ကန္တာရဝတီတိုင်း(မ်)
နယ်စပ်ဒေသတခုရဲ့ တိတ်ဆိတ်နေတဲ့ တိုက်ခန်းတခုမှာအွန်လိုင်း ( zoom ) ကနေ အင်တာဗျူးဖြေနေရင်း အင်တာနက်လိုင်း ပြတ်တောက်သွားမှာကို ရင်တထိတ်ထိတ်ဖြစ်နေရတဲ့သူကတော့ အသက် ၂၄ နှစ်အရွယ် နော်ဂေးလာစေးပဲဖြစ်ပါတယ်။
နိုင်ငံတကာတက္ကသိုလ်မှာ ကျောင်းတက်ခွင့်ရဖို့အတွက် ထောက်ပံ့ကြေးပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ အင်တာဗျူးကို ဖြေဆိုနေတာဖြစ်ပါတယ်။
လျှောက်ထားသူ ၁၀၀ ထဲမှာ ၅ ယောက်လောက်သာ ပျမ်းမျှအထောက်အပံ့ရရှိတဲ့ ယှဥ်ပြိုင်မှုမြင့်မားတဲ့ အခြေအနေကြားက အဲဒီအခွင့်အလမ်းကို ရရှိဖို့ အသည်းအသန်ကြိုးစားနေရပါတယ်။
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသ တောင်ပေါ်ရွာတရွာမှာ ကြီးပြင်းလာခဲ့တဲ့ သူမအဖို့ လုံလောက်တဲ့ ပညာရေးအခွင့်အလမ်းတွေ ရရှိဖို့ ခက်ခဲနေပါတယ်။
“ကိုယ့်ဒေသမှာ ပညာရေးက လိုအပ်ချက်ကြီးဖြစ်နေတယ်။ ကျောင်းနေအရွယ်ကလေးတွေ အနာဂတ်မှာ စာမတတ်ပဲ ကြီးပြင်းလာရပြီး နောက်ကျကျန်ခဲ့မှာကို အရမ်းစိုးရိမ်မိခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ရွာမှာက အထက်တန်းအထိ ပြီးမြောက်သွားတဲ့ လူငယ်တွေနည်းပြီးတော့ ကျောင်းထွက်သွားတဲ့ကလေးတွေ များနေလို့ပဲ။” လို့ အသက် ၂၄ နှစ်အရွယ် နော်ဂေးလာစေးကပြောပါတယ်။
လူလတ်တန်းစားမိသားစုဘဝကနေ ကြီးပြင်းလာတာဖြစ်တဲ့အတွက် ကုန်ကျစရိတ်ကြီးမြင့်တဲ့ နိုင်ငံတကာတက္ကသိုလ်တက်ဖို့ ပညာသင်စရိတ်အထောက်အပံ့က သူ့အတွက် အဓိက အားကိုးရာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာတက္ကသိုလ်တက်ရောက်ပြီး ပညာသင်ကြားလိုခဲ့ပေမဲ့ တက္ကသိုလ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သူမ တခုမျှမသိရှိနေခဲ့ပါဘူး။
ဒါကြောင့် သူမဟာ ထိုင်း-ကရင်နီနယ်စပ်မှာ ဖွင့်လှစ်ထားတဲ့ တနှစ်တက်ရတဲ့ DeeKu Education Center ( DEC ) ကျောင်းကို ၂၀၂၃-၂၀၂၄ ခုနှစ်ပညာသင်နှစ်မှာ လာရောက်တက်ရောက်ခဲ့ပါတယ်။
အဲဒီကျောင်းကိုတက်ရောက်နေရင်း နိုင်ငံတကာ တက္ကသိုလ်တက်ရောက်ဖို့ ပညာရေး အထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းတွေကို ရှာဖွေရင်း စတင်လျှောက်ထားခဲ့ပါတယ်။
