ကန္တာရဝတီတိုင်း(မ်)
လေပြင်းအန္တရာယ်ဟာ အဖြစ်များတဲ့ သဘာဝဘေးအန္တရာယ်များစွာထဲက တခုအပါအဝင်ပါ။ မြန်မာ နိုင်ငံမှာ မိုးကြိုကာလဖြစ်ကြတဲ့ ဧပြီ၊ မေလအတွင်းနဲ့ မိုးနှောင်းကာလဖြစ်တဲ့ အောက်တိုဘာလ ကနေ ဒီဇင်ဘာလအတွင်း ဖြစ်ပေါ်လေ့ရှိပါတယ်။
နေ့အပူချိန်တွေ မြင့်တက်လာတဲ့အတွက် ရေခိုးရေငွေ့တွေ ပိုမိုစုစည်းစေပြီး မိုးတိမ်အဖြစ်ရောက်ရှိစေ ပါတယ်။ အဲဒီကနေတဆင့် လေထုမငြိမ်မသက်ဖြစ်တာ၊ စိုက်ဆင်းလေပြင်းတွေတိုက်ခတ်တာ၊ မိုးသီးကြွေတာနဲ့ အချိန်အခါမဟုတ် မိုးရွာသွန်းတာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဧပြီနဲ့ မေလ အတွင်း နေ့အပူချိန်မြင့်မားလာတဲ့အတွက် မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ မိုးတိမ် တောင်တွေဖြစ်ပေါ်နိုင်ပြီး မြေပြင်/ရေပြင်လေဟာ တစ်နာရီလျှင် မိုင် ၄၀ ကနေ မိုင် ၅၀ အထိ တိုက်ခတ်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်နယ်အပါအဝင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာ ဧပြီလအတွင်း နှစ်စဉ်ပျမ်းမျှ ရွာသွန်းမြဲ မိုးရေချိန်အထက် ၀.၄ လက်မ မှ ၀.၈ လက်မ ခန့်အထိ မိုးပိုမိုရွာသွန်းနိုင်တယ်လို့ Meteoblue ရဲ့ Seasonal Forecast မှာ ဖော်ပြထားပါတယ်။
မိုးဦးကာလဖြစ်တဲ့ မေလအတွင်းမှာတော့ ကရင်နီပြည်နယ်မှာ ပုံမှန်မိုးရေချိန်ထက် ၁ လက်မ နီးပါးကနေ ၁ လက်မခွဲအထိ မိုးရေချိန်ပိုမိုရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒီလိုလေပြင်းတိုက်ခတ်တာတွေနဲ့ မိုးသီးကြွေတာတွေကြောင့် နေအိမ်၊ အဆောက်အအုံပျက်စီးတာ၊ သစ်ပင်သစ်ကိုင်းတွေကျိုးကျတာ၊ လျှပ်စစ်မီးကြိုးနဲ့ဓါတ်တိုင်တွေပျက်စီးတာ၊ လူနဲ့တိရစ္ဆာန် ထိခိုက်တာတွေနဲ့ အခြားသောပျက်စီးဆုံးရှုံးတာတွေ ဖြစ်လာနိုင်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၂၁) ရက်နေ့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းတာနဲ့ လေပြင်းတိုက်ခိုက်တာတွေကြောင့် ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်နေအိမ် (၂၀ ) လုံး ပျက်စီးခဲ့ပါတယ်။ ဒါတွေအပြင် ဒေသခံတွေရဲ့ နေအိမ်နဲ့ သိုလှောင်ထားတဲ့ စပါးတချို့ ပျက်စီးခဲ့ရပါတယ်။
ရာသီအလိုက် ဖြစ်ပေါ်နေတဲ့ မိုးလေဝသဖြစ်စဉ်တွေကို ကြိုတင်ခန့်မှန်းနိုင်တယ်ဆိုပေမယ့် မဖြစ်လာဖို့တော့ တားဆီးလို့မရပါဘူး။ ဒါကြောင့် ယခင်ဖြစ်ပေါ်ခဲ့တဲ့ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေကို သင်ခန်းစာယူပြီး တတ်နိုင်သမျှ ကြိုတင်ပြင်ဆင်ကာကွယ်ရမှာဖြစ်ပါတယ်။

လေပြင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ဖို့ လွင်ပြင်ဒေသတွေမှာ နေထိုင်သူတွေဟာ မိမိနေအိမ်ကို လေပြင်းဒဏ်ခံနိုင်ဖို့အတွက် ပြင်ဆင်မှုပြုလုပ်နိုင်သလို အိမ်အနီးမှာလဲပြိုနိုင်တဲ့ သစ်ပင်တွေရှိခဲ့မယ် ဆိုရင်လည်း သစ်ကိုင်းကျိုးကျတာတွေကို ကာကွယ်ဖို့ ဒေါက်တိုင်ထောက်ထားတွေ ပြုလုပ်ပြီး ကြိုတင်ကာကွယ်နိုင်ပါတယ်။
