ကန္တာရဝတီတိုင်း ( မ် )
စစ်ရှောင်စခန်းတခုမှာ ဆောက်လုပ်ထားတဲ့ ဝါးတဲအိမ်လေးထဲက ခူးပကူးတယောက် အိပ်ယာခင်းထဲမှာ ထိုင်နေပါတယ်။ မိုးအေးတာကြောင့် ဆောင်းတွင်းဆောင်းတဲ့ ဦးထုပ်နဲ့ အနွေးထည်လက်ရှည်ဝတ်လျက်သား ရှိနေပါတယ်။ ခူးပကူးကတော့ အသက် ၁၉ နှစ်သာရှိပါသေးတယ်။ ဒါပေမဲ့လည်း သာမန်လူတယောက်လို သူလမ်းမလျှောက်နိုင်ပါဘူး။
“ဆေးတွေဘာတွေမရှိဘူးဆိုတော့ ကျနော့်ခြေထောက် ဒီလိုမျိုးဖြစ်သွားတော့ လေဖြတ်တာြဖစ်သွားတယ်။ လမ်းလျှောက်တာက အဝေးကြီးကို လျှောက်လို့မရဘူး နီးနီးနားနားတော့ရတယ်။ ရင်ဘတ်အောင့်တယ်။ အခုထိ ဆေးရုံဆေးခန်းတွေပြတာ မရှိသေးဘူး ။ ဟို … သွားပြဖို့က ကျနော်မသွားနိုင်သေးဘူးကော ။ ကျနော့် ကို အားဆေးတွေဘာတွေတော့ ထုတ်ပေးမယ်ပြောတယ် ဒါပေမဲ့ ကျနော်မသွားထုတ်ရသေးဘူး။” လို့ ခူးပကူးက ပြောပါတယ်။
ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ ခူးပကူးက ဒီဒဏ်ရာတွေကို စစ်ကောင်စီရဲ့ စစ်ကြောရေးစခန်းမှာ ရလာခဲ့တာပါ။
ခူးပကူး အခုလို ပြင်းထန်တဲ့ဒဏ်ရာရရှိသွားတာဟာ ၂၀၂၂ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ စစ်ဆေးခံရပြီးနောက် ဖြစ်တယ်လို့ ဆိုပါတယ်။
စားဝတ်နေရေးကြပ်တည်းတဲ့ မိသားစုကို ထောက်ပံ့နိုင်ဖို့အတွက် ဇာတိဖြစ်တဲ့ ဖရူဆိုမြို့နယ်ထဲက တောတောင်ကြားမှာရှိတဲ့ ရွာလေးကိုစွန့်ခွာသွားခဲ့ပါတယ်။ အသက် ၁၇ နှစ်သာရှိနေသေးပေမဲ့ မောင်နှမတွေထဲ အကြီးဆုံးသားဖြစ်တဲ့ ခူးပကူးဟာ ဝင်ငွေကောင်းမယ်လို့ သူမျှော်လင့်ထားတဲ့ မော်ချီးဒေသက ခဲသတ္တုတွင်းမှာ သုံးပတ်တိတိ သွားရောက်နေထိုင်ခဲ့ပါတယ်။
မျှော်လင့်သလိုဖြစ်မလာတဲ့အတွက် မိဘတွေဆီပြန်လာတဲ့လမ်း ဘောလခဲမြို့က စစ်ကောင်စီရဲ့ စုပေါင်းဂိတ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ အတူပြန်လာတဲ့ သူ့ရဲ့ သူငယ်ချင်း ခူးထွန်းရယ်လည်း အဖမ်းဆီးခံခဲ့ရပါတယ်။