သူမဟာ မွေးချင်း ၈ ယောက်ထဲမှာ အကြီးဆုံးသမီးဖြစ်တဲ့အပြင် မိဘတွေဟာ တောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်သူတွေဖြစ်ကြပါတယ်။ နော်ဂေးလာစေးကတော့ လွိုင်ကော်တက္ကသိုလ်မှာ အဝေးသင် တတိယနှစ်အထိ ပြီးမြောက်ထားပေမဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း တက္ကသိုလ်ဆက်မတက်နိုင်ခဲ့ပါဘူး။
နိုင်ငံရေးအခြေအနေကြောင့် အစိုးရစာသင်ကျောင်း ဆက်မဖွင့်လှစ်နိုင်တော့တဲ့ သူမရဲ့ ကျေးရွာမှာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ နှစ်နှစ်ကျော်ကြာ ကျောင်းနေအရွယ်ကလေးတွေကို ပညာသင်ကြားပေးခဲ့ပါတယ်။
ဇာတိကျေးရွာမှာ အထက်တန်းကျောင်းအထိ မရှိတဲ့အတွက် အခြေခံပညာပြီးမြောက်ဖို့အတွက် သူမကိုယ်တိုင် မိသားစုနဲ့ ဝေးလံတဲ့ မြို့ပေါ်တွေမှာ ပညာဆက်လက်သင်ယူခဲ့ရပါတယ်။ တဖက်မှာလည်း သူမရဲ့ သူငယ်ချင်းအများစုဟာ ကျောင်းဆက်မတက်နိုင်ဘဲ မိဘအလုပ်တွေပြန်ကူရင်း အိမ်ထောင်ပြုတာမျိုးတွေ ပြုလုပ်လာကြပါတယ်။
အာဏာသိမ်းပြီး တနှစ်အတွင်း ကရင်နီပြည်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် လူထု နှစ်သိန်းကျော်လောက်က စစ်ရှောင်စခန်းတွေမှာ နေထိုင်ခဲ့ကြရပြီး ကလေးငယ်တွေဟာလည်း ပညာသင်ကြားခွင့်ဆုံးရှုံးခဲ့ရပါတယ်။
အာဏာသိမ်းပြီးနောက် ကျောင်းလည်း ဆက်မတက်ဖြစ်တော့တဲ့ သူမဟာ ကျေးရွာမှာ မိဘတွေနဲ့အတူ ပြန်လည်နေထိုင်ရင်း ပညာသင်ကြားခွင့်ဆုံးရှုံးနေတဲ့ ကလေးငယ်တွေကို ဒေသဆိုင်ရာလူငယ်တွေက volunteer (စေတနာ့၀န်ထမ်း) အနေနဲ့ သင်ကြားပေးခဲ့ပါတယ်။
အစိုးရကျောင်းဆက်မဖွင့်နိုင်တော့တဲ့ သူမရဲ့ ကျေးရွာမှာ စေတနာ့ဝန်ထမ်း ဆရာမနှစ်ယောက်နဲ့အတူ မူလတန်းကျောင်းသား ၅၀ ကို စတင်သင်ကြားပေးခဲ့ပါတယ်။ အခက်အခဲတွေကြား ကြိုးစားအားထုတ်ရင်း ဒုတိယနှစ်မှာတော့ စေတနာ့ဝန်ထမ်းဆရာ/ဆရာမ ၆ ယောက်အထိရှိလာပြီး ကျောင်းသူ/ ကျောင်းသား အယောက် ၁၀၀ အထိရှိလာပါတယ်။
