ကေးဒူ/ကန္တာရဝတီတိုင်း(မ်)
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ ထိခိုက်ပျက်စီးမှုတွေများသလို သေဆုံးသူ၊ ပျောက်ဆုံးသူတွေလည်း များခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အရှေ့ တောင်ပိုင်းက တောင်ပေါ်ဒေသဖြစ်တဲ့ ကရင်နီပြည်မှာတော့ ထိခိုက်ပျက်စီးမှုတွေ နည်းတယ်လို့ ဆိုနိုင်ပါတယ်။
ရုပ်ဝတ္တုဖြစ်တဲ့ အဆောက်အဦးတွေထိခိုက်ပျက်စီးမှုတွေက အနည်းငယ်သာရှိပေမဲ့ ငလျင်နောက်ဆက်တွဲ sinkhole လို့ခေါ်တဲ့ မြေကျွံပေါက်ကြီးတွေဖြစ်ပေါ်တာနဲ့ ချောင်းရေသိသိသာသာ ကျဆင်းတာ (သို့မဟုတ်) ခမ်းခြောက်တာတွေ ဖြစ်စေခဲ့ပါတယ်။
ဒီလိုငလျင်နောက်ဆက်တွဲဖြစ်ရပ်တွေထဲမှာ ကရင်နီဒေသခံတွေအတွက် စိုးရိမ်စရာဖြစ်ရပ်က လူဦးရေ ငါးသောင်း ကျော်၊ ကျေးရွာ သုံးဆယ်ဝန်းကျင်က သုံးစွဲနေရတဲ့ နန်းစံဖူးချောင်း ချောင်းရေကျဆင်းသွားတာပါ။
နန်းစံဖူးချောင်းဟာ ဒီးမော့ဆိုမြို့ရဲ့ အနောက်ဘက်ခြမ်းတနေရာမှာရှိပြီး စစ်ရှောင်အပါအဝင် ဒေသခံတွေ အဓိကထား အားကိုးနေရတဲ့ ရေထွက်ပင်ရင်း ရေချောင်းလေး ဖြစ်ပါတယ်။
နန်းစံဖူးချောင်းကို ခုနှစ် သက္ကရာဇ်အရ ၁၆၉၉ ခုနစ်ဝန်းကျင်က ဖော်ထုတ်ခဲ့တယ်လို့ ယူဆရပြီး အဲဒီကာလတုန်းက နယ်ချဲ့ လွှမ်းမိုးခဲ့တဲ့ ယွန်းရှမ်းတွေက နန်းစံဖူးလို့ ခေါ်ဆိုခဲ့ရာကနေ နာမည်တွင်လာတာဖြစ်နိုင်တယ်လို့ ကယားစာပေနှင့် ယဉ်ကျေးမှု သမိုင်းမှတ်တမ်းအရ သိရပါတယ်။
အဲဒီနန်းစံဖူးရေထွက်ကိုတော့ ကယားဘာသာစကားဖြင့် “ထျေးပူးလားကျား” လို့ ခေါ်ဆိုပါသေးတယ်။ ထျေးပူးလားကျား အဓိပ္ပါယ်မှာ “ထျေး”က ရေကိုဆိုလိုခြင်း၊ “ပူး”ဆိုတာ နွားမဖြူ ကိုဆိုလိုခြင်း၊ “လား” ဆိုတာ တောင် ကိုဆိုလိုခြင်း ၊ “ကျား”ဆိုတာ ခြေရင်း ကိုဆိုလိုခြင်းတို့ပဲ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ အဆိုအရတော့ နန်းစံဖူးရေထွက်မှာ စိမ့်ထွက်နေတဲ့ ရေထွက်ပေါက် နှစ်ခုရှိကာ ဖို၊ မ ဆိုပြီး တခုစီ ထွက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ မ တခုက ရေထွက်နည်းနေပြီး ဖို တခုက ရေထွက်နှုန်းပိုများနေပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက်မှာ ဒီ ရေထွက်ပေါက်တွေကနေ ရေထွက်ရှိမှု သိသိသာသာ နည်းလာသလို ရေရဲ့ အရောင်ပြောင်းလဲပြီး နောက်ကျိသွားပါတယ်။
