spot_imgspot_imgspot_imgspot_img
Sunday, July 20, 2025
spot_imgspot_imgspot_imgspot_img

ခွဲစိတ်ကုသနိုင်ဖို့ အကူအညီရရှိရေး မျှော်လင့်နေတဲ့ မွေးရာပါ မသန်စွမ်း သမီးလေးမာရ်နာ

Author

Date

Category

သိုးကလေး / ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်း၊ ဒေလကြိုအုပ်စုက ဟန်စောခူကျေးရွာမှာနေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် သမီးငယ်လေး မာရ်နာ(အားရီဖော)ဟာ မွေးရာပါ အာခေါင်ကွဲ၊ နှာခေါင်းချို့ယွင်းတဲ့အပြင် မျက်စိအမြင်အာရုံချို့ယွင်းနေသူပါ။

အသက် ၁၃ အရွယ်ရှိနေပြီ ဖြစ်တဲ့ မာရ်နာ(အားရီဖော)ဟာ အာရုံကြောအားနည်းတာကြောင့် စကားမပြောနိုင်သလို ၊ လှုပ်ရှားသွားလာလို့ မရပါဘူး။
ဒါ့ကြောင့်လည်း တခြားကလေးငယ်တွေလို ကျောင်းမတက်နိုင်ပဲ သူမရဲ့ နေ့စဉ်ဘဝကို နေအိမ်မှာသာ ကုန်ဆုံးနေရသူပါ။
တခါတရံ အပြင်သွားလည်ချင်ရင်တော့ ဖခင်ဖြစ်သူက ကျောပိုးပြီး ခေါ်ဆောင်သွားရပါတယ်။

ဟန်စောခူကျေးရွာဟာ ဒေလကြိုစုထဲက ဝေးလံခေါင်ဖျားတဲ့ ဒေသမှာရှိသလို ကျေးရွာအနီးအနားမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ ဆေးပေးခန်း မရှိပါဘူး။ မိခင်ဖြစ်သူ ကိုယ်ဝန်ဆောင်စဉ်ကလည်း ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ၊ လိုအပ်တဲ့ အားဆေးနဲ့ အာဟာရတွေကို မှီဝဲသုံးစွဲနိုင်ခဲ့တာလည်းမရှိပါဘူး။

မွေးရာပါ အားနည်းချက်တွေနဲ့ ကြီးပြင်းလာတဲ့ အားရီဖောကို အသက် ၂ နှစ်အရွယ်တုန်းက ဖခင်ဖြစ်သူဟာ ခွဲစိတ်ကုသနိုင်ဖို့လည်း ဖရူဆိုမြို့နယ်က ဆေးရုံမှာ သွားရောက်ပြသခဲ့ပေမဲ့ ခွဲစိတ်ကုသဖို့ ခဲယဉ်းတာကြောင့် အဆင်မပြေခဲ့ပါဘူး။

အဲ့ဒီကတဆင့် အာခေါင်ကွဲတာကို ခွဲစိတ်ကုသနိုင်ဖို့ လွိုင်ကော်ဆေးရုံကြီးကို အသက် ၄ နှစ်အရွယ်မှာ ထပ်မံသွားရောက်ပြသခဲ့ပေမဲ့ အသက်ငယ်သေးသလို၊ ကိုယ်ခံအားနည်းတာကြောင့်လည်း မကုသပေးနိုင်ခဲ့ပါဘူး။

အသက် ၆ နှစ်မှာတော့ လွိုင်ကော်ဆေးရုံကြီးကတဆင့် တောင်ကြီးဆေးရုံကြီးကို လွှဲပြောင်းကုသဖို့ လုပ်ဆောင်ကြပေမဲ့ ကိုဗစ်ကပ်ရောဂါဖြစ်ပွားတဲ့အချိန်ဖြစ်တာကြောင့်လည်း သွားလာဖို့ ခက်ခဲသွားခဲ့တယ်လို့ ဖခင်ဖြစ်သူက ပြန်ပြောင်း ပြောပြပါတယ်။

