spot_imgspot_imgspot_imgspot_img
Tuesday, March 25, 2025
spot_imgspot_imgspot_imgspot_img

“ခပ်စိပ်စိပ်တွေ့လာရတဲ့ ပြည်သူ့စစ်မှုထမ်းတွေရဲ့ ဘက်ပြောင်းခိုလှုံလာမှုများ”

Author

Date

Category

ကေးဒူ/ကန္တရဝတီတိုင်း(မ်)

စစ်ကောင်စီက ၂၀၂၄ ဖေဖော်ဝါရီလ မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက်ပိုင်းမှာ ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ခံရသူတွေ အများကြီးရှိလာနေပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေး တပ် KNDF ရဲ့ ထုတ်ပြန်ချက်အရ စစ်မှုထမ်းဥပဒေ အသက်ဝင်လာပြီးနောက်ပိုင်းမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဆီကို ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၁၀၀ နီးပါး ရှိနေပြီလို့ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းတွေအတွက် အခြေခံစစ်သင်တန်းပေးတဲ့ အပတ်စဉ်ကလည်း အပတ်စဉ် ၉ အထိ ပြီးမြောက်သွားပြီ ဖြစ်ပါတယ်။

ဆန္ဒရှိလို့ပဲဖြစ်စေ၊ အတင်းအဓမ္မဖြစ်စေ ရှေ့တန်းစစ်မြေပြင်ဆီ ပို့ဆောင်ခံရပြီး စစ်မှုထမ်းစေတာပါ။
ကရင်နီပြည်ရဲ့ ရှေ့တန်းစစ်မြေပြင်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို လက်နက်နဲ့ တကွ အလင်းဝင် လာသူတွေ၊ စစ်မြေပြင်မှာသုံ့ပန်းအဖြစ် ဖမ်းဆီးရမိတဲ့ဖြစ်စဉ်တွေ ခပ်စိပ်စိပ် တွေ့ရလာပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ဘက်ပြောင်းခိုလှုံလာတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သားအရေအတွက် နဲ့ ဖမ်းဆီးရမိထားတဲ့ ပြည်သူ့စစ်မှုထမ်း စစ်သုံ့ပန်းအရေအတွက်ကိုတော့ လတ်တလော တိတိကျကျ ထုတ်ပြန်နိုင်ဖို့အခက်အခဲလေးတွေ ရှိနေသေးတယ်လို့ KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အလင်းဝင်လာတဲ့သူတွေ တော်လှန်ရေးတပ်ဖွဲ့တွေထဲကို ဘက်ပြောင်းလာတဲ့သူတွေ ပိုများလာတယ်ပေါ့နော်။ အဲ့တာကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေက လုံးဝ အလုပ်မဖြစ်ဘူးဆိုတာ ကျနော်တို့ တွေ့နိုင်တယ်ပေါ့နော်။ အဓိကတော့ စစ်မှုထမ်း ဥပဒေနဲ့ စစ်သားစုဆောင်းတယ်။ သင်တန်းပေးတယ်။ စစ်မြေပြင် လွတ်တယ်။ စစ်မြေပြင်မှာ ထွက်ပြေးလာတယ်။ ပြည်သူတွေနဲ့ လာပူးပေါင်းတယ်။ အဲ့တာကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေက လုံးဝ အသက်မဝင်ဘူး၊ အလုပ်မဖြစ်ဘူး ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်” လို့ တာအယ်စိုးက ပြောပါတယ်။

၂၀၁၀ ပြည့်နှစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂၇/၂၀၁၀ ဖြင့် ပြဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြန်လည်အသက်သွင်းလိုက်တာပါ။

