spot_imgspot_imgspot_imgspot_img
Wednesday, January 22, 2025
spot_imgspot_imgspot_imgspot_img

ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမှာ သေနတ်မပစ်ဖောက်ဖို့ KNDF ဥက္ကဌ အမိန့်ညွှန်ကြားထား၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူမည်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) လက်အောက်က ဗဟိုဌာန ၊ ဗျူဟာ ၊ တပ်ရင်း တပ်ဖွဲ့ဝင်အားလုံးကို ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမှာ သေနတ်ပစ်ဖောက်ပြီး ကျည်မဖြုန်းတီးဖို့ KNDF ဥက္ကဌ ခွန်းဘီထူးက အမိန့်ညွှန်ကြားထားပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေမှာ အများပြည်သူ ထိတ်လန့်စေတဲ့ သေနတ်ပစ်ဖောက်မှုဖြစ်စဉ် ရှိခဲ့တာကြောင့် အမိန့်ညွှန်ကြားချက် ထုတ်ပြန်ထားတာဖြစ်တယ်လို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“အရင် ပြီးခဲ့တဲ့ ကာလတုန်းကပေါ့နော် ဒီ‌တော်လှန်ရေးအားလုံးပါပဲ။ အခါကြီး ရပ်ကြီးပွဲတွေဆိုရင် ဒီလို ပျော်ပွဲရွှင်ပွဲအနေနဲ့ ပစ်ဖောက်တာတွေ ရှိခဲ့ဖူးတာပေါ့နော်။ ဆို‌တော့ ဒီနောက်ပိုင်းမှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ ပိုဖြစ်သွားအောင် ဒါ KNDF ဥက္ကဌဖက်က ညွှန်ကြားချက်ထုတ်တဲ့ ပုံစံမျိုးဖြစ်ပါတယ်ပေါ့။” လို့ တာအယ်စိုးက ဆိုပါတယ်။

စစ်ရေးကာလဖြစ်တာကြောင့် အရပ်သားပြည်သူ ရှိရာအနီးအနားမှာ သေနတ်ကျည်ဖောက်ခြင်းက လူထုကို ထိတ်လန့်စေတယ်လို့ ဒေသခံအမျိုးသမီးက အခုလိုပြောပါတယ်။

“ကျည်ဆိုတာကလည်း ပျော်ဖို့ရွှင်ဖို့လို့ မမြင်ဘူးလေနော်။ အကယ်၍ သူတို့ ခရစ္စမတ်အတွက် နှစ်သစ်ကူးအတွက် ရည်ရွယ်ပြီး လုပ်တယ်ဆိုရင်တောင် ကြိုသိထားရင်တမျိုးပေါ့။ ကြိုမသိရင် ဘယ်လိုဖြစ်ဖြစ် ဒီအခြေအနေက သေနတ်သံကြားရင် ကြောက်ကြမှာပဲလေ။”လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အထိမ်းအမှတ်နေ့ဖြစ်စေ ၊ ရက်ထူးရက်မြတ်နေ့တွေမှာ တပ်ရင်းတပ်ဖွဲ့တချို့က အပျော်သဘောအနေနဲ့ သေနတ်ကျည်ဖောက်တာမျိုး ရှိပြီး ဒီလိုလုပ်ရပ်တွေကို အားမပေးဘူးလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုပါတယ်။

KNDF ဥက္ကဌ ခွန်းဘီထူး ညွှန်ကြားထားတဲ့ အမိန့်စာမှာတော့ KNDF တပ်ဖွဲ့ဝင်တွေ အနေနဲ့ အများပြည်သူတွေလှူဒါန်းတဲ့ ကျည်ဆံတွေကို စစ်ရေးအတွက် အဓိက အသုံးပြုကြဖို့ ၊ ပစ်ခတ်ဖြုန်းတီးခြင်း မပြုလုပ်ကြဖို့၊ ခရစ္စမတ်နဲ့ နှစ်သစ်ကူးမှာ ကျည်ဖောက်ပစ်မှုမလုပ်ကြဖို့ တိုက်တွန်းထားတာပါ။

အဆိုပါ အမိန့်ညွန်ကြားချက်ပါ စာထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာ အရေးယူသွားမယ်လို့ ဆိုထားပါတယ်။

spot_img
spot_img
spot_img

Recent posts