ဖုန်းထဲမှာ တွေ့ရှိတဲ့ သေနတ်ပုံနဲ့ ကားမီးလောင်နေတဲ့ပုံတွေကြောင့် စစ်ကောင်စီက PDF လို့ စွပ်စွဲခြင်းခံရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ကြောရေးမှာ ၆ နာရီကြာ စစ်ဆေးမေးမြန်းခဲ့တယ်လို့ ခူးပကူးက ပြောပါတယ်။
“သူတို့တပ်ထဲမှာ ကျနော်တို့ကို ခေါ်ရင်းနဲ့ ကျနော်တို့ လက်ထိပ်တွေဘာတွေခတ် ကျနော်တို့ကိုမေး၊ ထိုးကြိတ်၊ ရိုက် ၊ သေနတ်တွေနဲ့ထု ပါးစပ်ထဲကို ပြောင်းထိုးထည့် အဲ့လိုမျိုး ဓားမြောင်နဲ့ ခြိမ်းခြောက် အဲ့လိုမျိုး ကျနော်တို့ မျက်နှာလေး စည်းထား၊ ကျင်းထဲမှာကန်ချ၊ ပြီးသူတို့ခုန်ချပြီး ကျနော်တို့ကိုထိုး၊ အဲ့လိုမေးတယ်။ မင်းတို့ pdf မဟုတ်ရင် ဘာလို့ ဓာတ်ပုံတွေရိုက်ထားလဲ။ အဲ့လိုမေးတာပေါ့။” လို့ ခူးပကူးက ပြန်ပြောပါတယ်။
အဲ့ဒီအချိန်နောက်ပိုင်းမှာတော့ အချုပ်ခန်းထဲဆီ ပြန်ပို့ခဲ့ပေမဲ့ ရိုက်နှက်ဒဏ်တွေရဲ့ ပြင်းထန်တဲ့ ဝေဒနာတွေကို ခူးပကူး ခံစားခဲ့ရပါတယ်။ လုံလောက်တဲ့ ဆေးကုသမှုမခံရတဲ့အတွက် သူ့ရဲံဝေဒနာဟာ ရှည်ကြာလာခဲ့ပါတယ်။
တဖက်မှာလည်း စစ်ကောင်စီက ခူးပကူးနဲ့ ခူးထွန်းရယ်ကို ဘောလခဲအချုပ်ခန်းမှာထားပြီး အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ နဲ့ တရားစွဲဆိုပြီး နှစ်လကျော်အကြာမှာ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတော့တယ်။
အချုပ်ထောင်ထဲ နာမကျန်းဖြစ်နေတဲ့ ခူးပကူးကို တချိန်တည်းအဖမ်းခံခဲ့ရတဲ့ သူငယ်ချင်းဖြစ်သူ ခူးထွန်းရယ် က ပြုစုပေးခဲ့ပါတယ်။
“သူက ခြေထောက်ထိသွားတာပေါ့။ လမ်းလျှောက်လို့လည်း အဆင်မပြေဘူး၊ တခါတလေ လိမ်းဆေးနဲ့ သူ့ကို လိမ်းပေး နှိပ်ပေး အဲ့လိုမျိုး မနက်တခေါက် ၊ ည တခေါက် အဲ့ဒါမှ သူသက်သာတာ။” လို့ ခူးထွန်းရယ်က ပြောပါတယ်။
ခူးပကူးနဲ့ ခူးထွန်းရယ်တို့ အကျဉ်းကျနေတဲ့နေရာမှာ PDF တွေကို ထမင်းချက်ကျွေးတယ်လို့ စွပ်စွဲပြီး အကျဉ်းချခံရတဲ့ ရွာသစ်မြို့က ဒေသခံတွေလည်း ရှိနေပါတယ်။ အကျဉ်းသားဟောင်းတွေအပါအဝင် ၉ ပေသာရှိတဲ့ အခန်းကျဉ်းလေးထဲ လူ ၁၀ ယောက်က ကျဉ်းကြပ်စွာ နေခဲ့ရပါတယ်။