နေအိမ်အမိုးလန်တာနဲ့ အကာအရံတွေလွင့်ပါတာတွေ မဖြစ်စေရေးအတွက် ပိုမိုခိုင်ခံ့အောင် ဆောင်ရွက်ထားသင့်ပါတယ်။ စိုက်ဆင်းလေပြင်းတွေကြောင့် နေအိမ်အနီးရှိ သစ်ပင်၊ သစ်ကိုင်းတွေ လဲပြိုနိုင်တဲ့အတွက် ကြိုတင်ရှင်းလင်းထားဖို့လိုပါတယ်။
အိမ်အတွင်း ပြိုကျ၊ ပြုတ်ကျ၊ ကွဲရှနိုင်တဲ့ပစ္စည်းတွေကို အန္တရာယ်မဖြစ်ဖို့အတွက် မြဲမြံအောင် ထားရပါမယ်။ မီးလောင်လွယ်တဲ့ပစ္စည်းတွေကို စစ်ဆေးပြီး လိုအပ်သလို ပြင်ဆင်ထားသင့်ပါတယ်။ အရေးပေါ်သုံးနိုင်ဖို့ ပစ္စည်းတွေ၊ အရေးကြီးတဲ့စာရွက်စာတမ်းတွေကို ကိုယ်နဲ့မကွာ ထားရပါမယ်။
လေပြင်းများတိုက်ခတ်နေစဉ်အတွင်း အဆောက်အအုံထဲနေထိုင်ခဲ့မယ်ဆိုရင် မှန်ပြတင်းပေါက်တွေ၊ တံခါးပေါက်တွေနဲ့ ဝေးတဲ့နေရာမှာ နေထိုင်သင့်ပါတယ်။ အမှိုက်သရိုက်တွေနဲ့ တခြားသောပစ္စည်းတွေဟာ လေနဲ့အတူလွင့်ပါပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် မလိုအပ်ဘဲ အပြင်ထွက်တာကို ရှောင်ကြည်ပါ။
လေပြင်းတိုက်ခတ်တာ အလွန်ပြင်းထန်ခဲ့မယ်ဆိုရင် ခိုင်ခံ့တဲ့စားပွဲ (သို့မဟုတ်) ခိုင်ခံ့တဲ့ အရာဝတ္ထုအောက်မှာ အကာအကွယ်ယူပြီး လုံခြုံစွာနေထိုင်ရပါမယ်။ အရေးပေါ်အခြေအနေကလွဲပြီး ဖုန်းသုံးတာကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။
လေပြင်းတိုက်ခတ်နေချိန်အတွင်း မိုးသီးကြွေတာ၊ မိုးထစ်ချုန်းရွာနေခဲ့ရင် လယ်ကွင်းလို ကွင်းပြင်နေရာ တွေမှာ နေထိုင်တာကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပြီး တတ်နိုင်သမျှ အိမ်တွင်းမှာပဲ နေထိုင်ပါ။ မဖြစ်မနေ အပြင်သွားလာရမယ်ဆိုရင် ဆိုင်ကယ်ဦးထုပ်လို ဦးထုပ်အမာတွေကို ဆောင်းပြီး ထူတဲ့အင်္ကျီတွေကို ဝတ်ဆင်ပေးသင့်ပါတယ်။
တီဗီ၊ ရေဒီယို စတဲ့လျှပ်စစ်ပစ္စည်းတွေကို ခဏပိတ်ထားပေးပါ။ သစ်ပင်၊ ဓာတ်တိုင် လိုသံပစ္စည်းတွေနဲ့ ဝေးဝေးနေပါ။ မိုးကြိုးပစ်နိုင်တာကြောင့် လျှပ်စီးနိုင်တဲ့ ဖုန်း၊ သံ/သတ္တုတွေကို အသုံးပြုတာ (သို့မဟုတ်) ကိုယ်နဲ့မကွာထားတာမျိုးကို ရှောင်သင့်ပါတယ်။
လေပြင်းတိုက်ခတ်ပြီးတဲ့နောက်မှာတော့ အပျက်အစီးရှင်းလင်းရေးလုပ်ငန်းတွေကို တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ်။ ဒဏ်ရာရရှိခဲ့ရင် ကျန်းမာရေးဌာနမှာ ဆေးကုသမှုခံယူပြီး ယာယီအမိုး အကာလိုအပ်မယ်ဆိုရင် သက်ဆိုင်ရာတာဝန်ရှိသူတွေကို တောင်းခံရမှာဖြစ်ပါတယ်။
လက်ရှိကာလအတွင်း အပူအအေး ပြောင်းလဲမှုတွေများတဲ့အတွက် မိုးကြိုးဘေးအန္တရာယ် ကြုံတွေ့ နိုင်သည်ကို အထူးသတိပြုရပါမယ်။ ဒါအပြင် ထူးခြားမိုးလေဝသအခြေအနေတွေကို အမြဲမပြတ် စောင့်ကြည့်ပြီး ဆောင်ရန်၊ရှောင်ရန်နဲ့ သတိပြုလိုက်နာရမယ့် အချက်တွေကို လိုက်နာဆောင်ရွက်ရမှာ ဖြစ်ကြောင်း တိုက်တွန်းလိုက်ရပါတယ်…….
ကိုးကား – MMWeather Knowledge website, NUG facebook page.