စစ်မှုထမ်း ဥပဒေကို အသက်သွင်းလိုက်တဲ့နေ့ကစပြီး လူငယ်တွေရဲ့ ဘဝဟာ ကံဆိုးမိုးမှောင်ကြီး ကျရောက်ခဲ့ပါတော့တယ်။ နိုင်ငံခြားကို ပြေးဖို့ ပြင်တဲ့သူက ပြင်၊ တော်လှန်ရေးတပ်ထဲကို ဝင်တဲ့သူက ဝင်နဲ့ ဖြစ်ကုန်ပါတော့တယ်။

စစ်မှုထမ်း ဥပဒေကြောင့် ရွေးချယ်စရာမရှိပဲ အခြေခံစစ်သင်တန်းကို မဖြစ်မနေ တက်ရောက်ခဲ့ရတဲ့ လူငယ်တွေ အခြေခံစစ်သင်တန်းဆင်းပြီးတဲ့နောက် တာဝန်တွေ အသီးသီးခွဲဝေပြီး ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ခြင်းနေခံရပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ လက်နက်နဲ့တကွ CDM ပြုလုပ်ပြီး KNDF ဆီကို ဘောလခဲ အခြေစိုက် ခမရ (၄၃၀ )တပ်က တပ်သားတဦးရောက်ရှိလာခဲ့ပါတယ်။

စစ်မှုထမ်းသက်တမ်း ၂၆ ရက်သာရှိသေးတဲ့ အဆိုပါ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၄ သင်တန်းဆင်းတပ်သားနဲ့ KNDF ရဲ့ CDM ဌာန၊ ဌာနမှူး မင်းသားတို့ရဲ့ တွေ့ဆုံစကားပြောတဲ့ ဗီဒီယိုဖိုင်မှာ ပြည်သူ့စစ်မှုထမ်းတွေဟာ ပေါ်တာဆွဲတာ၊ အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရတာတွေကြောင့် စစ်သင်တန်းကို တက်ရောက်ကြရကြောင်း ဖြေဆိုထားပါတယ်။

ဒါ့အပြင် ကရင်နီပြည်ကိုလည်း အဆိုပါ ပြည်သူ့စစ်မှုထမ်း တပ်သားသစ်တွေကို ပို့ထားပြီး သူတာဝန်ကျနေတဲ့ ဘောလခဲ အခြေစိုက် ခမရ (၄၃၀) တပ်အတွင်းမှာ တပ်သားသစ်ဦးရေဟာ ရှိနှင့်နေပြီးသား တပ်သားတွေထက် ပိုများကြောင်းကိုလည်း ပြောထားပါတယ်။

“တပ်သားအသစ်တွေချည်းပဲ ပစ (ပြည်သူ့စစ်မှုထမ်း) တွေပဲ။ လူဟောင်းတွေက ဗိုလ်ကြီးတို့ ၊ တပ်ကြပ်တွေလောက်ပဲ နဲနဲပဲကျန်တာပေါ့” လို့ အဆိုပါ CDM ပြည့်သူ့စစ်မှုထမ်း က ပြောပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့မှာလည်း ဖရူဆိုမြို့ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ ခမရ (၅၃၁) တပ်က အရာခံဗိုလ်တဦးဟာ လက်နက်နဲ့အတူ (KNDF) ထံ ဝင်ရောက်ခိုလှုံလာခဲ့ပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့မှာလည်း စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မ စုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သား ၄ ဦးဟာ အလင်းဝင်လာဖို့ ချိတ်ဆက်လာတာကြောင့် SSLRU နဲ့ SSRY ပူးပေါင်းတပ်တို့ သွားရောက်ကယ်ထုတ်ခဲ့ပါသေးတယ်။

အဲဒီရက်ထဲမှာပဲ စစ်မှုထမ်းဥပဒေကြောင့် ရှောင်တိမ်းချိန်မရလိုက်ပဲ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီရဲ့ အခြေခံစစ်သင်တန်းကို တက်ရောက်ခဲ့ရတဲ့ အသက် ၂၀ ကျော်အရွယ် လူငယ် (၄) ဦးဟာလည်း Loikaw PDF ထံ ဘက်ပြောင်းခိုလှုံလာခဲ့ပါတယ်။

