ငှက်ကလေးပေးတဲ့ သင်ခန်းစာ

သိုက်စိုးထွန်း(နတ်ရွာ)

ဘုရားအလောင်းတော်ကြီးဟာ တစ်ခုသောဘဝမှာ ဆင်မင်းဖြစ်ပြီးတော့ ဆင်ရှစ်သောင်းနှင့်အတူ ဟိမဝန္တာ တောမှာနေတယ်။ ဆင်တွေသွားတဲ့လမ်းမှာ နှံပြည်စုတ်ငှက်မလေးတစ်ကောင်က အဥဥထားတယ်။ ဥလေးတွေကို ဝပ်ပေးရင်းက အချိန်တန်တော့ အကောင်လေးတွေပေါက်လာတယ်။ ငှက်ပေါက်စလေးတွေဆိုတော့ အတောင် အလက်ကလည်းမရှိ၊ ပျံလည်းမပျံနိုင်၊ ပြေးလည်းမပြေးနိုင်ပေါ့လေ။

ဆင်အုပ်ကြီးလာတာမြင်တော့ ငှက်မလေးက အတောင်လေးနှစ်ဘက်ကိုယှက်၊ ဘုရားလောင်း ဆင်မင်းကိုရှိခိုးပြီးတော့ မပျံနိုင်မသန်းနိုင်ဖြစ်နေရှာတဲ့ ငှက်ပေါက်ကလေးတွေကို စောင့်ရှောက်ပေးဖို့ တောင်းပန်တယ်။ ဘုရားအလောင်းက “ငှက်မငယ်၊ မစိုရိမ်ပါနဲ့၊ သင့်သားတွေကိုစောင့်ရှောက်ပါမယ်”လို့ ပြောတယ်။ ငှက်ကလေးတွေရဲ့အပေါ်မှာမိုးပြီး ဆင်မင်းကရပ်နေတယ်။ ကျန်တဲ့ဆင်တွေက ဆင်မင်းကိုရှောင်ပြီးသွားကြတာမို့ ငှက်ကလေးတွေ ဘေးရန်ကင်းကြတယ်။

ဆင်တွေသွားကြတော့ ဆင်မင်းက ငှက်မလေးကိုပြောတယ်။ “ငါတို့နောက်မှာ ဆင်ကြီးတစ်စီးလာလိမ့်မယ်။ အဲ့ဒီဆင်ကြီးကတော့ ငါတို့စကားကိုလည်းနားထောင်မှာမဟုတ်ဘူး။ သူ့ကိုလည်းတောင်းပန်ပြီး ကိုယ့်သားလေးတွေ အသက်ဘေးလွတ်အောင် စောင့်ရှောက်ရစ်ပေတော့”လို့ပြောတယ်။ ငှက်မလေးကလည်း ဆင်မင်းပြောတဲ့အတိုင်း တောင်းပန်တယ်။

တောင်းပန်နေတဲ့ကြားက ဆင်ကြီးကဒီလိုပြန်ပြောသတဲ့-

ဝဓိဿာမိ တေ လဋုကိကေ ပုတ္တကာနိ၊ ကိ ံမေတွံ ကာဟသိ ဒုဗ္ဗလာသိ။

သတသဟဿာနိပိ တာဒိသီနံ၊ ဝါမေန ပါဒေန ပပ္ဖေါထ ယေယျံ။

လဋုကိကေ-နှံပြည်စုတ်ငှက်မငယ်၊ တေ-သင်၏၊ ပုတ္တကာနိ-သားငယ်တို့ကို၊ ဝဓိဿာမိ-ငါသတ်အံ့။ တွံ-သင်သည်၊ ဒုဗ္ဗလာ-အားနည်းစွာသည်၊ အသိ-ဖြစ်၏၊ တွံ-သင်သည်၊ မေ-ငါအား၊ ကိ ံကာဟသိ-အသို့ပြုနိုင်လတ္တံ့နည်း၊ တာဒိသီနံ-သင်ကဲ့သို့သဘောရှိကုန်သော၊ သတ သဟဿာနိပိ- တစ်သိန်းသောငှက်မတို့ ကိုလည်း၊ ဝါမေန ပါဒေန-လက်ဝဲခြေဖြင့်သာ၊ ပပ္ဖေါထ ယေယျံ-ငါသတ်အံ့။