သူတို့တွေဟာ မည်သည့်အစိုးရကမှ ခန့်အပ်တာဝန် ပေးထားတာမရှိသလို ဘာအခကြေးငွေမှလည်းမ ရရှိကြပါဘူး။ ဒီလို စစ်ရှောင်စခန်းတွေက ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေဟာ ကျောင်းနေအရွယ်ကလေးတွေအတွက် အဓိက ပညာသင်ကြားရာ ရောင်ခြည်လေးတွေ ဖြစ်လာပါတယ်။
ယခင်က စာသင်ကြားနည်းသင်တန်းတွေလည်း မတက်ရောက်ဖူးတဲ့အတွက် ကလေးတွေကို သင်ကြားရာမှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ နော်ဂေးလာစေးက ပြောပါတယ်။
ဒီလိုအခက်အခဲတွေကို နည်းလမ်းတကျဖြေရှင်းဖို့က သူမကိုယ်တိုင် နိုင်ငံတကာတက္ကသိုလ်တွေ တက်ရောက် ပညာသင်ယူဖို့ကလည်း ဖြေရှင်းနည်းတွေထဲက တခုဖြစ်လာခဲ့ပါတယ်။
“သူတို့ရဲ့ပညာရေးစနစ်ရယ် ပညာရေးသင်ရိုးတွေရှိမယ်ပေါ့နော။ နိုင်ငံတကာနဲ့ဆက်ဆံလို့ရှိရင် ကိုယ့်ရဲ့အမြင်တွေကို ပိုပြီးတော့ကျယ်ပြန့်လာစေမယ်၊ ကိုယ့်ရဲ့ experiences, knowledge (အတွေ့အကြုံနဲ့ဗဟုသုတ) တွေပိုပြီး တော့တိုးမြင့်လာနိုင်တယ်ပေါ့နော။ ကိုယ့်အိပ်မက်ထားတဲ့ဖြစ်ချင်တဲ့ ပညာရေးဘက်မှာ ကျောင်းဆရာမဖြစ်ဖြစ် ပညာရေးဆွေးနွေးတဲ့သူပဲဖြစ်ဖြစ် အဲ့လိုမျိုးနိုင်ငံတကာတက္ကသိုလ်မှာ လေ့လာလို့ရတယ်ပေါ့။ “ လို့ နော်ဂေးလာစေးကနိုင်ငံတကာတက္ကသိုလ်တက်ဖို့ ရွေးချယ်ရခြင်းအကြောင်းရင်းကို ပြောပြတယ်။
နိုင်ငံတကာရဲ့ အဆင့်မြင့်ပညာရေးကို ပြီးမြောက်အောင်တက်ရောက်ပြီး တောတောင်ကြားက ရွာငယ်လေးတခုဖြစ်တဲ့ သူ့ရဲ့ဇာတိကို ပညာတွေပြန်လည်သင်ကြားပေးချင်တာကတော့ သူမရဲ့ ရည်မှန်းချက်ပါ။
“ ကိုယ့်ရဲ့ဒီလောက်အရည်အချင်းနဲ့ ဒီတိုင်းပဲနေမယ်ဆိုရင် ကိုယ့်ရဲ့ကျေးရွာကိုဆက်လက်ပြီးတိုးတက်ဖွံ့ဖြိုး အောင် ပိုပိုကောင်းမွန်တဲ့ပညာရေးစနစ်တခုကိုဖန်တီးပေးနိုင်ဖို့ဆိုတာက ကိုယ့်မှာလည်း ပြည့်မီတဲ့အရည်အချင်း ရှိဖို့လိုတယ်ပေါ့နော။ အဲ့တာကြောင့်မလို့ ကိုယ်ဆက်လက်လေ့လာသင်ယူနိုင်မှပဲ ကိုယ်လေ့လာစရာရှိတဲ့ အရာတွေ ဆက်လက်လေ့လာမယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုဆက်လက်မြှင့်တင်နိုင်မယ် ဆိုပြီးတော့မှ ပညာကိုဆက်လက်သင်ယူဖို့ ဆုံးဖြတ်တယ်ပေါ့နော။” လို့ နော်ဂေးလာစေးက ပြောပါတယ်။
လက်ရှိမှာတော့ အာဆီယံနိုင်ငံတွေထဲက နိုင်ငံတကာတက္ကသိုလ်တခုမှာ education major နဲ့ bachelor’s degree ကို တက်ရောက်နိုင်ဖို့ သူမကြိုးစားနေပါတယ်။
