သူရကျော် ( အလုပ်သင်) ရေးသားသည်။
ဆံနွယ်လေးတွေကို သားရေကွင်းလေးနဲ့ ချည်ထားလျှက် ခပ်နွမ်းနွမ်းအနွေးထည်လေးထပ်ပြီး နှစ်ယောက်အတူ အမည်းရောင် ကော်ကပ်နားကပ်လေးတစုံစီ ဆင်တူပန်ထားတဲ့ သူငယ်ချင်းနှစ်ဦးက နယ်စပ်စစ်ရှောင်စခန်းတနေရာက မော်စေးမြာ နဲ့ မော်ဦးမြာ ပါ။
သူမတို့ နှစ်ဦးဟာ အသက် ၁၃ နှစ် အရွယ်ရှိတဲ့ ၆ တန်းကျောင်းသူလေးတွေ ဖြစ်ကြပါတယ်။
“ညဖက်အိပ်လို့ အေးနေရင် ဖက်အိပ်ကြတာ” လို့ ပြုံးပြရင်း ပြောပြနေတဲ့ သူမတို့ဟာ လေတိုးဝင်နိုင်တဲ့ ဝါးထရံ ၊ ဖက်အမိုး၊ မိုးကာတာလပတ်နဲ့ ဝါးလုံးတွေကို အသုံးပြုဆောက်လုပ်ထားတဲ့ ယိုင်နဲ့နဲ့ တဲအိမ်လေးမှာ အတူနေထိုင်ကြပါတယ်။
အဲ့ဒီ တဲအိမ်လေးထဲ သူမတို့နှစ်ယောက်ကလွဲလို့ မိသားစုဝင်၊ လူကြီး၊ အုပ်ထိန်းသူ တစုံတယောက်မှ မပါဝင်ပါဘူး။ ပညာသင်ယူလိုစိတ် တခုတည်းနဲ့သာ နယ်စပ်က စစ်ရှောင်စခန်းကို ၂ ညအိပ် ၃ ရက် ခြေလျင်ခရီးနှင်ပြီး ရောက်လာခဲ့ကြပါတယ်။ သူမတို့ လာတဲ့ခရီးမှာလည်း မိသားစုဝင်၊ ဆွေမျိုးသားချင်းတွေမပါဘဲ လမ်းခရီးကို စစ်ရှောင်ဖို့ ခရီးဦးနှင်ကြတဲ့ အသိမိတ်ဆွေတွေနဲ့သာ ခြေလျင်ခရီးဖြင့် စစ်ရှောင်စခန်းကို ပညာသင်ယူဖို့ ရောက်ရှိလာခဲ့သူတွေပါ။
သူမတို့အရင်နေထိုင်ခဲ့တဲ့ လွိုင်ကော်မြို့ ဇာတိမှာ တစ်လေးလုံး စစ်ဆင်ရေးအတွင်း စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် သူမတို့ရဲ့ နေအိမ်ဟာလည်းအပါအဝင် ပျက်စီးခဲ့ပါတယ်။
မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်းများနဲ့ နေအိမ်ကိုစွန့်ခွာရပြီး ငယ်ရွယ်လွန်းတဲ့ အရွယ်ကို အလဟဿ မဖြစ်ရလေအောင် ပညာရေးခရီးကို ဆက်လက်သင်ယူရလိုသောစိတ်တခုတည်းနဲ့ ကျောပိုးအိတ် တလုံးတည်းဖြင့်သာ နယ်စပ်ကို ထွက်ခွာလာခဲ့ကြတယ်လို့ ဆိုပါတယ်။
“ရွာမှာက ကျောင်းတက်တဲ့အချိန်က လေယာဉ်ပျံနဲ့ ဗုံးလာကြဲတော့ မိသားစုနဲ့ တောင်ယာထွက်ပြေးပြီး စစ်ရှောင်သွား၊ စစ်ရှောင်ကလည်း အဲ့တုန်းက ကျောင်းမဖွင့်ဘူးပြောတော့ အဲ့မှာ(နယ်စပ်) ကျောင်းဖွင့်တယ်။ ကျောင်းတက်ရတာအဆင်ပြေတယ်ဆိုပြီးတော့ ကျောင်းတက်မယ်ဆိုတဲ့လူတွေနဲ့ အတူတူလိုက်ထွက်လာတာလို့။” မော်စေးမြာ က သူမ နယ်စပ်က စစ်ရှောင်စခန်းကို ရောက်ရှိလာပုံကို ပြန်ပြောင်းပြောပါတယ်။
