spot_imgspot_imgspot_imgspot_img
Tuesday, May 20, 2025
spot_imgspot_imgspot_imgspot_img

“ကွမ်းညှပ် ထုဆစ်တဲ့ လုပ်ငန်းရှင် ဦးဝီလျံ”

သိုးရယ်/ ကန္တာရဝတီတိုင်း(မ်)

အသက် ၆၀ အရွယ်ရှိတဲ့ ဦးဝီလျံဟာ စစ်အာဏာမသိမ်းခင်ကတည်းက ပန်းပဲလုပ်ငန်း လုပ်ကိုင်လာတာဖြစ်ပြီး ဓား၊ ဓားမြောင်စတဲ့ လုပ်ငန်းကို လုပ်ကိုင်နေတာပါ။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာတော့ ဒေသအတွင်းမှာ အသုံးများလာတဲ့ ကွမ်းညှပ်ကိုပါ ထုလုပ်လာတာ ယခုနှစ်ဆို ၄ နှစ်ကျော်ကြာမြင့်နေပြီလို့ ဆိုပါတယ်။ ကွမ်းညှပ် ထုလုပ်တဲ့ လုပ်ငန်း ကနေ မိသားစု စားဝတ်နေရေးကို တထောင့်တနေရာကနေ အထောက်အကူ ဖြစ်စေပါတယ်။

လူကြီး၊ လူငယ်တွေ ကြား ကွမ်းစားတဲ့ဓလေ့ ရှိနေတဲ့ ကရင်နီပြည်မှာ ဦးဝီလျံလုပ်တဲ့ ကွမ်းညှပ်တွေက အတော်အသင့် ရောင်းကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

ကွမ်းညှပ် ထုလုပ်တဲ့ ဦးဝီလျံရဲ့ လက်ရာကိုလည်း ဝယ်ယူအသုံးပြုသူတွေ သဘောကျနှစ်သက်တာမျိုး ရှိပါတယ်။ အထူးသဖြင့် တောင်ငူနဲ့ ထိုင်း၊ ကရင်နီ ဒုက္ခသည်စခန်းတွေကနေလည်း မှာယူကြတယ်လို့ ဦးဝီလျံက ဆိုပါတယ်။

“အဓိက က တောင်ငူပဲ၊ တောင်ငူ ပြီးရင် ထိုင်းဘက်ပေါ့၊ ကရင်နီ ဒုက္ခသည်စခန်းရော၊ ပြီးတော့ ဒေသတွင်းက လူတွေလည်း လာမှာယူကြတယ်”လို့ သူက ဆိုပါတယ်။

ယခင် ထုလုပ်နေကျဖြစ်တဲ့ ဓား၊ ဓားမြောင် တွေထက် ကွမ်းညှပ် ထုဆစ်ပြုလုပ်တာ ပိုမိုလွယ်ကူသလို တစ်နှစ်ထက်တစ်နှစ် လက်ရာကောင်းလာသူဖြစ်တာကြောင့် လူသိပိုများလာပြီး တခါတလေ အမှာကိုတောင် အချိန်မပေးနိုင်တာမျိုး ရှိတယ်လို့ သူက ပြောပါတယ်။

ဦးဝီလျံမှာ မိသားစုဝင် ၆ ဦးရှိပြီး သားအငယ်ဆုံးလေးကို ပန်းပဲ ပညာအမွေ ပေးချင်နေပါတယ်။

ကွမ်းညှပ် ထုလုပ်တဲ့ လုပ်ငန်းအတွက် မီးစက်၊ ဖိုင်ဘာပြား၊ ဖိုင်ဘာစက်၊ မီးသွေး၊ တူ ပါဝင်ပြီးတော့ လိုအပ်တဲ့ သံချောင်းနဲ့ သံပြားတွေကိုတော့ ဝယ်ယူနေရတာပါ။ ကွမ်းညှပ်တစ်လက် ပြီးစီးနိုင်ဖို့ အချိန် ၂ နာရီခန့် ကြာမြင့်ပြီးတော့ တစ်ရက်မှာ ၅ လက်ကနေ ၆ လက်အထိ လုပ်ကိုင်နိုင်သူလည်း ဖြစ်ပါတယ်။

ဦးဝီလျံလိုပဲ ကျေးရွာအတွင်းက ကွမ်းညှပ်ထုလုပ်တဲ့ လုပ်ငန်း လုပ်ကိုင်သူ နှစ်ဦးလည်း ရှိနေပါတယ်။

ဦးဝီလျံ ထုလုပ်တဲ့ ကွမ်းညှပ်ကို လက်ရာကြိုက်နှစ်သက်သူ တော်တော်များများ ရှိတာကြောင့် ပုံမှန်စျေးနှုန်ုးအရ တစ်လက်ကို မြန်မာငွေ ၁ သောင်းကျပ်နဲ့ ရောင်းချနေတယ်လို့ သူရဲ့ အသိမိတ်ဆွေ တစ်ဦးက ဆိုပါတယ်။

“သူ့လက်ရာက ကောင်းတယ်လေး၊ အရင်တစ်နှစ်က သူထုတဲ့ လက်ရာက သိပ်မသန့်ဘူး၊ ဒီတစ်နှစ်က ပုံစံပြောင်းထားတော့ လက်ရာ နည်းနည်းကောင်းလာတယ် ပြောရမှာပေါ့” လို့ ဦးဝီလျံရဲ့ အသိမိတ်ဆွေက ပြောပြပါတယ်။

spot_img
spot_img