ဆင်မိုက်ကြီးဆိုတော့ ဆင်မိုက်စကားပြောတာပေါ့လေ။ ဒီလိုပြောရင်းနဲ့ ငှက်ပေါက်စလေးတွေကို ရက်ရက်စက်စက်နင်းသတ်ရုံတင်မက အပေါ့တွေစွန့်ချပြီးတော့ ငှက်သေလေးတွေကို ကျင်ငယ်ရေနဲ့ပါမျှောလိုက် သေးတယ်။ အသံတွေလည်းအကျယ်ကြီးအော်ဟစ်ပြီးတော့ ထွက်ခွာသွားသတဲ့။

ငှက်မကလေးလည်း မခံမရပ်နိုင်ဖြစ်ပြီးတော့ ဝမ်းနည်းပက်လက်နဲ့ ဒီလိုအော်ပြောရင်းကျန်ခဲ့ရရှာသတဲ့-

န ဟေ၀ သဗ္ဗတ္ထ ဗလေန ကိစ္စံ၊ ဗလံ ဟိ ဗာလဿ ဝဓာယ ဟောတိ။

ကရိဿာမိ တေ နာဂရာဇ အနတ္တံ၊ ယော မေ ဝဓိ ပုတ္တကေ ဒုဗ္ဗလာယ။

နာဂရာဇ- ဆင်မင်း၊ သဗ္ဗတ္ထ-အလုံးစုံသောအရာ၌၊ ဗလေန-အားဖြင့်၊ ကိစ္စံ-ပြုအပ်သည်၊ နဟေဝ-မဟုတ် သလျှင်တည်း။ ဟိသစ္စံ-မှန်၏၊ ဗလံ-ကိုယ်အားသည်၊ ဗာလဿ-လူမိုက်အား၊ ဝဓာယ-သတ်ခြင်းငှာ၊ ဟောတိ-ဖြစ်၏၊ ယောတွံ-အကြင်သည်၊ ဒုဗ္ဗလာယ-အားနည်းသော၊ မေ-ငါ၏၊ ပုတ္တကေ-သားငယ်တို့ကို၊ ဝဓိ-သတ်၏၊ တေ-သင်၏၊ အနတ္ထံ-အကျိုးမဲ့ကို၊ ကရိဿာမိ-ငါပြုအံ့။

ဒီလိုပြောပြီးတော့ ငှက်မလေးက ကျီးတစ်ကောင်နဲ့မိတ်ဆွေဖွဲ့တယ်။ နှစ်ရက်သုံးရက်လောက်နေတော့ ကျီးက ဘာကူညီပေးရမလဲလို့မေးတယ်။ တစ်ခြားအကူအညီမလိုပါဘူး၊ ဆင်တစ်ကောင်ရဲ့မျက်စိကိုသာ မိတ်ဆွေရဲ့ နှုတ်သီးနဲ့ထိုးဆိတ်ပေးစေချင်ပါတယ်လို့ ပြောတယ်။ ကျီးကလည်း အာမဘန္တေခံလိုက်တယ်။

နောက်တစ်ခါ၊ မဲရိုင်းခြင်မတစ်ကောင်နဲ့ မိတ်ဆွေထပ်ဖွဲ့တယ်။ ဘာလုပ်ပေးရမလဲလို့မေးပြန်တယ်။ မျက်စိ ပေါက်ပြဲနေတဲ့ဆင်ကြီးတစ်ကောင်လာရင် သူ့မျက်လုံးထဲကို ပိုးလောက်ချပေးစေချင်တယ်လို့ပြောတယ်။ ကူညီ ပေးမယ်လို့ပြောတယ်။ နောက်ထပ် ဖားတစ်ကောင်နဲ့မိတ်ဆွေဖွဲ့ပြန်တယ်။ ဆင်ကန်းကြီးရေဆာလို့ ရေရှာတဲ့အခါ တောင်ထိပ်ကနေအသံပေး၊ ဆင်ကြီးတောင်ထိပ်ရောက်လာရင် ချောက်ကမ်းပါးပြတ်နားလေးသွားပြီး အသံလေး ပေးပေးပါလို့ပြောတယ်။ ဖားကလည်း ကူညီမယ်လို့ ကတိပေးတယ်။