သူမဟာ အာဏာမသိမ်းခင်က ဆေးဝါးပိုင်းနဲ့ပတ်သက်ပြီးစိတ်ဝင်စားမှုရှိခဲ့ပေမဲ့ အာဏာသိမ်းမှုက သူမအိပ်မက်ကို ရေစုန်မြောသွားစေခဲ့ပါတယ်။ ရပ်ရွာက စာသင်ကျောင်းတွေမှာ ကလေးငယ်တွေကို ပညာသင်ကြားပေးနေရင်း နှစ်နှစ်အကြာမှာတော့ သူမရဲ့ အိပ်မက်ပြောင်းလဲလာခဲ့တယ်လို့ ဆိုပါတယ်။
“ဒါကကိုယ့်မှာဆက်လုပ်ဖို့မဖြစ်နိုင်တော့ဘူးဆိုတာထက် အဓိကကိုယ့်ရဲ့ရည်မှန်းချက်ကို ပြောင်းလိုက်တယ် ဆိုတဲ့သဘောပေါ့နော။ ကိုယ်ကြုံတွေ့လာတဲ့အတွေ့အကြုံအပေါ်မူတည်ပြီးတော့မှ ကိုယ့်ရဲ့ရည်မှန်းချက်ကို ပြောင်းလိုက်တယ်ပေါ့နော။ ပြီးခဲ့တဲ့ရည်မှန်းချက်ကတော့ ကိုယ်စွန့်လွတ်လိုက်ရတယ်ပေါ့” လို့ နော်ဂေးလာစေးကပြောပါတယ်။
လက်ရှိ ကြားကာလအခြေအနေမှာ ပညာတွေသင်ယူပြီး ရပ်ရွာအတွက် ပြန်လည်ပေးဆပ်နိုင်တဲ့ လူငယ်တွေ အများအပြားလိုအပ်နေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) ရဲ့ ပညာရေးဌာနမှူးကြီး မော်မီးမာက ပြောပါတယ်။
“ရေရှည်မှာကြည့်မယ်ဆိုရင် ကျမတို့နိုင်ငံအတွက်အများကြီး အထောက်အကူပြုနိုင်မယ်လို့ ကျမအနေနဲ့မြင် တယ်။ အထူးသဖြင့်ကျမတို့ ဒီကျောင်းပြီးတော့ ကျမတို့ community မှာ ပြန်ပြီးတော့ ပေးဆပ်နိုင်တဲ့လူငယ် တွေပေါ့နော။ အဲဒီဟာတွေကိုလည်း ကျမတို့အနေနဲ့ အများကြီး အသိအမှတ်ပြုတယ်။ ဒီပြည်နယ်အတွက် တကယ်လိုအပ်နေတဲ့ ကာလအနေအထားမှာပေါ့နော။ သူတို့ ပြန်လာပြီးတော့ ပေးဆပ်တဲ့အတွက်။” လို့ မော်မီးမာက ပြောပါတယ်။
ကရင်နီပြည်အတိုင်းအတာအနေနဲ့ လူငယ်ရဲ့ ၅ ရာခိုင်နှုန်းခန့်သာ နိုင်ငံတကာ ပညာတော်သင်တွေကို တက်လှမ်းခွင့်ရရှိနေတယ်လို့ မော်မီးမာက ဆက်ပြောပါတယ်။
ကရင်နီပြည်တွင်းက စစ်ရှောင်စခန်းတွေမှာ အခြေခံပညာစာသင်ကျောင်းပေါင်း ၅၀၀ ဝန်းကျင်ရှိပြီး၊ ကောလိပ်၊ တက္ကသိုလ်အဆင့်ရှိတဲ့ကျောင်း ၇ ကျောင်းနဲ့ အထက်တန်းလွန်ကျောင်း ၁၀ ကျောင်းနဲ့အထက်ရှိနေပါတယ်။ စစ်ပဋိပက္ခမြေပြင်ဖြစ်တဲ့အတွက် အန္တရာယ်ဇုန်ကြား ပညာသင်ကြားနေရတာဖြစ်ပါတယ်။