လက်ရှိမှာတော့ ထိုင်း – ကရင်နီနယ်စပ် စစ်ရှောင်စခန်းမှာဖွင့်ထားတဲ့ ကျောင်းလေးတကျောင်းမှာ သူမတို့ ဖြစ်ချင်တဲ့ အိပ်မက်ကိုယ်စီတွေကို ပုံဖော်ထုဆစ်ရင်း ပညာကို ကြိုးစားသင်ယူနေပါတယ်။
မော်စေးမြာက စီးပွားရေးသမားတယောက်ဖြစ်ချင်ပြီး၊ မော်ဦးမြာ ကတော့ ဆရာဝန်တယောက်ဖြစ်ဖို့ အိမ်မက် မက်ထားသူပါ။
မော်ဦးမြာ နဲ့ မော်စေးမြာ ဟာ ငယ်ငယ်လေးကတည်းက ကျောင်းအတူတူတက်လာခဲ့တဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။ သို့ပေမဲ့ နယ်စပ်ကို ကျောင်းအတူတက်ဖို့ တိုင်ပင်ပြီး ထွက်လာခဲ့ကြတာ မဟုတ်ပါဘူး။ စစ်ဘေးတိမ်းရှောင်ရင်း ဝေးကွာခဲ့ကြပြီး ထွက်လာခဲ့တဲ့လမ်းခရီးက သံလွင်မှာ မထင်မှတ်ဘဲ ပြန်လည်ဆုံတွေ့ခဲ့ကြပြီး စစ်ရှောင်စခန်းကို နှစ်ယောက်တူတူ ထွက်လာခဲ့ကြတာပါ။ နှစ်ယောက်သား မိသားစု၊ ဆွေမျိုး မပါတာကြောင့် အတူတူနေပြီး ပညာသင်ကြဖို့ကို လမ်းခရီးမှာ ဆုံးဖြတ်ချက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
သူမတို့ဟာ နေ့စဉ်ပုံမှန် ဝမ်းရေးအတွက် ထမင်းဟင်းချက်တာ၊ ရေခပ်တာတွေလည်း ကိုယ်တိုင် လုပ်ဆောင်နေရပါတယ်။ တဖက်မှာလည်း ပညာရေးအတွက် ကျောင်းကိုမှန်မှန်တက်ပြီး စာကိုလည်း ကြိုးစားနေရပါတယ်။ ကျောင်းပိတ်ရက်တွေမှာလည်း သူမတို့ရဲ့ နေ့စဉ်စားသောက်ဖို့ ဟင်းစားရှာတာတွေ၊ မျှစ်ရှာတာတွေကို အိမ်နီးချင်းတွေကို အကူအညီတောင်းပြီး လိုက်သွားရပါတယ်။
“မိုးရာသီတုန်းကဆိုရင် အဲ့မျိုး မျှစ်သွားချိုးဆို တယောက်နှစ်ယောက်တည်းသွားတော့လည်း မသွားရဲတော့ အိမ်နီးနား အဒေါ်တို့ဆိုရင် ခေါ်သွားတယ်။ အခုဆိုရင် စားဝတ်နေရေး အဆင်မပြေတော့၊ အမေကလည်း ပိုက်ဆံ တခါတလေဘဲပို့လာဆိုတော့ အဆင်မပြေဘူး။” လို့ မော်စေးမြာက အခုလက်ရှိ သူမတို့ရဲ့ အခြေအနေကို ပြောပြပါတယ်။