အခုရက်ပိုင်းအတွင်းမှာတော့ နန်းစံဖူးချောင်းဟာ ရေအနည်းငယ် ပြန်လည် တက်လာပေမဲ့ အရင်ပုံမှန် အခြေအနေကို မရောက်နိုင်သေးသလို ရေတွေက အနည်တွေများပြီး နောက်နေသေးတာကြောင့် သောက်သုံးရေအဖြစ် အသုံးပြုဖို့က အဆင်မပြေနိုင်သေးပါဘူး။
ဒေသခံတွေပြောပြချက်အရ နန်းစံဖူးရေထွက်၊ ရေချောင်းဟာ အလားတူအဖြစ်မျိုးကို လေးကြိမ်ဖြစ်ပွားခဲ့ဖူးတယ်လို့ သိရပါတယ်။ ဖြစ်ပွားခဲ့တဲ့ အကြောင်းအရင်းတွေကို တိတိကျကျ မသိရှိခဲ့ရပေမယ့် ရိုးရာဓလေ့ကို ယုံကြည်သက်ဝင်သူ ဒေသခံတွေကတော့ ရေထွက်ပေါက်ကို ကျွဲဖြူတွေ နဲ့ ပြန်လည် ပူဇော်ပသခဲ့ရတယ်လို့ အသက် ငါးဆယ်အရွယ် ဒေသခံအမျိုးသားတဦးက အခုလိုပဲ ပြောပါတယ်။
“ကျနော်တို့ သိသလောက်ကတော့ ၁၉၆၆ ခုနှစ်မှာ တခါရေခမ်းဖူးပါတယ်။ ကျနော်တို့ အဖိုးအဖွားခေတ်တုန်းကပေါ့။ နောက်ပြီး ဒုတိယတခါက ၁၉၈၇-၁၉၈၈ ခုနှစ်မှာ တခါ ခမ်းဖူးပါတယ်။ ကျနော်တို့ ကျွဲအဖြူနဲ့ ပြန်လည် ပူဇော်ခဲ့တာတွေ ရှိပါတယ်။ နောက်တခါက ၁၉၉၉ ခုနှစ်မှာ တခါ၊ အဲ့ချိန်တုန်းကလည်း ကျွဲဖြူတကောင်နဲ့ ဝက်နဲ့ ကျနော်တို့ ပြန်လည် ပူဇော်ခဲ့တာ ရှိတယ်။ နောက်ဆုံးတခေါက်ကတော့ ၂၀၂၀-၂၀၂၁ မှာ တခါ ရေခမ်းခဲ့ဖူးတာတွေကို ကျနော်တို့ ကြုံတွေ့ခဲ့ဖူးပါတယ်” လို့ အဆိုပါ အသက် ငါးဆယ်အရွယ် ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
နန်းစံဖူးချောင်းဟာ နှစ်ပေါင်းရာနဲ့ ချီပြီး ဒေသခံပြည်သူတွေကို အကျိုးပြုခဲ့တာပါ။ အာဏာမသိမ်းခင်ကတည်းက နွေရာသီရေရှားပါးတဲ့အချိန်မှာ အနီးနားက ကျေးရွာ သုံးဆယ်ဝန်းကျင်က ဒီရေချောင်းကိုပဲမှီခိုခဲ့တာပါ။ အာဏာသိမ်းလို့ စစ်ဘေးရှောင်တွေ က ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို ရှောင်တိမ်းလာတဲ့အချိန်မှာလည်း စစ်ရှောင်ဦးရေ ငါးသောင်းက ဒီရေချောင်းကိုပဲထပ်မံ မှီခိုကြပါတယ်။
သောက်သုံးရေ အပြင် ၊ ချိုးရေတွေက အစ ဒီချောင်းရေက မရှိမဖြစ်ပါ။ ဒါတွေတင်မကသေးပါဘူး အသက်မွေးဝမ်းကြောင်း ဖြစ်တဲ့ စပါး ၊ ပြောင်း ၊မြေပဲ စိုက်ပျိုးမှုတွေအတွက်လည်း ဒီရေချောင်းက ရေကိုပဲမှီခိုကြရပြန်ပါတယ်။ ဒါ့ကြောင့် နန်းစံဖူးချောင်းဟာ သူတို့ရဲ့ အသက်သွေးကြောလို့ ဆိုရင်လည်း မမှားပါဘူး။