စစ်ကောင်စီကနေ ဆက်လက်ဖွင့်လှစ်နေတဲ့ တက္ကသိုလ်ပညာရေးလည်း ဆက်လက် လည်ပတ်နေပေမဲ့ ကရင်နီက ကျောင်းသားတော်တော်များများ တက်ရောက်နိုင်တဲ့ အနေအထားမဟုတ်ပါဘူး။ တချို့တွေကတော့ နီးစပ်ရာ community ကနေ ဖွင့်လှစ်တဲ့ ကောလိပ်အဆင့်ကျောင်းတွေကို တက်ရောက်နေကြပါတယ်။
သို့ပေမဲ့ အဲဒီကနေ ရရှိတဲ့ လက်မှတ်တွေက နိုင်ငံတကာတက္ကသိုလ်တွေကို တိုက်ရိုက်တက်ရောက်ဖို့ လုံလောက်တဲ့ အထောက်အထားမပေးနိုင်ပါဘူး။ ဒါကြောင့် နိုင်ငံတကာကနေ အစိုးရကျောင်းတွေကို မတက်ရောက်နိုင်သူတွေအတွက် တရားဝင်ပြုလုပ်ပေးထားတဲ့ ပြင်ပ စာမေးပွဲတွေကို ဖြေဆိုရပါတယ်။
မြန်မာနိုင်ငံက ကျောင်းသားတွေအတွက် နိုင်ငံတကာတက္ကသိုလ်တချို့တွေကနေ ကျောင်းတက်ရောက်ခွင့်ရဖို့ သီးသန့်အနေဖြင့် တက္ကသိုလ်ဒုတိယနှစ် တက်ရောက်ထားသူဖြစ်ရမည် သို့မဟုတ် General Education Development ( GED ) ဖြေဆို အောင်မြင်ထားသူဖြစ်ရမည်လို့ ဆိုထားပါတယ်။ ဒီလို တက္ကသိုလ်ဒုတိယနှစ်အဖြစ် သတ်မှတ်ထားပေမယ့် community ကနေ ဖွင့်လှစ်တဲ့ကျောင်းတွေမပါဝင်ဘဲ လက်ရှိအစိုးရကနေ ဖွင့်လှစ်တဲ့ ကျောင်းဖြစ်ရမှာဖြစ်ပါတယ်။
GED ဆိုတာကတော့ အမေရိကန်နိုင်ငံကအသိမှတ်ပြုထားတဲ့ အထက်တန်းပြီးမြောက်ကြောင်း ဖြေဆိုရတဲ့ စာမေးပွဲတခုဖြစ်ပါတယ်။
ဒီလိုကန့်သတ်ချက်ကလည်း လူငယ်တွေကို နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်ဖို့ ပိုမိုခက်ခဲလာ စေပါတယ်။ ကရင်နီလူငယ်တွေအနေနဲ့ နိုင်ငံတကာတက္ကသိုလ်တွေကို တက်လှမ်းချင်တဲ့လူငယ်တွေ ပညာရေး လက်လှမ်းမီအောင် အကူအညီဖြစ်စေဖို့ အွန်လိုင်းကနေဘယ်လို သင်ယူရမလဲ၊ အွန်လိုင်းနည်းပညာတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သင်ကြားပေးဖို့အတွက် ကရင်နီလူငယ် ၄ ယောက်ပူးပေါင်းပြီး KEDU border ကို ဖွဲ့စည်းထားတာရှိပါတယ်။
“ဒီဟာတွေကို ဘယ်လိုသင်ယူမလဲ၊ ဘယ်လိုအသုံးချမလဲ စသဖြင့် ဒါတွေကို သူတို့လည်း ဆက်လက်ပြီးတော့ ဒီပရိုဂရမ်နောက်ပိုင်းမှာ ဆက်လက်ပြီးတော့ သင်ယူသွားနိုင်မယ်လို့တော့ ကျနော်ကတော့ ထင်တယ်ပေါ့နော။ ဒါက သူတို့ရဲ့ ရှေ့ဆက်ပညာရေးအတွက် ပထမဆုံး ခြေလှမ်းကောင်းတခုဖြစ်ဖို့အတွက် မျှော်လင့်ထားတယ် ပေါ့နော။” လို့ KEDU-Border ရဲ့ တာဝန်ခံထဲကတဦးဖြစ်တဲ့ ခူးဒေးဗစ်တခဲက ပြောပါတယ်။