အချုပ်ခန်းထဲမှာ သွေးတိုးရောဂါအခံရှိတဲ့ သူတွေပါဝင်ပြီး ကျန်းမာရေးကုသခွင့် မရခဲ့ဘူးလို့ ခူးထွန်းရယ်က ပြောပါတယ်။
“အချုပ်ထဲမှာနေတဲ့ သူတချို့ကတော့ ဆီးချိုရှိကြတယ်။ ဆီးချိုရှိတဲ့အခါကျတော့ သူတို့ဆေးခန်းတွေ ဘာတွေ သွားဖို့လည်း အဆင်မပြေဘူး။ သူတို့လည်း မလုပ်ပေးဘူး၊ အဲ့ကျတော့ ဒီဆီးချို တက်တဲ့အချိန်ဆို မူးလဲတယ်လေ။ အဲ့လိုပဲ အဖိုးကြီးကျမှပေါ့ အဲ့တယောက်ဆို အသက် ၅၀ ကျော်ပြီ ဆီးချိုတက်ရင်းနဲ့ ခေါင်းမူးပြီး ဗုန်း… ဗုန်း ဆို အဲ့လိုလဲကျတယ်။ အဲ့ဒါတောင်မှ လာမကြည့်ဘူး.. သူတို့က၊ ကျနော်တို့ကပဲ သူ့ကို ကူညီပေးတယ်၊ ပြန်နှိပ်ပေးတယ်။ ပြန်ပြုစုပေးတယ် သူ့ကို၊ အဲ့လိုမျိုး။” လို့ အချုပ်ထဲ ကြုံတွေ့ရတာတွေကို ခူးထွန်းရယ်က ပြန်ပြောပြပါတယ်။
ခူးပကူးနဲ့ ခူးထွန်းရယ် အချုပ်ကျခံခဲ့တဲ့ အချိန်ဟာ ဘောလခဲမြို့အတွင်း ဆေးပေးခန်း နဲ့ ဆေးရုံ ရှိသေးတာကြောင့် ကံကောင်းထောက်မစွာနဲ့ ခူးပကူးတယောက် ဆေးကုသမှုကို ခံယူခဲ့ရပါတယ်။
ဒါပေမဲ့ တနှစ်ကျော်လာတဲ့အခါမှာတော့ တော်လှန်ရေးတပ်ဖွဲ့ဖက်က စစ်ကြောင်းထိုးလာပြီးနောက် စစ်ရေးအခြေအနေကြောင့် ဆေးကုသမှုတွေကို မရရှိတော့ပါဘူး။ ဆေးကုသမှုတခုတည်း မဟုတ်သလို တခြားသော အခွင့်အရေးတွေလည်း ဆုံးရှုံးလိုက်ရတာပါ။
“အပြင်ကလူလာပစ်ရင် ကျနော်တို့ ထမင်းလည်း ငတ်တယ်။ ကျနော်တို့ကို သေနတ်နဲ့ လာခြိမ်းခြောက်တယ်။ သံဇကာက ဒီလို ရှိတယ်ကော သေနတ်ကိုအထဲထိုးထည့် မောင်းတင်ပြီး ခြိမ်းခြောက်တယ်။ အဲ့လိုဖြစ်တဲ့အချိန်ဆို ၁ ရက်လောက် ထမင်းငတ်ရတယ်” လို့ ခူးထွန်းရယ်က ပြောပါတယ်။
ခူးပကူးနဲ့ ခူးထွန်းရယ် အချုပ်ကျနေစဉ် ၂ နှစ်အတွင်းမှာ သောက်သုံးရေနဲ့ တကိုယ်ရေသန့်ရှင်းရေး အတွက် အသုံးပြုတဲ့ ရေတွေကိုလည်း တပုံး ၅၀၀၀ ကျပ်နဲ့ ဝယ်ယူသုံးစွဲခဲ့ရပါတယ်။
“ကျနော်တို့စားဖို့သောက်ဖို့လည်း တအားခက်ခဲတယ်။ ထမင်း တခါမှမဝဖူးဘူး။ ရေဆိုလည်း ဒီ နောက်တဲ့ရေတွေကိုပဲ သောက်ရတယ်။ ကိုယ့်ကိုယ်ဝယ်သုံးရတယ်။ ပြီးရင် ဒီ တပတ် ဒါမှမဟုတ် နှစ်ပတ် တခါ အဲ့အချိန်မှပဲ ကျနော်တို့ကို ရေလာထည့်ပေးတယ်။ တခါတလေလည်း အထဲမှာရေမရှိဘူး အိမ်သာတက်ဖို့တောင် ရေမရှိဘူး ကျနော်တို့က ပေတေပြီးနေရတာ အနံ့ဆို ဆိုးမှဆိုးပဲ” လို့ ခူးထွန်းရယ်က ပြောပါတယ်။