နန်းစံဖူးချောင်း ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ အဖွဲ့ဝင် တဦးဖြစ်သလို ကိုယ်တိုင်လည်း စိုက်ပျိုးရေး ပြုလုပ်နေတဲ့ ဒေသခံ အမျိုးသားတဦးဖြစ်တဲ့ ဦးဇွန်နရီကို က “ကျနော်တို့ ဒေသမှာက ဒေသခံနှင့် စစ်ရှောင်အပါအဝင် ဒီနန်းစံဖူးချောင်းကိုပဲ မှီခို အသုံးပြုကြတာပေါ့။ သောက်သုံးရေတွေ၊ စိုက်ပျိုးရေးတွေ ၊မွေးမြူရေးတွေ လုပ်တယ်။ စိုက်ပျိုးရေးပိုင်းမှာ အဓိက စပါး စိုက်ပျိုးပြီး ၊ မြေပဲ၊ ပြောင်းကိုလည်း တနိုင်တပိုင် စိုက်ပျိုးကြတယ်” လို့ ပြောပါတယ်။

အာဏာမသိမ်းခင်ကာလတုန်းကတော့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ ရေရယူနိုင်တဲ့ ရေထွက်ပေါက်၊ ရေလှောင်တမံ (ဆည်) စတဲ့ ရေအရင်းအမြစ်တွေများတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အာဏာသိမ်းပြီး တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာ တချို့သော ရေအရင်းအမြစ်တွေက စစ်ပွဲဇုံအတွင်းပါဝင်သွားတာကြောင့်လည်း ရေရယူနိုင်တဲ့ ရေအရင်းအမြစ်တွေ နည်းလာတာပါ။
ဥပမာ အနေနဲ့ ကရင်နီပြည်နယ်ရဲ့ အထင်ကရ တခုဖြစ်တဲ့ ငွေတောင်ဆည်ကြီးဟာလည်း ဒီးမော့ဆိုမြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာအတော်များများအတွက် အားထားရတဲ့ ရေအရင်းအမြစ်ဖြစ်ပါတယ်။
ဒါပေမဲ့ ယခု အချိန်မှာတော့ ငွေတောင်ဆည်ကြီးဟာ စစ်ဇုန်အဖြစ် သတ်မှတ်ခြင်း ခံရတာကြောင့် သွားလာလို့မရတဲ့ နေရာ တခု ပါ။
ဒါကြောင့် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသခံအပါအဝင် လာရောက်ခိုလုံနေထိုင်ကြတဲ့ စစ်ရှောင်တွေဟာ သူတို့ရဲ့ မျှော်လင့်ချက်ကတော့ နန်းစံဖူးချောင်းအပြင် မရှိတော့ပါဘူး။
နန်းစံဖူးချောင်းကို မှီခိုပြီးတော့ ဘေးပတ်လည်မှာ ရေတွင်းတွေ တူးကြပြီး လီတာ ၁၀၀၀ ကနေ ၂၀၀၀ ခန့်ပါတဲ့ရေသည် ကားတစီးကို ကျပ် ၂ သောင်းကနေ စတင်ပြီး ၆ သောင်းလောက်ထိကို ရောင်းချကြပါတယ်။ ဒါပေမဲ့ နန်းစံဖူးချောင်းက ရေသာ ခမ်းခြောက်သွားမယ် ဆိုရင်တော့ အဆိုပါ ရေတွင်းတွေမှာလည်း ကြာရှည်ခံတော့မှာတော့ မဟုတ်ပါဘူး။
နန်းစံဖူးချောင်းကို မှီခိုပြီးတော့မှ နန်းစံဖူးချောင်းရဲ့ အနီးအနား တနေရာမှာ စစ်ရှောင်အဖြစ် လာရောက်နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် လူငယ်တဦးဖြစ်တဲ့ ကိုစည်သူကတော့ ..