သူတို့ဇာတ်တိုက်ထားတဲ့အတိုင်း အကောင်အထည်ဖော်ကြတော့တာပေါ့။ ကျီးကဆင်မျက်လုံးကို ဆိတ်ဖောက်လိုက်တယ်။ မဲရိုင်းခြင်က မျက်လုံးထဲလာဥတယ်။ မျက်စိကမမြင်ရ၊ ဒဏ်ရာက ကိုက်လာခဲလာ၊ ရေကလည်းဆာတာကြောင့် ရေရှိလိမ့်နိုးနိုးအရပ်ကို စမ်းတဝါးဝါးနဲ့မှန်းဆပြီး ဆင်ကြီးကရှာနေတယ်။ ဖားက တောင်ထိပ်ကနေ အသံပေးတယ်။ ဖားသံကြားတော့ ရေရှိမှာပဲဆိုပြီးတောင်ပေါ်ကိုတက်သွားတယ်။ တောင်ထိပ် လည်းရောက်ရော၊ ဖားက ချောက်ကမ်းပါးနားလေးကနေအသံပေးပြန်တယ်။ ရေကန်အမှတ်နဲ့သွားလိုက်ရာက ချောက်ထဲပြုတ်ကျပြီး ဆင်မိုက်ကြီး ဘဝဇာတ်သိမ်းရရှာသတဲ့။

ဒီဇာတ်ကြောင်းလေးနဲ့ပတ်သက်လို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဒီလိုဟောကြားတော်မူခဲ့ပါတယ်-

ကာကဉ္စ ပဿ လဋုကိကံ၊ မဏ္ဍူကံ နီလမက္ခိကံ။

ဧတေ နာဂံ အဃာတေသုံ၊ ပဿာဝေရဿ ဝေရိနံ။

တသ္မာ ဟိ ဝေရံ န ကယိရာထ၊ အပ္ပိယေနပိ ကေနစိ။

ဘိက္ခဝေ- ရဟန်းတို့၊ ကာကဉ္စ-ကျီးကိုလည်းကောင်း၊ လဋုကိကဉ္စ-နှံပြည်စုတ်ငှက်မကိုလည်းကောင်း၊ မဏ္ဍူကဉ္စ-ဖားကိုလည်းကောင်း၊ နိလမက္ခိကဉ္စ-ယင်မမဲရိုင်းကိုလည်းကောင်း၊ ပဿ-ရှုလော့၊ ဧတေ-ထိုလေးခုသော သတ္တဝါတို့သည်၊ ဝေရီနံ-ရန်သူတို့၏၊ ဝေရဿ-ရန်၏၊ ဂတိ ံ-ဖြစ်ခြင်းကို၊ ပဿ-ရှုလော့၊ တသ္မာဟိ-ထို့ကြောင့်လျှင်၊ အပ္ပိယေန-မချစ်အပ်သော၊ ကေနစိပိ-တစ်စုံတစ်ယောက်သောသူနှင့်လည်း၊ သဒ္ဓိ ံ- တကွ၊ ဝေရံ-ရန်ကို၊ န ကယိရာထ-မပြုရာ။

(မဏိကုဏ္ဍလဝဂ်၊ လဋုကိကဇာတ်)

ဒါကတကယ့်အဖြစ်အပျက်လေးပါ။ ပုံပြင်မဟုတ်ပါဘူး။ ဒီဇာတ်ကြောင်းလေးကိုဖတ်ရတော့ ဆင်ခြင်စရာ လေးတွေရလာတယ်။ ကိုယ်ကအင်အားမကြီးလို့ဆိုပြီး စိတ်ပျက်အားငယ်နေစရာမလိုပါဘူး။ ရှိတဲ့အင်အားလေး အတွင်းမှာ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ရှိနေကြရင် ဘယ်လိုအန္တရာယ်မျိုးကိုကြုံရသည်ဖြစ်စေ ကြံ့ကြံ့ခံပြီး ရင်ဆိုင်ဖြေရှင်းနိုင်လိမ့်မယ်ဆိုတာ ဒီဇာတ်လမ်းလေးက သက်သေပြနေပါတယ်။

ဘယ်လိုအဖွဲ့အစည်းမျိုးမှာပဲဖြစ်ဖြစ်၊ တစ်ဦးတစ်ယောက်ချင်းမှာပဲဖြစ်ဖြစ် အတွင်းအပ အန္တရာယ်တွေ ဆိုတာကတော့ တစ်ချိန်ချိန်မှာကြုံရမှာပဲ။ ကိုယ့်အနီးအနားကဖြစ်နိုင်သလို၊ အဝေးတစ်နေရာကလာပြီးတော့ ထိပါးနှောင့်ယှက် လာတာမျိုးလည်း ဖြစ်နိုင်တာပဲ။ ဒီလိုကြုံလာတဲ့အခါ ကိုယ့်အတွင်းစည်းမှာရှိတဲ့သူအချင်းချင်း စည်းလုံးညီညွတ်ကြဖို့ဟာ အလွန်အင်မတန်အရေးပါနေမှာပါ။

