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်း (၁ ) က ဆေးပေးခန်းကိုလည်း ဒီကနေ့ မနက်ပိုင်းမှာပဲ ပိတ်လိုက်ရတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စခန်းကော်မတီတာဝန်ရှိသူတွေက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
စခန်းနေလူထုတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုကို ဆေးခန်းကနေ အဓိက ရယူနေတာဖြစ်ပြီး နာတာရှည် ရောဂါခံစားရသူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အခက်အခဲ ၊ နစ်နာမှုတွေ ဖြစ်သွားစေတယ်လို့ ကရင်နီဒုက္ခသည်စခန်းကော်မတီ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မမိုးဘူးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယာ်။
“ကျမတို့အတွက် တော်တော်လေး နစ်နာမှု ၊ ထိခိုက်မှုဖြစ်သွားတယ်ပေါ့နော။ စခန်းထဲမှာဆိုရင် အခုတောင်မှာ နာတာရှည်ဖြစ်တဲ့သူတွေ သွေးတိုးဖြစ်ဖြစ် ဆီးချိုဖြစ်ဖြစ် နာတာရှည်ရောဂါသည်တွေ ကိုယ်ဝန်သည်တို့ပေါ့။ ဆေးခန်းမရှိတော့ဘူးဆိုရင် အိမ်မှာမွေးမယ်ဆိုရင် လက်သည်လည်း မရှိဘူးဖြစ်နေတယ်ပေါ့။ ဆိုတော့ တချို့မွေးရခက်မယ့်သူဆိုရင် ဘယ်လိုလုပ်ရမလဲ မသိဘူးဖြစ်နေတယ်။ ကျမတို့မှာ ဘာလက်မှတ် သက်သေ အထောက်အထားမရှိဘူးပေါ့နော။ ဆေးရုံကို သွားမယ်ဆိုရင်လည်း ကုန်ကျစရိတ်လည်းမနည်းဘူးပေါ့နော။ ကျမတို့က ဒုက္ခသည်တွေဖြစ်တာကြောင့် ဒီအပိုင်းမှာ တော်တော်လေး ထိခိုက်နစ်နာမှုဖြစ်စေတယ်။ စိုးရိမ်မှုတွေကော အများကြီးဖြစ်လာတယ်။ “ လို့ မမိုးဘူးက ပြောပါတယ်။
IRC ကနေတဆင့် မယ်ဟောင်ဆောင် ဆေးရုံကြီးကို ပို့ပြီး ဆေးကုသမှုခံယူနေတဲ့ လူနာတွေကိုလည်း မနေ့က (ဇန်နဝါရီ ၂၇ ) ရက်နေ့မှာ ဆေးရုံကပြန်လွတ်လိုက်တာတွေလည်း ရှိနေတာပါ။ လတ်တလောမှာတော့ အရေးပေါ်လူနာနဲ့ ဆေးကုသဖို့ လိုအပ်နေသူတွေအတွက် ဆေးကုသခွင့်မရှိတော့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် လက်ရှိ ဒုက္ခသည်စခန်းက ဆေးပေးခန်းမှာ နာတာရှည်ဆေးကို ရယူနေတဲ့ လူနာတွေလည်း ဆေးရရှိမှာမဟုတ်တော့ဘဲ အောက်ဆီဂျင်နဲ့ အသက်ဆက်နေရတဲ့သူတွေလည်း တော်တော်လေး စိန်ခေါ်မှုဖြစ်စေတယ်လို့ ဆိုပါတယ်။ ဆေးပေးခန်းမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေတဲ့ နာတာရှည်ရောဂါသည်နဲ့ အောက်ဆီဂျင်တပ် လူနာ ၇ ဦးရှိတယ်လို့ သိရပါတယ်။