“နန်းစံဖူးချောင်းဟာ ငလျင်လှုပ်ပြီးနောက်ပိုင်း ရေကျသွားတာနဲ့ ပတ်သက်ပြီး အများကြီး သက်ရောက်မှု ရှိတယ်ပေါနော်။ ကျနော်တို့ဆို ရေချိုး၊ အဝတ်လျှော်၊ ရေတင်တာက အစ အဲဒီရေချောင်းကို အမှီပြုပြီးတော့မှ ရေတင်နေကြတဲ့ သူတွေလည်း ဖြစ်တယ်။ ပြီးတော့ နန်းစံဖူးချောင်းဟာဆိုရင် တောင်သူလယ်သမားတွေ အတွက်ဆိုရင်လည်း လယ်ယာစိုက်ပျိုးဖို့အတွက်ရေက အဓိက အခန်းကဏ္ဍကနေပြီးတော့မှ အဲဒီချောင်းကနေ ယူတယ်ပေါနော်။ ဆိုတော့ ဒီချောင်းသာ မရှိဘူးဆိုရင် ကျနော်တို့ ရေကို တနေရာရာမှ ယူဖို့ဆိုရင် တော်တော်ခဲယဉ်းပြီးတော့မှ စဉ်းစားရမယ့်ကိစ္စရပ်တခုလည်း ဖြစ်တယ်။ ငွေတောင်ဆည်ဆိုရင် အရင်တုန်းက အခြေအနေမျိုးဆိုရင် သွားလို့လည်း အဆင်ပြေတာပေါ့။ အခုဆိုရင် ငွေတောင်ဆည်က သွားလို့လည်း မရတဲ့ အခြေအနေတခုမှာ ရှိနေတယ်။” လို့ ပြောပါတယ်။
နောက်ထပ် စစ်ရှောင်စခန်း တခုမှာနေထိုင်တဲ့ အသက် (၄၁) နှစ်အရွယ် ဒေါ်နန်းမိုးသူဇာဟာလည်း နန်းစံဖူး ချောင်းရေကို အသုံးပြုနေသူတဦးပါ။ ငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်း ရေထွက်နည်းသွားတဲ့ အပေါ် သူ့ရဲ့ စိုးရိမ်ပူပန်မှုကို အခုလိုပဲ ပြောပြလာပါတယ်။
“စိုးရိမ်တာပေါ့။ ကျမတို့ အခုဆို လက်ရှိ အခြေအနေဆိုရင် ကျမတို့ ဒီရေချောင်း ပဲပေါ့နော်။ နန်းစံဖူးချောင်းကိုပဲ အားကိုးနေရတာပေါ့နော်။ သောက်ရေပဲဖြစ်ဖြစ်၊ သုံးရေပဲဖြစ်ဖြစ်၊ ပြီးတော့ လျှော်တာ ဖွတ်တာပဲဖြစ်ဖြစ် ပေါ့နော်။ ဒီချောင်းကိုပဲ ကျမတို့ အားကိုးနေရတယ် ဖြစ်ပါတယ်ပေါ့နော်။ ဒါကြောင့်မလို့ အခုက ငလျင်ဒဏ်ကြောင့် ဒီချောင်း အခုလိုမျိုး ခမ်းခြောက်သွားတယ်မကဘူး အခုဆိုရင် ရွံ့တွေဘာတွေ အကုန်လုံး ဘယ်လိုပြောရမှာလဲ အဲ့လိုဖြစ်သွားတဲ့အချိန်မှာ ကျမတို့ အရမ်းစိုးရိမ်တယ်ပေါ့နော်။ ပြီးတော့ ကျမတို့ ဒီရေ ကို ဒီအနောက်ဘက်တခြမ်းလုံးပဲပေါ့နော်၊ ဒီရေချောင်းကိုပဲ အသုံးပြုတာပိုများတာပေါ့နော်၊ ဒီအနောက်ဘက်တခြမ်းလုံးပဲ ကျမတို့ဒီစစ်ရှောင် ဒီ camp(စစ်ရှောင်စခန်း) တခုပဲမဟုတ်ဘူးပေါ့နော်” လို့ ဒေါ်နန်းမိုးသူဇာက ပြောပါတယ်။

နန်းစံဖူးချောင်းဟာ ငါးမိုင်ဝန်းကျင် အကွာအဝေးမှာရှိတဲ့ ငွေတောင်ဆည်ထဲကို စီးဝင်ပါတယ်။
နန်းစံဖူးချောင်းက ရေကို ရယူပြီး နှစ်စဉ် စိုက်ပျိုးရေးလုပ်နေတဲ့ စိုက်ခင်း ဧကပေါင်း ငါးသောင်းဝန်းကျင်ရှိနေတာပါ။