အဲဒီပရိုဂရမ်မှာ ကရင်နီဒေသတွင်းက ဆယ်ကျော်သက်လူငယ် ၁၀ ယောက်ကို အင်္ဂလိပ်စာ အဓိကသင်ကြား ပေးနေတာဖြစ်ပါတယ်။ တခြားဒေသက ကလေးငယ်တွေနဲ့ ယှဥ်လာရင် လိုအပ်ချက်တွေများပြားနေသေးတဲ့ ကရင်နီပြည်က လူငယ်တွေကို သူတို့ရဲ့ အိပ်မက်ဖြစ်တဲ့ နိုင်ငံတကာ တက္ကသိုလ်တွေကို တက်ရောက်နိုင်ဖို့ ဆက်သွယ်ပေးတဲ့ ကြိုးလေးတခု ဖြစ်ချင်တယ်လို့ သူက ဆက်ပြောပါတယ်။
ပထမဆုံးအကြိမ် အွန်လိုင်းကနေသင်ပေးတဲ့ ပရိုဂရမ်မျိုးဖွင့်လှစ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းတွေမှာလည်း တတ်နိုင်သလောက် ဆက်လက်ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ တက္ကသိုလ်တွေကို တက်ခွင့်ရတဲ့ကရင်နီပြည်သား အနည်းကျဥ်းမျှသာရှိတဲ့အတွက် တခြားနိုင်ငံက ကျောင်းသားတွေကိုယှဥ်နိုင်ဖို့က စိန်ခေါ်မှုကြီးဖြစ်နေတယ်လို့ ဘန်ကောက်က Rangsist တက္ကသိုလ်မှာ International Relationship and Development Major နဲ့ တက်ရောက်နေတဲ့ BG Khim က ပြောပါတယ်။
“အဲဒီကျောင်းကိုတက်တဲ့အချိန်မှာ အခု ဒီ community က လူတွေ သိပ်မရှိဘူးပေါ့နော။ အခု ကျမတက်နေတဲ့ကျောင်းမှာဆိုလည်း မရှိဘူးပေါ့နော။ ဥပမာ အကူအညီတောင်းချင်တယ်ဆိုရင် အရမ်းနဲ့ challenge ဖြစ်တယ်ပေါ့နော။ ဘယ်သူ့ဆီမှာ ချည်းကပ်ရမလဲဆိုတာ မသိရဘူးပေါ့နော။” လို့ BG Khim က ပြောပါတယ်။
ကရင်နီအမှတ် ( ၁ ) ဒုက္ခသည်စခန်းမှာ နေထိုင်သူဖြစ်ခဲ့တဲ့အတွက် ဒီတက္ကသိုလ်ကို တက်ရောက်နိုင်ဖို့ သတ်မှတ်ထားတဲ့ ပညာရေးအထောက်အထားနဲ့ပတ်သက်ပြီး အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူမရဲ့ အနာဂတ်ရည်မှန်းချက်ကတော့ ဒီ community အတွက် အကျိုးဖြစ်စေမယ့်လုပ်ငန်းတွေကို ပြန်လည်လုပ်ဆောင်ပေးမယ်လို့ ဆိုပါတယ်။
“ပညာဆက်ပြီးသင်ယူနိုင်မယ်ဆိုရင် တချိန်မှာပြန်လည်ဝေမျှလို့ရတယ်၊ ပြန်လည်အသုံးချလို့ရတယ် လက်လှမ်း မမီနိုင်တဲ့သူတွေကို ပြန်လည်ပို့ချလို့ရတယ်ပေါ့နော။ အဓိက ကိုယ်ရထားတဲ့ပညာတွေကို ပြန်ဝေမျှဖို့ဘဲလို တယ်ပေါ့နော၊ ဘယ်ထိဘယ်လောက်ရလဲ ရတဲ့ပညာတွေကိုစုဖို့လိုတယ်ပေါ့နော” လို့ BG Khim က ပြောပါတယ်။