သူတို့တွေဟာ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်ကဖြစ်ပြီး စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းစေခိုင်းခြင်းကို ခံရတာကြောင့် ဟိုပုံးမှာ ဖွင့်တဲ့ ၃ လတာ အခြေခံစစ်သင်တန်းကို တက်ရောက်ခဲ့သူတွေ ဖြစ်ပါတယ်။

အခြေခံစစ်သင်တန်းဆင်းပြီး ကရင်နီပြည်ရဲ့ ဘောလခဲ အခြေစိုက် ခမရ ၄၂၉ တပ်ထဲကို ပို့ဆောင်ခြင်းခံခဲ့ရရင်း အဆိုပါ တပ်ထဲကို မရောက်ရှိခင်မှာပဲ ဒေသခံအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ဘက်ပြောင်းခိုလှုံလာတဲ့အကြောင်းကို Loikaw PDF တာဝန်ရှိသူတဦးက အခုလိုပဲ ပြောပြပါတယ်။

“သူတို့နေရပ်ကို အရင်ပြောရမယ်ဆိုရင် သူတို့က ပဲခူးတိုင်းဘက်က ဖြစ်တယ်ပေါ့နော်။ ရှမ်းပြည်နယ်ကတော့ တယောက်ပါတယ်။ ပဲခူးတိုင်းကတော့ များတယ်။ ပေါ်တာ ဆွဲခံရပြီးတော့ စစ်သင်တန်းပို့ခံရတာပေါ့နော်။ ဟိုပုံး မှာရှိတဲ့ စစ်သင်တန်းကို ပို့တာပေါ့။ သင်တန်းကာလက ၃ လ ။ အဲ့တာပြီးတော့ သူတို့ ဆင့်ကဲဆင့်ကဲ ပို့လာတာပေါ့နော်။ လွိုင်ကော်ကို ရောက်တာတော့ ၅ လ လောက် ရှိပြီ။ သူတို့ကို သင်တန်းဆင်းပြီးတာနဲ့ လူခွဲတဲ့အချိန်မှာ သူတို့က ခမရ ၄၂၉ ဘောလခဲအခြေစိုက် ၄၂၉ တပ်ကို သွားရမယ့်အဖွဲ့တွေပေါ့။ မသွားခင် စပ်ကြားလေးမှာ သူတို့ကင်းယူနေရတာပေါ့။ ကျနော်တို့ကို ချိတ်ဆက်ပြီးတော့ ခေါ်ထုတ်လာတာဖြစ်တယ်” Loikaw PDF တာဝန်ရှိသူ တဦးက ပြောပါတယ်။

သူတို့ဟာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်က ၃ က ၃ ယောက်နဲ့ အပတ်စဉ် ၄ က ၁ ယောက် ပါဝင်တယ်လို့ဆိုပါတယ်။

“ပြည်သူ့စစ်မှုထမ်း ဥပဒေ စထုတ်လိုက်ကတည်းက ကျနော်တို့နဲ့ အလင်းဝင်ရောက်ပူးပေါင်းတဲ့ ပြည်သူ့စစ်မှုထမ်းတွေကော အောက်ခြေ စစ်သားတွေ ၊ အရာရှိစစ်သည်တွေကောပေါ့နော်။ သူတို့ ခပ်စိပ်စိပ်လေး CDM ပြုလုပ်လာတာ တွေ့ရတယ်။ ကျနော်တို့ ပြည်သူတွေက ပြည်သူတွေပဲဖြစ်တဲ့ အတွက်ကြောင့်မလို့ ဘယ်သူ့မှ စစ်မတိုက်ချင်ကြဘူး။” လို့ Loikaw PDF တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒါတင်မကသေးပါဘူး။ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာလည်း ကရင်နီပြည်နယ်၊ ဘောလခဲမြို့ အခြေစိုက် ခမရ(၄၂၉) တပ်ရင်းက ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁) တပ်သား ၁ ဦးဟာလည်း လက်နက်ခဲယမ်းနဲ့အတူ KNDF တပ်ရင်း ၉ ထံ ဘက်ပြောင်းခိုလှုံလာခဲ့ပါတယ်။

