မူဖိလစ်စတာ/ကန္တာရဝတီတိုင်း (မ်)
ကြက်ဥဟာ အလွှာပေါင်းစုံသော လူသားတွေရဲ့ နေ့တဓူဝ စားသောက်မှုပုံစံမှာ ပါဝင်လေ့ရှိနေတတ်တဲ့ အာဟာရဖြစ် စားသောက်ဖွယ်တစ်ခုပါ။
လက်ရှိကာလအရ ကရင်နီပြည်တွင်းမှာ ဥစားကြက်မွေးမြူရေးကို စီးပွားဖြစ် လုပ်ကိုင်သူမရှိတော့တာကြာင့် ကြက်ဥကို တခြားတိုင်းနဲ့ ပြည်နယ်တွေကနေ တင်သွင်းရတာပါ။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလထဲမှာ နိုင်ငံတစ်ဝှမ်း ရေကြီးရေလျံမှုဖြစ်ပွားပြီးနောက် ပြည်တွင်းကို ကုန်သွင်းတဲ့ လမ်း၊တံတားပျက်စီးသွားခဲ့ပြီး ကရင်နီမှာကြက်ဥဝယ်ယူလို့မရတော့တဲ့ အခြေနေ ကြုံခဲ့ရပါတယ်။
လက်ရှိငလျှင်ဘေးကြောင့်လည်း ကရင်နီပြည်တွင်း စားနပ်ရိက္ခာပြတ်လတ်နိုင်တဲ့ အခြေအနေ ကြုံလာရနိုင်တယ်လို့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က ထပ်လောင်း သတိပေးထားပါတယ်။
ပြည်တွင်း ကြက်ဥ စျေးနှုန်းနဲ့ ကြက်ဥ စားသုံးမှုကရင်နီပြည်တွင်း နေရာဒေသအလိုက်စျေးနှုန်းမတူညီပေမဲ့ ပျမ်းမျှအားဖြင့် ကြက်ဥ တစ်လုံး ၅၀၀ ကျပ် ရှိပါတယ်။ ကုန်ပစ္စည်းသယ်ယူရခက်တဲ့ ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ ကြက်ဥ တစ်လုံး ၁,၀၀၀ ကျပ် ရှိပါတယ်။
ကြက်ဥကို အလွယ်တကူ ချက်ပြုတ်စားသောက်နိုင်တဲ့ စားသောက်ဖွယ်တစ်ခုအဖြစ်တာကြောင့် ကျေးရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာလည်း ကြက်ဥဟာ အရောင်းရဆုံး စားသောက်ကုန်တစ်ခုဖြစ်နေတာပါ။
၂၀၂၄ ခုနှစ် မြန်မာ့ရေဘေးအပြီး အောက်တိုဘာလမှာ လမ်းတံတားပျက်စီးမှုကြောင့် ကရင်နီပြည်ရဲ့ လူဦးရေ အများဆုံးနေထိုင်တဲ့ ဒီးမော့ဆိုမြို့နယ်မှာ ကြက်ဥတွေပြတ်လပ်ခဲ့ပါတယ်။ အဲဒီတုန်းက ကြက်ဥ တစ်လုံး ၇၀၀ အထိပေးဝယ်ခဲ့ရပါတယ်။
“ဘယ်လောက်ပဲ ဆင်းရဲနေတယ်လို့ပြောပါစေ။ ကြက်ဥကိုတော့ ကျမတို့ဝယ်စားတယ်။ ဘာလို့လဲဆို အာဟာရလည်းဖြစ်တယ်။ ကလေးတွေအတွက် လည်းကောင်းတယ်လေး” လို့ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။
အဲတာက ကရင်နီပြည်တွင်းမှာ ကြက်ဥ ထုတ်လုပ်ဖို့ လိုအပ်ကြောင်း သက်သေထူတဲ့ ဥပမာကောင်း တစ်ခုဖြစ်တယ်လို့ ကြက်မွေးမြူရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။
အဲဒီနောက်ပိုင်း ပြည်တွင်းစားသောက်ကုန်လိုအပ်ချက်ကြောင့် ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာ ကြက်မွေးမြူရေးလုပ်ငန်း ပြန်လည်စတင်နေတဲ့ ခူးဆော်ဒူပြောတာကတော့ –
