မော်ဦးမြာ / ကန္တာရဝတီတိုင်း(မ်)
ခက်ခဲကြပ်တည်းတဲ့ ကာလမှာ ကရင်နီက မိခင်အများစုဟာ မိသားစုဝင်တစ်ယောက် တိုးလာမှာကို စိုးရိမ်နေကြရပါတယ်။ ဒါဟာ စိတ်မချမ်းမြေ့စရာ ဖြစ်ရပ်မှန်တွေပါ။ ဘဝလုံခြုံမှု၊ စားဝတ်နေရေး စသဖြင့် အရာရာ ခက်ခဲကြပ်တည်းလာတဲ့အခါ ထပ်တိုးလာမယ့် မိသားစုဝင်တစ်ဦးက ဝန်တစ်ခုလို ဖြစ်နေရပါတယ်။
ပုံမှန်မိသားစုတွေမှာတော့ မိသားစုဝင်တစ်ဦးတိုးတာဟာ ဂုဏ်ယူဝင့်ကြွားရမယ့် အခြေအနေကနေ စိုးရိမ်ပူပန်ရတဲ့ အနေအထားကို ရောက်ရှိသွားကြပါတယ်။ အထူးသဖြင့် စစ်ဘေးဒဏ်ကြောင့် စစ်ရှောင်ရပြီး နေရာတခုတည်းမှာ အတည်တကျ အခြေချခွင့်၊နေထိုင်ခွင့် မရရှိတဲ့ အမျိုးသမီးတွေက စိုးရိမ်ပူပန်နေတာပါ။
အသက် ၃၀ ဝန်းကျင်ရှိတဲ့ “နွေ”ဟာ အိမ်ထောင်သည် အမျိုးသမီးတစ်ဦးပါ။ သူမမှာ ရင်သွေးလေးရှိဖို့ တမ်းတနေပါတယ်။ သို့ပေမယ့် သူမအတွက် ဒီကာလမှာ မိသားစုဝင်တစ်ယောက် တိုးလာရင် အဲဒီတိုးလာမယ့် မိသားစုဝင် သို့မဟုတ် ရင်သွေးငယ်လေး အတွက် အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရေးကို စတင်တွေးမိစဉ်မှာတင် စတင်ပူပန်ရပါတော့တယ်။
“မိသားစုဝင်တစ်ယောက် တိုးလာတာနဲ့အတူ သူတို့၏ စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ငွေးရေးကြေးရေး အတွက် ထောက်ပံ့ပေးနိုင်မလား၊ တာဝန်ယူမှု များလာတော့မယ်ဆိုတဲ့ ပထမဦးဆုံးအတွေးက လွမ်းမိုးနေသည့်အပြင် သူတို့၏ လုံခြုံရေး၊ ပညာရေး စသည့် နောက်ဆက်တွဲ လိုအပ်မှုတွေက များစွာရှိနေလို့ပဲ ဖြစ်ပါတယ်။ ကျမတို့ရဲ့ လုပ်ရည်ကိုင်နိုင်စွမ်း၊ မိသားစုအခြေအနေကိုလည်း အရင်ဦးဆုံး ပြန်လည်းသုံးသပ်ရန် လိုအပ်လာတတ်တယ်။” လို့ “နွေ” က သူမရဲ့ စိုးရိမ်မိတဲ့ အခြေအနေကို ပြောပြပါတယ်။
ဒါတွေမကသေးပါဘူး။ “နွေ” က သူမရဲ့ မိသားစုဝင်ကို Stateless (နိုင်ငံမဲ့) လူသားတစ်ဦး ဖြစ်မှာကို စိုးရိမ်တဲ့အထိ ဖြစ်နေရပါတယ်။ ဒါ့အပြင် သူမအနေနဲ့လည်း တိုးလာတဲ့ မိသားစုဝင်ကို တာဝန်ယူစောင့်ရှောက်မှု မရှိတဲ့ တာဝန်မဲ့မိဘတွေ ရှိလာတာကိုလည်း တွေ့ရတယ်လို့ သူမ ရဲ့ ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အခြေအနေကို “နွေ” က ပြောပြပါတယ်။
တိုးလာမယ့် မိသားစုဝင် ရင်သွေးလေးအတွက် ကုန်ကျစရိတ်၊ စားဝတ်နေရေး၊ လုံခြုံရေးနဲ့ အနာဂါတ်ကို ထည့်သွင်းစဉ်းစားလိုက်တဲ့အခါ အဆင်မပြေတဲ့ ဘဝတွေထဲကို ဇွတ်အတင်း ခေါ်လာမိသလို ဖြစ်နေတာကြောင့် တမ်းတမိတဲ့စိတ်ကလေးကို ပြန်လည်ထိန်းချုပ်နေကြရတဲ့ အနေအထားကို မိခင်အများစုက ရောက်ရှိသွားကြရပါတယ်။ အထူးသဖြင့် ဝင်ငွေရ လမ်းတွေ မရှိတဲ့ မိသားစုတွေရဲ့ ဘဝတွေထဲကိုပါ။
အိမ်ထောင်တခုမှာ မိသားစုဝင်တစ်ဦး တိုးလာတယ်ဆိုတာ အနှိုင်းအဆမဲ့ ပီတိဖြစ်ရမှာပါ။ သို့ပေမယ့် စိုးရိမ်ပူပန်မှုကြောင့်များ ဖြစ်နိုင်မလား၊ ရင်သွေးတွေကို ကျွေးမွေးဖို့ ခက်ခဲလွန်းသည်ကြောင့် ဖြစ်မလား။ မိမိရဲ့ ရင်သွေးတွေကို စွန့်ပစ်သွားရတဲ့ ဖြစ်စဉ်တွေလည်း ကရင်နီမှာ ရှိနေတာကို တွေ့လာရပါတယ်။
