ကန္တာရဝတီတိုင်း(မ်)
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်း အင်းလေးဒေသမှာ ကျေးရွာပေါင်းများစွာက လူထုတွေဟာ စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေကြဆဲဖြစ်တယ်လို့ မြေပြင် စစ်ရှောင်ကူညီဆောင်ရွက်သူတွေဆီကနေ သိရပါတယ်။
ငလျင်လှုပ်ပြီး ရက်ပိုင်းမှာ အထိအခိုက်၊ သေဆုံး၊ ပျောက်ဆုံးမှုတွေကို ကယ်ဆယ်ရေး အရင်လုပ်ဆောင်နေရပြီး လက်ရှိမှာတော့ စားနပ်ရိက္ခာအပြင် နေထိုင်ရေးအတွက်ပါ အကူအညီတွေ လိုအပ်နေကြတယ်လို့ မြေပြင်မှာ စစ်ရှောင်ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“ဘာလိုအပ်လဲဆိုရင် ပထမဆုံးအနေနဲ့ ဆေးဝါးလိုမယ်။ နောက်ပြီးတော့ သူတို့ယာယီပေါ့နော်၊ ကျနော်တို့ စစ်ရှောင်တွေလိုမျိုးဘဲပေါ့နော် ယာယီနေထိုင်ဖို့အတွက် ဝါးတို့၊ မိုးကာတို့ ဒါမျိုးတွေလိုတယ်ပေါ့နော်။ နောက်ပြီးတော့ တချို့ရွာသားတွေက ဖြစ်သလို လှေပေါ်မှာ နေထိုင် စားသောက်ရတာမျိုးတွေ ရှိသလို၊ ဘုန်းကြီးကျောင်းမှာလည်း သွားပြီးတော့ ခိုလှုံရတာမျိုးတွေ ရှိတဲ့အတွက် ဟိုထင်းတို့ အင်းထဲမှာ ထင်းနည်းနည်းရှားတဲ့အတွက် ထင်းတို့ မီးသွေးတို့ဒါမျိုးတွေ ပံ့ပိုးနိုင်ရင်လည်းအဆင်ပြေတာပေါ့။”လို့ မြေပြင်မှာ စစ်ရှောင်ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသားတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် ရိက္ခာခြောက်တွေ၊ စောင်၊ ခြင်ထောင်တွေ လည်း လိုအပ်နေကြတယ်လို့ ဖြည့်စွက် ပြောဆိုထားပါတယ်။
ငလျှင်ဘေးသင့်ပြည်သူတွေကို ကူညီတဲ့နေရာမှာလည်း အကူအညီတွေကို လိုအပ်နေသူတွေဆီအရောက် ဖြန့်ဝေပေးနိုင်ဖို့ အတွက် တိုက်ရိုက်ကူညီမှုတွေကို လုပ်ဆောင်ကြဖို့နဲ့ အင်းလေးဒေသ ကော်မတီတွေနဲ့ ချိတ်ဆက်ပြီး လည်းဆောင်ရွက်ကြဖို့ ပအို့ဝ်လူငယ်အဖွဲ့ အစည်းက ဖေ့ဘွတ် လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။
အင်းလေးဒေသခံတွေဟာ ငလျင်ဒဏ်သင့်ပေမယ့် တခြားဒေသကို ရွေ့ပြောင်းနေထိုင်တာမရှိပဲ ဒေသတွင်းမှာသာဆက်လက်နေထိုင်ကြတယ်လို့ အင်းလေးဒေသခံတစ်ဦးကပြောပါတယ်။
“အဲ့ဒီမှာ မပျက်မစီးဘဲ ကျန်နေသေးတဲ့ ကုန်းပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ နောက်အသိမိတ်ဆွေ ကျေးရွာတွေမှာ သွားပြီးတော့တိမ်းရှောင်ကြတယ်။ သွားပြီးတော့နေကြတာမျိုးတွေရှိတယ်။”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
အဆိုပါ အင်းလေးဒေသမှာ ကရင်နီ စစ်ရှောင်လူထုတွေလည်းရှိနေပြီး ငလျင်ကြောင့် ထိခိုက်မှု ရှိမရှိကိုတော့ မသိရဘူးလို့ စစ်ရှောင်ကူညီဆောင်ရွက်သူဆီကနေ သိရပါတယ်။
လက်ရှိ အင်းလေးဒေသအတွင်းမှာ ငလျင်ကြောင့် နေအိမ် ပေါင်း ၂၇၉၀ အိမ် ပျက်စီးသွားခဲ့တယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်တဲ့ အမျိုးသားတစ်ဦးရဲ့ လက်လှမ်းမီ စာရင်းအရ သိရပါတယ်။
ဒါ့အပြင် သေဆုံးသူ စာရင်း ၁၀၀ ကျော်ရှိနေသလို လက်ရှိအချိန်ထိ ရေထဲ ပျောက်ဆုံးနေသူလည်း ရှိနေဆဲလို့ ဆိုပါတယ်။