“ကြက်ဥကတော့ အခြားနေရာကနေ ဝင်လာတာရှိတယ်။ ဒါပေမဲ့ လတ်ဆတ်မှုကတော့ ကွာသွားမယ်။ ပြည်တွင်း ကြက်ဥထုတ်နိုင်ဖို့ ဘာလို့အရေးကြီးလဲဆို အိမ်ထောင်စုရဲ့ ၁၀ စုမှာ ၇စု ၈စု လောက်က ကြက်ဥဆောင်ထားတဲ့ သူတွေချည်းပဲ”လို့ ပြောပါတယ်။
စစ်အာဏာမသိမ်းမီကာလတုန်းက လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ် တို့မှာ ဥစားကြက်ခြံတွေ ၁၀ ခြံထက်မနည်းရှိပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ခဲ့တာကြောင့် ဒေသတွင်း အလွယ်တကူ ဝယ်ယူရရှိနိုင်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးမှသာ ကြက်မွေးမြူရေး လုပ်ငန်းတွေ ရပ်တန့်သွားခဲ့ကာ ပြည်နယ်ခြား ကနေတစ်ဆင့် ကြက်ဥကို တင်သွင်းလာကြတာပါ။
ပြည်တွင်း ကြက်ဥကို မထုတ်လုပ်နိုင်တာဘာကြောင့်လဲ ပထမဦးဆုံးပြဿနာက အရင်းအနှီးဖြစ်လိမ့်မယ်လို့ ကြက်မွေးမြူရေးလုပ်ငန်းရှင်တွေကပြောပါတယ်။

အာဏာသိမ်းပြီး ၄ နှစ်အကြာ ကြက်မွေးမြူရေးလုပ်ငန်း ပြန်လည်စတင်တဲ့ ခူဆော်ဒူက ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းက ဒေသတစ်ခုမှာ ကြက်ကောင်ရေ ၇၅၀ နဲ့ လုပ်ငန်းစတင်ခဲ့ပါတယ်။
ကြက်မွေးမြူရေးအတွက် လိုအပ်တဲ့ ကိရိယာတန်ဆာတွေကို ဝယ်ယူစုဆောင်းဖို့ အရင်းအနှီး ကျပ်သိန်း ၃၀၀ ကျော် ကုန်ကျခဲ့တယ်လို့ပြောပါတယ်။
ပဋိပက္ခ ဒါမှမဟုတ် သဘာဝဘေးကြောင့် လမ်းပိတ်ဆို့မှုတွေထပ်မံ ဖြစ်လာခဲ့ရင်လည်း ကြက်စာ သယ်ယူရာမှာ ခက်ခဲလာမယ်လို့လည်း ခူးဆော်ဒူက ပြောပါတယ်။
“ဒီအခြေနေနဲ့ ဒီကာလ မှာက အရဲစွန့်ပြီးမှ လုပ်ရတယ်လို့ပဲပြောရမှာပေါ့။ အခုကအစာအတွက် ရန်ကုန်ကနေ လှမ်းမှာရတယ်။ ရန်ကုန်ပြီးမှ တောင်ငူ ။ တောင်ငူပြီးမှ ချယ်ရီကုန်း။ ပြီးမှ ကျနော် (ကြက်) မွေးတဲ့နေရာကနေတစ်ဆင့် ချယ်ရီကုန်းကိုသွားပြန်သယ်ရတယ်” လို့ ခူးဆော်ဒူကပြောပါတယ်။
ဥ, ဥမယ့် ကြက်မဒန်းတွေအတွက် အရွယ်အစားအလိုက် အစာ၊ ရေ နိုင်နိုင် ကျွေးနိုင်မှသာ ဥအတွက်နှုန်းလည်း ကောင်းမှာဖြစ်ပါတယ်။
ကြက်နေထိုင်ဖို့အတွက် နေရာအထိုင်အခင်းလည်း ကောင်းမွန်စွာထားနိုင်ဖို့ လည်း လိုအပ်ပါတယ်။ ကြက်နေထိုင်ဖို့ ၁၅ ကောင်ဆန့် ခြင်းတစ်ခြင်းကို လက်ရှိ စျေးနှုန်း ၇၀,၀၀၀ ကျပ်ခန့် ကုန်ကျတယ်လို့ ပြောပါတယ်။