“သေချာတာတခုကတော့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိုများလာတယ်ပေါ့နော်။ အရင် ၂ နှစ် ၃ နှစ်တုန်းကဆိုရင် အဲ့လောက်ထိမတွေ့ရဘူး။ အခုလပိုင်းမှာတော့ တော်တော်လေးတွေ့ရတယ်။ အဓိကတော့ အားလုံးသိတဲ့အတိုင်းပဲ အတင်းအဓမ္မ စစ်မှုထမ်းခြင်းခံရတယ်ပေါ့နော်။ တချို့အခေါ်အဝေါ်ဆို ပေါ်တာ ပေါ့။ ပေါ်တာ ဆွဲခြင်းခံရတယ်။ ပြီးတော့ စစ်တပ်ထဲကို အတင်းထိုးသွင်းလိုက်တဲ့အပေါ်မှာ သေချာတာတခုက ဘယ်သူ့မှ ဒီလုပ်ငန်းကို လုပ်ချင်တာမဟုတ်ဘူး။ ဒီလောက်ထိ ရက်စက်တဲ့တပ်မှာ ဘယ်သူမှ သွားပြီး တာဝန်ထမ်းဆောင်ချင်မှာ မဟုတ်ဘူး။ အဲဒီအတွက် အတင်းအဓမ္မစုဆောင်းပြီးတော့မှ စေခိုင်းတာတွေ ၊ ရှေ့တန်းကို အသေခံခိုင်းပြီးတော့ ပို့တာတွေ ဘယ်သူမဆိုကတော့ အခွင့်ရရင်တော့ အဲ့ဒီတပ်ဆိုတော့ စွန့်ခွာပြီးသားပဲ။”လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှုး (၂) ဆရာဗညားက ပြောပါတယ်။

တော်လှန်ရေးကာလအတွင်း Loikaw Local PDF တပ်ရင်းထံ ဝင်ရောက်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားပေါင်း ၁၁ ဦးရှိတယ်လို့ သိရပါတယ်။ ဒီစာရင်းတွေဟာ ကန္တာရဝတီတိုင်း(မ်) က လက်လှမ်းမီမေးမြန်းရရှိထားတဲ့ အချက်အလက်တွေဖြစ်ပြီး တခြားတပ်ရင်းတပ်ဖွဲ့ တွေဆီကိုလည်း ဝင်ရောက်လာမှုတွေ ရှိနိုင်ပါသေးတယ်။

လက်ရှိ ကရင်နီ- ရှမ်းပြည်နယ်စပ် မိုးဗြဲမြို့ တဝိုက်မှာတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တို့ စစ်ရေးတင်းမာနေဆဲ ဖြစ်သလို ဘောလခဲမြို့နယ်အတွင်းမှာတော့ စစ်ကောင်စီဘက်က စစ်အင်အားတွေ ၊ စားနပ်ရိက္ခာတွေ ၊ ဆေးဝါးတွေ ဖြည့်တင်းနေပြီး အချိန်မရွေး တိုက်ပွဲတွေ ဖြစ်ပွားနိုင်တဲ့အတွက် ဘောလခဲ ပြည်သူလူထုတွေကို ၁၀ ရက်အတွင်း ရွေ့ပြောင်းနေထိုင်ကြဖို့ကို တော်လှန်ရေးတပ်ပေါင်းစုက ဖေဖော်ဝါရီလ (၂ )ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ပြီး နှိုးဆော် ထားပါတယ်။

spot_img
spot_img
spot_img

Recent posts