ပညာရေးအပိုင်းမှာ ငယ်စဥ်ကတည်းက အခြေခံကောင်းရှိမနေခဲ့တာကြောင့် ကိုယ်တက်ချင်တဲ့ အဆင့်မြင့်တက္ကသိုလ်ကို တက်ရောက်ဖို့ ပိုမိုကြိုးစားရတယ်လို့ နိုင်ငံတကာတက္ကသိုလ်တက်ရောက်နိုင်ဖို့အတွက် ကြိုးစားနေသူကတော့ ဇာမီရန် ဖြစ်ပါတယ်။
“ကျမတယောက်အနေနဲ့ ကြီးပြင်းလာခဲ့တဲ့အခြေခံ၊ သင်ကြားလာခဲ့တဲ့အခြေခံတွေက ကွာခြားမှုရှိနိုင်တယ်။ ကျမတယောက်အနေနဲ့ကတော့ အခြေခံမကောင်းဘူးလို့ ကိုယ့်ကိုယ်ကို သုံးသပ်တယ်ပေါ့နော။ ရှေ့ဆက်ရမယ့် ပညာရေးကို ကိုယ်ကသွားချင်ပေမဲ့ ကိုယ်ကအခြေခံမကောင်းတဲ့အချိန်မှာ ကိုယ်သွားချင်သလောက် သွားလို့ မရတဲ့ အပိုင်းတွေရှိတယ်၊ နောက်ပြီး သိပေမဲ့လည်း သိတဲ့အတိုင်း ကိုယ်သွားချင်တဲ့အတိုင်းမသွားနိုင်တဲ့ အပိုင်းတွေလည်းရှိတယ်။” လို့ ဇာမီရန်က ပြောပါတယ်။
ပညာရေးဟာ လူတိုင်းအတွက် အရေးပါတဲ့ အရာဖြစ်တဲ့အတွက် လေ့လာသင်ယူဖို့လိုအပ်ပြီး
ခေတ်ပျက်ကြီးထဲမှာ စိတ်ဓါတ်မကျဘဲ အမြဲကြိုးစားနေရမယ်လို့ နော်ဂေးလာစေးက ဆက်ပြောပါတယ်။
“တနေ့တချိန်မှာကိုယ်က ကိုယ့်ရဲ့နိုင်ငံတော်ကို တိုးတက်ကောင်းမွန်တဲ့နိုင်ငံတခုဖြစ်လာဖို့အတွက်ဆိုရင် လူငယ်တွေကအရေးပါတယ်၊ အဲ့ကြောင့်မလို့ လူငယ်အနေနဲ့ကိုယ့်မှာ စူးစမ်းရှာဖွေမယ်၊ လေ့လာမယ်၊ ရတဲ့အခွင့်အရေးကိုယူမယ်၊ အခွင့်အရေးဖန်တီးမယ်၊ စာများများဖတ်မယ် အဓိကဇွဲရှိဖို့လိုတယ်၊ ဘယ်လောက်ဘဲအခက်ခဲတွေရှိနေပါစေ ရှုံးနေခဲ့ရင်တောင် ပြန်ထနိုင်ဖို့ပဲလိုတယ်၊ အခက်ခဲကြားမှာ ကျော်ဖြတ်နိုင်မယ်လို့ယုံကြည်တယ်။” လို့ နော်ဂေးလာစေးက ပြောပါတယ်။
လက်ရှိမှာ နော်ဂေးလာစေးကလည်း နိုင်ငံတကာ တက္ကသိုလ်မှာ Bachelor Degree တက်ရောက်ခွင့်ရဖို့ ကျောင်းသားတွေရဲ့ ပညာသင်ဆုကို ထောက်ပံ့ပေးလျှက်ရှိနေတဲ့ The Diversity and Inclusion Scholarship Program ( DISP ) နဲ့ Child Dream အဖွဲ့အစည်းကနေ ပညာသင်ထောက်ပံ့ကြေးကို ရရှိနေပြီဖြစ်ပါတယ်။
နော်ဂေးလာစေးကတော့ ပညာတော်သင်ဖို့အတွက် အခွင့်အရေးရရှိနေပြီဖြစ်ပေမဲ့ သူမရဲ့ အနာဂတ်ရည်မှန်းချက်ကို ရောက်ရှိနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။