ဒီကနေ့ မနက်ပိုင်းအထိ ဆေးခန်းမှာ ပြင်ပလူနာ (၇၀)ဝန်းကျင် နဲ့ အတွင်း လူနာ ၇ ဦးရှိပြီး အားလုံးကို ပြန်လွှတ်လိုက်ရတယ်လို့ ဆိုပါတယ်။ အရေးကြီးတဲ့ အတွင်းလူနာတွေကိုတော့ မဖြစ်မနေ သောက်သုံးရမယ့် ဆေးဝါးတွေကို ဝယ်ယူဖို့ ညွှန်းပေးထားပြီး အရေးပေါ် ကျန်းမာရေး ပြဿနာရှိလာပါက ဆေးခန်းဝန်ထမ်းတွေကို အချိန်မီ ချိတ်ဆက်ဖို့ ပြောဆိုထားတယ်လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“ဒီတစ်ခုကတော့ ကျနော်တို့အတော်လေးစိုးရိမ်စရာကောင်းတယ်။ အရေးကြီးတဲ့အတွင်းလူနာတွေကို ဘယ်လိုရှေ့ဆက်လုပ်ပေးဖို့ရှိလဲဆိုရင် သောက်သုံးရမယ့်ဆေးဝါးတွေကို သေချာညွှန်းပေးထားတယ်။ ဆေးတွေကိုလည်း အများကြီးတစ်ခါတည်းလိုအပ်တာတွေကို ပြည့်ပြည့်ဝဝ ပေးထားလိုက်တယ်။ အကယ်၍ တစ်စုံတရာဖြစ်ပွားခဲ့ရင် ကျနော်တို့ ဆေးဝန်ထမ်းတွေနဲ့ဆက်သွယ်ဖို့ လည်းပြောထားတယ်။ ဒါကကျနော်တို့ဘက်က ပေးနိုင်တဲ့ မျှော်လင့်ချက်ပေါ့။ လူနာအခြေအနေဘယ်လိုရှိလဲ ၊ ဘယ်လိုတွေနေထိုင်ရမယ် ဆိုတာ ကျနော်တို့ ဝန်ထမ်းတွေနဲ့ဆက်သွယ်ပြီး ကြည့်ပေးလို့တော့ ရသေးပေမဲ့ လိုအပ်တဲ့ လွှဲပြောင်းမှုတွေကိုတော့ ကျနောတို့ဘက်ကမလုပ်နိုင်တော့ဘူး။ လိုအပ်တဲ့ဆေးဝါးအထောက်ပံ့တွေကိုလည်း မရနိုင်တော့ဘူးဆိုတော့ ဘယ်နားတွေမှာ သွားဝယ်ရမယ်ဆိုတာကိုတော့ ညွှန်ပြလို့ပဲရပါတော့မယ်။” လို့ သူက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် သမ္မတ သက်တမ်းစတင် တာဝန်ထမ်းဆောင်တဲ့ရက်ပိုင်းအတွင်း နိုင်ငံတကာအကူညီတွေကို ရပ်ဆိုင်းဖို့ လက်မှတ်ထိုးအမိန့်ထုတ်ပြန်လိုက်ပြီးနောက် အမေရိကန်အကူညီတွေယူထားတဲ့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ဆိုင်းငံ့လိုက်တာပါ။ ကျန်းမာရေးဝန်ဆောင်မှုအပြင် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတချို့လည်း ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
လက်ရှိ ကရင်နီဒုက္ခသည်စခန်း ( ၁ ) မှာ လူဦးရေ ( ၁၀၀၂၄ ) ဦးရှိပြီး စခန်း ( ၂ ) မှာတော့ လူဦးရေ ၆ထောင်ဝန်းကျင်ရှိတယ်လို့ စခန်းကော်မတီစာရင်းအရ သိရပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း ဆိုင်းငံ့ခံရတဲ့ ထိုင်း-မြန်မာနယ်စပ်က ကရင်နီဒုက္ခသည် စခန်း ( ၁ ) ၊ ( ၂ ) အပါဝင် အုန်းဖြန် ၊ နို့ဖိုး ၊ မယ်လ စတဲ့ဒုက္ခသည်စခန်းပေါင်း ၆ ခုထက်မနည်း ရှိနေပြီဖြစ်ပါတယ်။