သူမတို့နှစ်ယောက်ဟာ လက်ရှိမှာ ပညာရေးက တဖက်၊ ဝမ်းရေးကတဖက်နဲ့ သူမတို့ရဲ့ ဘဝအိပ်မက် အနာဂတ်လှပဖို့အတွက် သူမတို့ကိုယ်တိုင်သာ ခက်ခက်ခဲခဲနဲ့ အားတင်းပြီး ပုံဖော်ထုဆစ်နေရပါတယ်။
သူမတို့ နေထိုင်တဲ့ စစ်ရှောင်စခန်းဆီကိုလည်း စစ်ကောင်စီက ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ မကြာခဏဆိုသလို ကင်းထောက်တာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်တတ်တာမို့ မော်စေးမြာတို့ ဟာ အမြဲလိုလို သတိနဲ့ နေနေရပါတယ်။ မိဘတွေဟာလည်း သူမတို့နဲ့အတူ မပါလာတာကြောင့် အားငယ်တာ၊ စိတ်ဓာတ်ကျတာတွေလည်း မကြာခဏဆိုသလို ခံစားနေရတယ်လို့ ပြောပါတယ်။
“အဲ့မျိုး အားငယ်တာတော့ဖြစ်တယ် လေယာဉ်ပျံတို့လာတာတို့၊ မိဘဘေးနားမှာရှိရင်သိပ်ကောင်းမှာဘဲ အဲ့မျိုးတွေတွေးမိတယ်။ ပြီးတော့ဘာလဲ လက်မှတ်ထိုးတာပေါ့ အောင်စာရင်း လက်မှတ်ထိုးတာတို့” လို့ မော်စေးမြာ က ပြောပါတယ်။
မော်စေးမြာဟာ သူမရဲ့ရည်မှန်းချက်အတွက် ပညာကိုကြိုးစားသင်ယူနေတာအပြင်၊ တဖက်မှာလည်း အနုပညာတခုဖြစ်တဲ့ ပန်းချီဆွဲတာကိုလည်း ဝါသနာပါသူတယောက်ပါ ။
သူမရဲ့အားလပ်ချိန်တွေမှာဆို တောင်တန်းတွေ၊ ရှုခင်းတွေကိုကြည့်ပြီး အသက်အရွယ်နဲ့မလိုက်အောင်
ပန်းချီကိုအနုပညာဆန်ဆန် ခံစားပုံဖော် ရေးဆွဲတတ်သူပါ။ အခုလိုမျိုး ရည်မှန်းချက်တွေ၊ ဝါသနာတွေ ကြိုးစားမှုတွေနဲ့ ပြည့်စုံနေတဲ့ မော်စေးမြာ တယောက်ကတော့ မိဘတွေကသူမရဲ့ဘေးမှာ ရှိမနေတာက သူမအတွက်ကတော့ ဝမ်းနည်းစရာတခု ဖြစ်နေပါတယ် ။
နယ်စပ်ကို ပညာသင်ဖို့ မိဘ၊ ဆွေမျိုးသားချင်းတွေနဲ့ နေအိမ်ကို ထပ်တူ စွန့်ခွာလာခဲ့တဲ့ မော်ဦးမြာကလည်း သူငယ်ချင်းဖြစ်သူ မော်စေးမြာနဲ့ လမ်းခုလတ်မှာ ဆုံပြီး အတူတူ ပညာသင်ဖို့ ဆုံးဖြတ်ခဲ့ပုံကို အခုလိုဘဲ ပြောပြလာပါတယ်။
“အဲ့နား(နယ်စပ်)မှာ ကျောင်းတက်ပိုအဆင်ပြေမယ်။ English speaking တို့လည်းသင်။ ပြောခါကျတော့ ဒီဖက်ကမ်းကို သူများသွားလို့လိုက်လာတာ ပြီးမှ သူငယ်ချင်းနဲ့သံလွင်မှာ၊ ဟို့ ၅ တန်းကတည်းက တူတူတက်ဖူးတယ်။ သူနဲ့သံလွင်မှာဆုံတော့ မိဘတွေလည်းမပါလာတော့ ဒီအိမ်မှာတူတူနေမယ် လူမရှိဘူးဆိုပြီးမှ” လို့ မော်ဦးမြာက ပြောပြပါတယ် ။