သို့ပေမဲ့ လူဦးရေ ၃ သိန်းခန့်ရှိတဲ့ ကရင်နီပြည်မှာ လူဦးရေသုံးပုံနှစ်ပုံခန့်က စစ်ဘေးရှောင်နေကြရပြီး ရေ၊ စားနပ်ရိက္ခာရရှိဖို့ ခက်ခဲနေကြတာဖြစ်ပါတယ်။
ကြက်ဥထုတ်လုပ်ရေး အတွက် ကြားကာလအစိုးရရဲ့ အခန်းကဏ္ဌ ကရင်နီပြည်တွင်း အခြေခံစားသောက်ကုန် လိုအပ်ချက်အရ ကြက်မွေးမြူရေးလုပ်ငန်းကို ပြန်လည်လုပ်ကိုင်လာတယ်ဆိုပေမဲ့ ခူးဆော်ဒူရဲ့ ကြက်ခြံတစ်ခုထဲကနေ ကြက်ဥထုတ်လုပ်နှုန်းက ကရင်နီတစ်ပြည်လုံးကို လွှမ်းခြုံနိုင်မှာ မဟုတ်ပါဘူး။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကို မေးမြန်းရာမှာ အခြေခံစားသောက်ကုန် အတွက် အရေးပါတဲ့ ကြက်ဥထုတ်လုပ်နိုင်ဖို့ အစီအမံထားရှိပုံ မပေါ်ပါဘူး။ ဒါပေမဲ့ ကရင်နီပြည်တွင်းကြက်ဥ လိုအပ်မှုကိုစောင့်ကြည့်နေတယ်လို့ IEC စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဌာန – ဌာနမှူး ခူးတူရယ်ကပြောပါတယ်။
“ဒေသခံ လုပ်ငန်းရှင်တစ်ချို့က ကြက်ဥဖြစ်တည်လာဖို့ဆို သူတို့မွေးထားတာရှိတယ်။ အဲဒါကို ကျနော်တို့က အားပေးသွားမယ်။ နည်းပညာအရ ကာကွယ်ဆေးတွေအတွက် ဘယ်လိုကူနိုင်မလဲဆိုတာကျနော်တို့ နည်းလမ်းရှာနေတယ်။ ကူညီနိုင်မယ်လို့လည်း ကျနော်တို့ မျှော်လင့်ထားတယ်” လို့ ခူးတူရယ် ကပြောပါတယ်။
စားနပ်ရိက္ခာဖူလုံဖို့အတွက် ဆန်စပါး ကိုအဓိက ထားပြီး စိုက်ပျိုရေးနည်းပညာ အပြင် ဆန်၊စပါးစျေးနှုန်း သတ်မှတ်တာကို IEC ကလုပ်ဆောင်နေပေမဲ့ လူထုအခြေခံ စားသောက်ကုန်ဖြစ်တဲ့ ကြက်ဥထုတ်လုပ်ရေးအတွက် စီမံဆောင်ရွက်နေတာ မရှိသေးဘူးလို့ ဆိုပါတယ်။
လူထုတွေရဲ့ အခြေခံစားသောက်ကုန်လိုအပ်ချက်အရ ကြက်ဥကို ပြည်တွင်းမှာ အရေအတွက်အကန့်အသတ်မရှိ လတ်ဆတ်စွာ ထုတ်လုပ်နိုင်ဖို့က အရေးကြီးတဲ့ လုပ်ငန်းအစီအမံတစ်ခုဖြစ်လာနေပါတယ်။
သဘာဝဘေး၊ စစ်ဘေး တို့လို အခြေအနေအရပ်ရပ်ကြောင့် ပြည်ပ ကူးသန်းရောင်းဝယ်ရေး လမ်းခရီးကြန့်ကြာမှုတွေ ထပ်မံပေါ်ပေါက်လာပါက ပြည်တွင်း အခြေခံစားသောက်မှု ဖြေရှင်းဖို့လူထုတွေအတွက် အခက်အခဲ ထပ်မံ ကြုံတွေ့လာနိုင်စေပါတယ်။
လက်ရှိမှာတော့ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ တောင်ငူမြို့နယ်ကနေ ကရင်နီပြည်တွင်းကို ကြက်ဥ တင်သွင်းကြတာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ရှေ့လျောက် ပြည်နယ်အတွင်း ကြက်ဥ ထုတ်လုပ်နိုင်ဖို့ အစီအမံကိုလည်း ချမှတ်ဆောင်ရွက်သွားမယ်လို့ ခူးတူရယ် ကပြောပါတယ်။