အချုပ်ထဲ ထမင်းမဝတဲ့အခါမျိုးမှာတွေနဲ့ သုံးစွဲဖို့ရေဖိုးတွေကိုတော့ မိဘတွေဆီမှာပဲ လှမ်းတောင်းရတာပါ။ အစာရေစာပြတ်လပ်မှု နဲ့ ဒဏ်ရာ အခံကြောင့် ခူးပကူးရဲ့ သက်သာလုဖြစ်တဲ့ ခြေထောက်နှစ်ဖက် ပြန်ပြီး တဖန် နာကျင်လာခဲ့ပါတယ်။
လွတ်ရက်စေ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ခူးပကူးတို့နှစ်ယောက် ပြန်လည်လွတ်မြောက် လာခဲ့ပါတယ်။ ပြန်လွတ်မြောက်လာချိန်မှာတော့ ဘောလခဲအချုပ်ခန်းထဲမှာ အကျဉ်းသား ၇ ဦးကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။
ကျေးရွာမှာရှိတဲ့ ခူးပကူးတို့ မိသားစုအိမ်လေးဟာလည်း လက်နက်ကြီးစထိမှန်ပျက်စီးသွားတဲ့အတွက်ကြောင့် စစ်ရှောင်စခန်းတခုမှာ မိသားစုနဲ့အတူ နေထိုင်နေရပါတယ်။
လက်ရှိ ခူးပကူးဟာ တပါးသူရဲ့ အကူအညီနဲ့သာ သွားလာနေရပြီး၊ သူ့ရဲ့မိခင်ကတော့ တဦးတည်း ရှိတဲ့သားကို အရင်ကလို ပကတိ ပြန်လည်ကောင်းမွန်စေချင်တာပါ။
“သူ့ကို မြန်မြန်ပြန်ပြီးတော့ သက်သာစေချင်တယ်။ ပြီးတော့ ကျမတို့ ကယားတွေက လုပ်ကိုင် စားသောက်ရတယ်လေး။ တရက်လုပ် တရက်စားပဲ လုပ်ရတယ်ဆိုတော့ သူ ဘယ်အချိန်မှ သက်သာလာပေးမှာလဲပေါ့။ စိတ်ထဲမှာတော့ ဒီတိုင်းပဲတွေးတယ်” လို့ ခူးပကူးရဲ့ မိခင် ကပြောပါတယ်။
ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တဲ့ သူ့ရဲ့ ခြေထောက်နှစ်ဖက်လုံးဟာ လမ်းလျှောက်သွားလာဖို့ အခုထိ အခက်အခဲဖြစ်နေဆဲပါပဲ။
စစ်ရှောင်စခန်းမှာ နေထိုင်တဲ့အပြင် မြို့တွေနဲ့ အလှမ်းဝေးတဲ့အတွက် သူ့ရဲ့ ခြေထောက်ကုသမှုခံယူဖို့ အခက်အခဲဖြစ်နေတာပါ။
ပုံမှန်အတိုင်းလမ်းပြန်လျှောက်နိုင်ဖို့ သူ့ရဲ့ မိခင်ဖြစ်သူက ရိုးရာဓလေ့ အယုံအကြည်အရအပြင်၊ တတ်စွမ်းတဲ့ သဘာဝဆေးကုသနည်းတွေနဲ့ပါ အသုံးပြုပြီး ပြုစုနေလျက် ရှိပါတယ်။