spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

ကျောင်းတက်ရာသီအမီ ကျောင်းဆောင် ဆောက်ဖို့ ပြင်ဆင်နေတဲ့ နတ်တောင် စစ်ရှောင်စခန်း

Author

Date

Category

ကေးဒူ/ကန္တာရဝတီတိုင်း(မ်)

“နောက်တပတ်ဆို ကျောင်းဖွင့်နိုင်အောင် ကြိုးစားနေတယ်ပေါ့နော်။ ဒါပေမဲ့ လောလောဆယ်ကတော့ စာသင်ကျောင်းကတော့ မရှိသေးဘူး” လို့ နတ်တောင် စစ်ရှောင်စခန်းက စစ်ရှောင်ကော်မတီတဦးက ပြောတာပါ။

နတ်တောင်စစ်ရှောင်စခန်းဆိုတာက ဒီးမော့ဆိုမြို့နယ်ထဲက စစ်ရှောင်စခန်းတခုပါ။ အိမ်ခြေအားဖြင့် ၁၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၄၀၀ ကျော်ရှိပါတယ်။

စာသင်ကျောင်းတွေ ဖွင့်တဲ့ရာသီ ရောက်လာပြီ ဖြစ်တာမို့လို့ ကျောင်းတက်မယ့် ကျောင်းနေအရွယ် ကလေးတွေကိုတော့ ကျောင်းအပ် စတင် လက်ခံနေပါပြီ။ ဒါပေမဲ့ အခုချိန်ထိတော့ ကလေးတွေ စာသင်ဖို့က နေရာကတော့ အဆင်သင့် ရှိမနေသေးပါဘူး။

ပြီးခဲ့နှစ်တွေမှာတော့ နတ်တောင် စစ်ရှောင်စခန်းမှာ တချို့ စာသင်ခန်းတွေကို စာသင်ဆောင်တွေနဲ့ သင်ကြားနိုင်သလို တချို့ စာသင်ခန်းတွေကိုတော့ နေရာထိုင်ခင်းအခက်အခဲကြောင့် အနီးအနားက ကျေးရွာ ဒေသခံတွေရဲ့ နေအိမ်လေးတွေမှာ ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ စာသင်ကြားခဲ့ရတာပါ။

ဒါပေမဲ့ ဒီနှစ်တွေမှာတော့ စစ်ရှောင် လူဦးရေ ထပ်တိုးလာတဲ့ အပြင် ကျောင်းသူကျောင်းသား ဦးရေ လည်း ပိုမို များပြားလာတာကြောင့် ယခင်နှစ်တွေလို ဒေသခံ နေအိမ်တွေမှာ ဆက်လက် သင်ကြားနိုင်ဖို့ အတွက် နေရာထိုင်ခင်းက အခက်အခဲဖြစ်လာပါတယ်။

ဒေသခံ တွေရဲ့ နေအိမ်တွေမှာ ဆက်လက်သင်ကြားနိုင်ဖို့ အဆင်မပြေမှုတွေ ရှိနေတဲ့ အကြောင်းကို သူက အခုလိုပဲ ဆက်ပြောပါတယ်။

“လူတွေ အရမ်းများလာပြီဆို‌တော့ ဒေသခံအိမ်တွေက သူတို့က သိပ်ပြီး‌တော့ အဆင်မပြေတော့ဘူး။ အိမ်သာတွေက အစ ရှုပ်လာပြီ ။ ဒီနှစ်တော့ သီးသန့်ကျောင်းလေး ဆောက်ပေးနိုင်ရင် ပိုကောင်းမယ်။ သူတို့က ပြောလာပြီပေါ့နော်” လို့ နတ်တောင်စစ်ရှောင်စခန်း ကော်မတီဝင် တဦးကပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ အလယ်တန်းထိ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အလယ်တန်း တွေ အတွက် စာသင်ဆောင်ကတော့ အဆင့်သင့်ဖြစ်နေပေမဲ့ အိမ်တွေကိုစာသင်ခန်းလုပ်ပြီးသင်ကြားနေကြရတဲ့ မူလတန်းတွေအတွက် ကျောင်းဆောင်လိုအပ်နေသေးတာ ဖြစ်ပါတယ်။

စာသင်ကျောင်းဆောင်သစ်ရရှိလာဖို့ကိုတော့ စစ်ရှောင်တွေလိုလားနေပြီး တတ်နိုင်သလောက် လုပ်အားတွေနဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကျောင်းဆောင်အတွက် မဖြစ်မနေဝယ်ယူရမယ့် ပစ္စည်းတွေအတွက် ငွေကြေးအကူအညီကိုတော့ လိုအပ်နေတယ်လို့ ပြောပါတယ်။

အခုလို စစ်ရှောင်ကာလ ၄နှစ်ကျော်လာတဲ့အချိန်မှာ လူတိုင်းနီးပါးအတွက် အရာရာခက်ခဲ ကျပ်တည်းနေကြချိန်မှာ ငတ်တလှည့်၊ ပြတ်တလှည့်နဲ့ တဦးကိုတဦး ဖေးမကူညီနေတဲ့ နတ်တောင်စစ်ရှောင်စခန်းမှာတော့ မိမိတို့ရဲ့ မျိုးဆက်သစ် ကလေးတွေ ပညာမပြတ်ဖို့အရေး အတတ်နိုင်ဆုံးကြိုးပမ်းနေကြပါတယ်။

spot_img
spot_img

Recent posts