အဲဒီစိုက်ခင်းတွေမှာတော့ စပါးကို အဓိကထားစိုက်ပျိုးကြတာ ဖြစ်ပြီး ပြောင်း ၊ မြေပဲ တို့လည်း စိုက်ပျိုးသူတွေ ရှိနေပါတယ်။ ဒါ့အပြင် အသေးစား ငါးမွေးမြူရေး လုပ်ငန်းတွေကို လည်း လုပ်ကိုင်သူတချို့ ရှိပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်တုန်းက လှုပ်ခပ်ခဲ့တဲ့ ငလျင်ကြောင့် နန်းစံဖူးချောင်းက အချိန် နှစ်ပတ်လောက်ကြာတဲ့အထိ ချောင်းရေ ပြန်လည်မြင့်တက် မတက်လာသေးတာကြောင့် တချို့ ငါးမွေးမြူရေးလုပ်ကိုင်သူတွေဟာ အချိန်မတန်သေးချိန်မှာပဲ ငါးတွေကို ထုတ်ရောင်းလိုက်ရတာတွေ ရှိနေတယ်လို့ တချို့သောဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေရဲ့ အသက်သွေးကြောလို့ ဆိုနိုင်တဲ့ ဒီနန်းစံဖူး ရေထွက်ပေါက်၊ရေချောင်းဟာ ကရင်နီပြည်ရဲ့ ဒုတိယအများဆုံး စိုက်ပျိုးရေးလုပ်ငန်းကို ပံ့ပိုးပေးနေတဲ့ ရေအရင်းအမြစ်(ရေချောင်း) တခု ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာနက ဌာနမှူးကြီး ဆရာတူရယ်က အခုလို ပြောပါတယ်။
“ကျေးရွာပေါင်း သုံးဆယ် လောက်ရဲ့ အသက်သွေးကြောဖြစ်သလို စိုက်ပျိုးရေး ကိစ္စမှာလည်း ရေထွက်ပေါက်က ကြီးကျယ်ခမ်းနားတဲ့အရာ တခုဖြစ်တယ်။ ဧက ပေါင်း ငါးသောင်းလောက်က နန်းစံဖူး ရေထွက်ကို မှီခိုနေတယ်။ နောက်တခုက ဒီမှာနေကြတဲ့ စစ်ရှောင် ငါးသောင်း
လောက်ဟာလည်း ဒီရေက မရှိမဖြစ် တဲ့အရာ၊ အများကြီးမှီခိုနေရတဲ့ ရေထွက်ပေါက်တခုလည်း ဖြစ်တယ်။ ဒီနန်းစံဖူးချောင်းက ငွေတောင်ဆည်ကို စီးဝင်တယ်။ ပြီးတော့ ကရင်နီရဲ့ ဒုတိယ အများဆုံး စိုက်ပျိုးရေး ကိစ္စကို ပံ့ပို့ပေးနေတဲ့ ချောင်းတခုဖြစ်တယ်လို့ လည်း ပြောလို့ရတယ်။ဒါကြောင့် သိပ်ကို အရေးကြီးပြီး အရေးပါတဲ့ ချောင်းတချောင်းဖြစ်တယ်” လို့ ဌာနမှူးကြီး ဆရာ တူရယ်က ပြောပါတယ်။
နန်းစံဖူးရေချောင်းသာ အရင်လို ရေထွက်နှုန်းမရှိတော့ရင် စိုက်ပျိုးရေးလုပ်ငန်းကို အများကြီး ထိ ခိုက်လာနိုင်တာဖြစ်လို့ အားလုံးက ဝိုင်းဝန်းပြီး ထိန်းသိမ်းကြဖို့ လိုအပ်တယ်လို့လည်း ဆရာတူရယ်က ပြောပါတယ်။
IEC ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာနကတော့ နန်းစံဖူးချောင်းကို ပြုပြင်ဖို့ နဲ့ ကာကွယ် ထိန်းသိမ်းဖို့ အတွက် နန်းစံဖူးချောင်း ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ နှင့် ရိုးရာ ဓလေ့ ပူဇော်ပသရေး ကော်မတီ ဆိုပြီး ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ယခု လက်ရှိအချိန်မှာတော့ နန်းစံဖူးချောင်းက ရေပြန်လည်တက်လာပါပြီ။

ဒါပေမဲ့ အရင်လို ပုံမှန်အခြေအနေ တခုကိုတော့ မရောက်ရှိနိုင်သေးပါဘူး။ ရေက အလွန်နောက်ပြီး အနည်တွေ များပြားလွန်းနေသေးတာကြောင့် သုံးစွဲဖို့က အဆင်ပြေမှု မရနိုင်သေးပါဘူး။ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေကတော့ အဆိုပါ နန်းစံဖူးချောင်းကို အရင်လို ပုံမှန်အတိုင်း ပြန်လည် ရောက်ရှိလာဖို့ကို စောင့်မျှော်လင့်နေကြဆဲပဲ ဖြစ်ပါတယ်။