“ပိုး” ကလည်း ကိုယ်ဝန်သည်တစ်ဦးပါ။ အသက် ၂၅ နှစ် ရှိပါပြီ။ မေလအတွင်းမှာ မီးဖွားမယ့်မိခင်ဖြစ်ပါတယ်။ လက်ရှိကိုယ်ဝန်ဟာ ဒုတိယကိုယ်ဝန်ပါ။ “ပိုး” နေထိုင်တဲ့ဒေသဟာ လွတ်မြောက်နယ်မြေ ဖြစ်ပေမယ့် အရာရာစျေးတက်တဲ့ ခေတ်မှာ ဝင်ငွေမရှိတဲ့ သူမအဖို့ မွေးဖွားလာမယ့် ရင်သွေးငယ်အတွက် ပူပန်နေရပါတယ်။
ဒါပေမယ့် ရရှိလာတဲ့ သူမရဲ့ သွေးသားလေးအတွက် သူမ အကောင်းဆုံး ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။ သူမအနေနဲ့ လက်ရှိမှာ လုံခြုံရေးအပါအဝင် များစွာသော အခက်အခဲကို ရင်ဆိုင်နေရပေမယ့် ကိုယ်ဝန်ရရှိလာတဲ့အခါ သူမ ရဲ့ ပီတိထဲမှာ စိုးရိမ်မှုတွေလည်း ပါဝင်နေခဲ့ပါတယ်။
“ပိုး” ရဲ့ ပီတိတွေထဲ ရောထွေးလာတဲ့ ဝမ်းနည်းမှုက “ဆေးအဆင်ပြေတယ်။ ဘာညာ ဆရာမတွေ ကြည့်ပေးတယ်ဆိုရင် တော်တော်များများတော့ ကလေးယူကြမှာပဲပေါ့နော်။ တော်တော်များများတော့ တားနေကြတာပဲပေါ့နော်။ တော်ကြာ သူများပြောသလိုမျိုး နိုင်ငံရေးမကောင်းပါဘူးဆို ကလေးက ယူချင်သေးအဲ့လိုပေါ့။” လို့ “ပိုး” က သူမကြုံတွေ့နေရတဲ့ အခြေအနေကို ပြောပြပါတယ်။

လက်ရှိမှာတော့ “ပိုး” တို့ နေထိုင်တဲ့ ဒေသမှာ သန္ဓေတားဆေးတွေ အကန့်အသတ်ရှိလာတာကြောင့် လသားအရွယ် ပိုင်ဆိုင်ထားတဲ့ မိခင်တွေကိုဘဲ ဦးစားပေးတာမျိုးတွေ ရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့်လဲ စိုးရိမ်စရာအခြေအနေတွေကြားမှာ မမျှော်လင့်ပဲ ကလေးပြန်ရနေကြတာတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။
သားကြောဖြတ်ထားတဲ့ မိခင်တွေမှာသာ လုံခြုံစိတ်ချတဲ့ အခြေအနေမှာ ရှိတော့တယ်လို့ “ပိုး”က သူတို့ဒေသမှာနေထိုင်တဲ့ အိမ်ထောင်သည်အမျိုးသမီးတွေရဲ့ အခြေအနေကို ပြောပြပါတယ်။
“ပိုး” က ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေထိုင်သူ ဖြစ်ပါတယ်။
“ဆေးမလုံလောက်လို့ရှိရင် ဘယ်လိုပြောမလဲ မလိုအပ်တဲ့ ကိုယ်ဝန်တွေ ရရင်တော့ ကလေးတွေက အဆင်မပြေဘူးပေါ့နော်။ ကျမတို့ သန္ဓေတားဆေး၊ အရေးပေါ်ဆေးတွေက မရှိဘူး။ နောက်ပြီးတော့ အဲ့ဒီ တရက်တလုံးဆေးကတော့ ရှိတယ်။ နောက် ထိုးဆေးခါကျတော့ လောလောဆယ် တလစာတော့ လောက်တယ်ပေါ့နော်။ သားအိမ်ထဲ ထည့်တဲ့ ပစ္စည်းကတော့ တယောက်စ နှစ်ယောက်စ လာထည့်တယ်။ လက်မောင်းထဲ ထည့်တဲ့ပစ္စည်းကတော့ မရှိဘူး။ ရှိရင်တော့ ထည့်ပေးလို့ရတာပေါ့။” လို့ ဆိုမိုဖေစိုးလေးမြို့နယ်အတွင်းက ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအနေအထားအရ အခြေခံလိုအပ်ချက်ကုန်ကျစရိတ်ဟာ လစဉ် သုံးသိန်းကျပ်ကနေ ခြောက်သိန်းကျပ်အထိ ရှိပါတယ်။ ဒါဟာ ကျေးလက်ဒေသမှာ နေထိုင်သူတွေဖြစ်ကြပြီး မြို့ပြကြီးမှာ နေထိုင်သူတွေနဲ့ ကွာဟမှု ရှိနိုင်ပါတယ်။ ဒီကနေ့ခေတ် ကုန်စျေးနှုန်း ကြီးမြင့်လာတဲ့ အခြေအနေနဲ့ဆိုရင် ကုန်ကျစရိတ်တွေလဲ ပိုတိုးလာနိုင်ပါတယ်။