၂၀၂၀-၂၀၂၁ခုနှစ်မှာလည်း ခွဲစိတ်ကုသဖို့ အကောင်အထည်ဖော် ကြိုးစားခဲ့ပေမဲ့ နိုင်ငံရေးအပြောင်းအလဲကြောင့်နဲ့ လိုက်ပါပို့ဆောင်ဖို့ ကူညီသူတွေကလည်း အခက်အခဲရှိသွားတာကြောင့် ကုသဖို့ နောက်နှေးသွားပြန်ပါတယ်။

ခုလက်ရှိမှာတော့ အသက် ၁၃ နှစ်ရှိသွားပြီဖြစ်တဲ့ သမီးလေးမာရ်နာရဲ့ မွေးရာပါ အာခေါင်ကွဲနေတာကို ဖခင်ကတော့ ကုသပေးချင်နေပါတယ်။

“သူ့ အာခေါင်ပြန်ချုပ်ချင်တာပေါ့၊ အစာလေး စားနိုင်အောင် နည်းနည်းဝါးတတ်ရင်လည်းပေါ့။ အခုက သူ့အာခေါင်ကွဲတော့ အစာထည့်ဝါးမယ်ဆို မဝါးတတ်ဘူးဖြစ်နေတယ်၊ တချို မုန့်ဆို စာကလေးမုန့်ကျတော့ နည်းနည်းစားတတ်တယ်။”လို့ ဖခင်က ဆိုပါတယ်။

မာရ်နာ(အားရီဖော) ဟာ မွေးလာကတည်းက မိခင်နို့ မစို့နိုင်တာကြောင့်လည်း အာဟာရနို့မုန့် နဲ့ ကြီးပြင်းလာသူပါ။ အသက် ၁၃ နှစ် ရောက်တဲ့အထိလည်း အစာပျော့ပဲ စားနိုင်ပါသေးတယ်။ သမီးဖြစ်သူအတွက် လိုအပ်တဲ့အားဆေးအပြင် ဆေးဝါးလည်း ရရှိဖို့ ဖခင်ဖြစ်သူကတော့ မျှော်လင့်နေပါတယ်။

အဆိုပါဒေသဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသဖြစ်သလို ဒေသခံတွေဟာ ရွေ့ပြောင်းတောင်ယာ တမျိုးတည်းကိုသာ စားဝတ်နေရေးအတွက် လုပ်ကိုင်ကြတာပါ။ တခြားဝင်ငွေရ အလုပ်အကိုင်မရှိတဲ့ မိသားစုဖြစ်တာကြောင့် ကလေးအတွက် လိုအပ်တဲ့ အားဆေးကို မတိုက်ကျွေးနိုင်ပါဘူး။

သမီးလေးမာရ်နာ ကို ပြုစုပျိုးထောင်လာတာဟာ သာမာန် ကလေးတဦးထက် ကုန်ကျငွေစရိတ် ပိုများတယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။ မာရ်နာ(အားရီဖော) ဟာ မွေးချင်းမောင်နှမ ၆ ဦးရှိပြီးတော့ မောင်နှမတွေထဲက တဦးထဲသာ မွေးရာပါ အားနည်းတာပါ။

မွေးရာပါ မသန်စွမ်းမှုတွေကိုတော့ ကုသပေးလို့မရပေမဲ့ အနည်းဆုံး အာခေါင်ချုပ်ပေးနိုင်ရင် သမီးငယ်လေး အစာစားလို့ အဆင်ပြေလာမယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။
ဒါပေမဲ့လည်း ငွေကြေးမတတ်နိုင်တဲ့ မိသားစုမို့ အများသူငှာဆီက အကူအညီရရေးကိုသာ ဖခင်ဖြစ်သူက မျှော်လင့်နေရတာပါ။

သမီးလေးမာရ်နာ ကို ခွဲစိတ်ကုသပေးနိုင်အောင် ကူညီပေးနိုင်မယ့်အဖွဲ့တွေနဲ့ ချိတ်ဆက်ထားတာရှိပေမဲ့ ယနေ့အထိ အကူအညီ မရရှိသေးဘူးလို့ သိရပါတယ်။

“အနည်းဆုံးတော့ သူ့အာခေါင်လေး ချုပ်ချင်တာပေါ့၊ အစာလေး စားတတ်အောင်ပေါ့၊ ပြီးမှ တခုပြီး တခု လုပ်ချင်တာပေါ့” လို့ ဖခင်ဖြစ်သူက ပြောဆိုထားပါတယ်။

spot_img

Recent posts