spot_imgspot_imgspot_imgspot_img
Monday, May 19, 2025
spot_imgspot_imgspot_imgspot_img

ငလျင်ဘေးသင့် စစ်ရှောင်လူထုတွေ မိုးရာသီအမီ နေအိမ်ပြန်ဆောက်နိုင်ဖို့ အကူအညီလိုအပ်

ကန္တာရဝတီတိုင်း ( မ် )

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က မြေငလျင်လှုပ်ခတ်မှုကြောင့် နေအိမ် ပျက်စီးသွားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသအတွင်းက စစ်ရှောင်လူထုအများစုဟာ မိုးရာသီအမီ နေအိမ်အပြီး ပြန်ဆောက်လုပ်နိုင်ဖို့ အကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

အင်းလေးဒေသမှာ မိုးရာသီကာလအတွင်း ရေကြီးတဲ့ပြဿနာကို ရင်ဆိုင်ရလေ့ ရှိတာကြောင့် မိုးရာသီမတိုင်ခင် နေအိမ်အပြီးဆောက်လုပ်နိုင်ဖို့ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ ပအိုဝ်းလူငယ်အဖွဲ့အစည်းရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ဓါတ်ပုံ – Jobs For Kayah

“လောလောဆယ်ပိုပြီး လိုအပ်တာက ပြန်လည်ထူထောင်ရေး ကိစ္စတွေ၊ ရှင်းလင်းရေး ကိစ္စ ပိုပြီးတော့မှာ တော်တော်လိုတာပေါ့လေ။ ဘာလို့လဲဆိုတော့ အခုက မိုးရာသီ စဝင်လာတော့မှာ ဆို‌တော့ ပြန်လည်ရင်ဆိုင်ရမှာက ရေကြီးတဲ့ပြဿနာပေါ့နော်။ လောလောဆယ်တော့ ဒီအတောအတွင်းမှာ အိမ်ကို ပြန်မတည့်မတ်နိုင်ဘူး အိမ်ကို ပြန်မဆောက်နိုင်ဘူးဆိုရင်တော့ လူထုတွေတော့ တော်တော် အကြပ်အတည်းခက်ခဲကြမှာ။”လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်းရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အင်းလေးဒေသက ငလျင်ဘေးသင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် ကူညီဆောင်ရွက်မှုရှိနေပေမယ့်လည်း လက်ရှိအချိန်ထိ လိုအပ်ချက် များပြားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာလည်း စစ်ဘေးရှောင်တွေဟာ စုပေါင်းနေထိုင်ကြရပြီး ကိုယ်ပိုင်တဲအိမ် မရှိကြသေးတာကြောင့် ကူညီဆောင်ရွက်တဲ့အခါ အသုံးအဆောင်ပစ္စည်းတွေ ပံ့ပိုးမှုထက် ငွေကြေးထောက်ပံ့မှုက ပိုအဆင်ပြေတယ်လို့ အဆိုပါ ပအိုဝ်းလူငယ်အဖွဲ့အစည်းရဲ့ တာဝန်ရှိသူတစ်ဦးက အခုလို ဆက်ပြောပါတယ်။

“လက်ရှိ စစ်ရှောင်တွေကို ကူတဲ့အခါမှာ ပစ္စည်းထက်စာရင် ငွေသားက ပိုအဆင်ပြေတဲ့ အနေအထားတွေ့ရတယ်။ ဘာလို့လဲဆိုတော့ စစ်ရှောင်တွေက နေစရာအခက်ခဲ တော်တော်ဖြစ်တော့ ပစ္စည်းပေးလိုက်ရင် သူတို့ထားစရာနေရာမရှိဘူး။ “ လို့ သူက ဆိုပါတယ်။

ငလျင်ဘေးသင့် စစ်ရှောင်ပြည်သူတွေကို ကူညီဆောင်ရွက်နိုင်ဖို့အတွက် လက်ရှိမှာလည်း ကမ်ပိန်းအစီအစဥ်တွေ ဆောင်ရွက်နေတယ်လို့ အင်းလေးဒေသ စစ်ရှောင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက အခုလိုပြောပါတယ်။

“အခု အင်းလေးဖက်မှာတော့ စစ်ရှောင်တွေအတွက် ကူညီပေးနိုင်ဖို့ ကမ်ပိန်းလုပ်ကြတာရှိတယ်။ အဲ့ထဲမှာမှ အင်းလေးဒေသဖက်က စစ်ရှောင်ကူညီရေးအဖွဲ့တွေ၊ ပညာရေးအဖွဲ့၊ တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပါဝင်ကြတယ်။ ကမ်ပိန်းကနေ ရရှိငွေကို အိမ်တစ်လုံးရရင် တစ်လုံး၊ နှစ်လုံးရရင် နှစ်လုံးပေါ့။ အဲ့လိုတော့ အတတ်နိုင်ဆုံး ဆောင်ရွက်နေတာရှိတယ်။ “လို့ အင်းလေးဒေသ စစ်ရှောင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ ရောက်ရှိခိုလှုံနေတဲ့ ကရင်နီစစ်ဘေးရှောင်တွေလည်း ငလျင်ဘေးဒဏ်ကို ကြုံတွေ့နေရတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

spot_img
spot_img