သူမတို့လို အရွယ်လေးတွေဟာ မိဘအရိပ်မှာဘဲနေပြီး ပညာကိုသင်ယူခဲ့ချင်ပေမဲ့လည်း လက်ရှိမှာတော့ မိဘတွေမရှိတဲ့ စစ်ရှောင်စခန်းလေးမှာ သူငယ်ချင်းနဲ့သာ အတူနေထိုင်ပြီး သူမရဲ့ ဆရာဝန်ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို ဖြစ်မြောက်အောင် ပညာကို ကြိုးစားသင်ယူနေပါတယ် ။
“အိမ်မှာဆိုရင် အဖွားဆိုနေမကောင်းဘူးဆိုရင် ဆေးခန်းသွားပို့ဆိုရင် ပိုက်ဆံကုန်တယ်ကော။ အဲ့မျိုးဆိုရင် ပိုက်ဆံမရှိဘူးဆိုရင် ကိုယ်တိုင်ဒေါက်တာဖြစ်ချင်တယ်။ အဖွားအဖိုးတို့ကို ကိုယ်တိုင်ကုပေးချင်တယ်။” လို့ မော်ဦးမြာ က သူမရဲ့ အိပ်မက်အကြောင်းကို ပြောပြလာတာပါ။
မော်စေးမြာ နဲ့ မော်ဦးမြာတို့ဟာ အသက်အရွယ်နဲ့မလိုက် ဘဝအတွက်ပညာရေးကို လက်မလျော့ဘဲ ရဲရဲတင်းတင်းနဲ့ ခြေလျင်ခရီးလျှောက်လာခဲ့ပြီး ကိုယ်နေထိုင်စားသောက်ဖို့အတွက် ကိုယ်တိုင် ရှာဖွေစားသောက်နေသည်မှာ အလွန်ပင် လေးစားအတုယူဖွယ် ဖြစ်ပါတယ်။
မော်စေးမြာ နဲ့ မော်ဦးမြာ တို့လို ၆ တန်းကျောင်းသူအရွယ်ဆိုတာဟာ မိဘအရိပ်အောက် သို့တည်းမဟုတ်ဘဲ အုပ်ထိန်းသူတဦးဦးရဲ့ အရိပ်အောက်မှာ လုံခြုံစွာ ပညာသင်ယူရမယ့် အရွယ်လေးတွေသာ ဖြစ်ပါတယ်။ သို့ပေမဲ့လည်း စစ်အာဏာသိမ်းမှုကြောင့် မိဘ၊ အုပ်ထိန်းသူ၊ ဆွေမျိုးသားချင်းတွေနဲ့ မြေပုံ(Google earth) မှာ အဖြောင့်တိုင်းရင် မိုင်ပေါင်း ငါးဆယ်ဝန်းကျင် ဝေးတဲ့နေရာမှာ ကြောက်ခေတ်ကိုမမှုဘဲ အိပ်မက်ကို ပုံဖော်ထုဆစ်နေကြရပါတယ်။
ထို့အတူဘဲ ရည်မှန်းချက်ကိုယ်စီ၊ အိမ်မက်ကိုယ်စီနဲ့ ကိုယ့်ဘဝ အနာဂတ်ပညာရေး လှပဖို့အတွက် ပညာရေးခရီးကို ခက်ခက်ခဲခဲ လျှောက်လှမ်းနေကြတဲ့ များစွာသော ကျောင်းသူ၊ ကျောင်းသားတွေဟာလည်း အဲ့ဒီစစ်ရှောင်စခန်းမှာ ရှိနေကြပါသေးတယ်။
“ဘာစကားပြောချင်လဲဆိုရင်တော့ အကုန်လုံး ကျန်းမာရေးဂရုစိုက်ပေါ့နော်။ သမီးကိုစိတ်မပူနဲ့ စာကြိုးစားနေတယ်။” လို့ မော်စေးမြာတို့က မိဘတွေကို အမှာစကားပါးလိုက်ပါတယ် ။