ငှက်ငယ်လေးမှာ အန္တရာယ်ကြုံရတယ်။ ဒီအန္တရာယ်ကို ကျီးရယ်၊ ခြင်ရယ်၊ ဖားရယ်က ဝိုင်းကူပြီးတော့ တွန်းလှန်ခဲ့ကြလို့သာ ရန်ပွဲကိုအောင်ရတယ်။ တကယ်လို့များ ဒါက ငါတို့နဲ့မဆိုင်ဘူး၊ အဲ့ဒါမင်းကိစ္စပဲ။ ကိုယ့်ကိစ္စ ကိုယ်လုပ်ပေါ့၊ ကိုယ့်ပြဿနာကိုယ်ရှင်းကြစတမ်းပေါ့ဆိုပြီး ရှောင်ဖယ်ရှောင်ဖယ်လုပ်သွားကြမယ်ဆိုရင်တော့ ဒီလို အောင်ပွဲမျိုးနွှဲနိုင်ခဲ့မှာမဟုတ်ပါဘူး။ စုပေါင်းအင်အားနဲ့ဖြေရှင်းခဲ့ကြလို့ ကိုယ့်ထင်အင်အားကြီးတဲ့ ရန်သူကို အနိုင်ယူနိုင်ခဲ့ကြတယ်။ သမဂ္ဂါနံ တပေါသုခေါတဲ့။ ညီညွတ်ခြင်းသည် ကြီးပွားချမ်းသားကြောင်းဖြစ်၏တဲ့။ မညီညွတ်ရင်တော့ သူ့အကျိုးဆက်က ညီညွတ်ခြင်းရဲ့ပြောင်းပြန်ဖြစ်မှာပေါ့လေ။

တကယ်လို့များ ငှက်ငယ်လေးဒုက္ခရောက်နေတာကို မကူညီဘဲနဲ့ ကျန်တဲ့သူတွေက ဝမ်းသာအားရ လက်ခုပ်တီးနေကြမယ်ဆိုရင်လည်း ဒီဇာတ်လမ်းလေးရဲ့ဇာတ်သိမ်းက တစ်မျိုးတစ်မည်ပြောင်းလဲသွားမှာပါ။

ကိုယ့်ကို၊ ဒါမှမဟုတ် ကိုယ်နဲ့သက်ဆိုင်တဲ့အဖွဲ့အစည်း အဝန်းအဝိုင်းတစ်ခုခုကို ပြင်ပအန္တရာယ် ကြီးကြီးမားမားတစ်ခုခုက ဒုက္ခပေးဖို့တာစူနေပြီဆိုပါစို့။ ဒါဆိုရင် ဘယ်လိုကာကွယ်ကြမလဲ။ ဘယ်လိုတွန်းလှန် တိုက်ထုတ်ကြမလဲဆိုတာကို အားလုံးညီညီညွတ်ညွတ်နဲ့၊ တက်ညီလက်ညီဝိုင်းဝန်းဆောင်ရွက်ကြမှ အောင်မြင်မှာပါ။ အန္တရာယ်ကိုမှမဟုတ်ပါဘူး။ ရန်သူကိုမှမဟုတ်ပါဘူး။ တွေ့ကြုံလာတဲ့အခက်အခဲမှန်သမျှကိုလည်း ငှက်ကလေးနှင့် မိတ်ဆွေတစ်စုလို စုပေါင်းအင်အားနဲ့ ဝိုင်းဝန်းဖြေရှင်းမှသာ ကောင်းမွန်သင့်လျော်တဲ့အဖြေတစ်ခုကိုရပြီး ကျော်လွှား နိုင်မှာပါ။ ငှက်ကလေးပေးတဲ့သင်ခန်းစာကို ယူတတ်ရင် တော်တော်လေး တန်ဖိုးရှိတယ်ဆိုတာတွေ့ရမှာပါ။

အခုတော့ ဤနည်းနှင်နှင်ဟုတ်ကြပါရဲ့လား။ ဒါကလည်း မေးစရာမေးခွန်းတစ်ခုပါ။ အန္တရာယ်ကိုဖြေရှင်းဖို့ ဆိုတာထက် တစ်ခုခုတဲ့ဟေ့ဆိုရင် အဲ့ဒါက ဘယ်သူနှင့်ဆိုင်တယ်၊ ဘယ်ဝါနဲ့ဆိုင်တယ်။ ငါတို့နဲ့မဆိုင်ဘူး။ ငါတို့က အနေသာကြီး။ ဘယ်သူတွေ ဘာတာဝန်တွေကိုယူတုန်းကယူထားပြီးတော့ လုပ်ကြပါတော့လား။ ဖြေရှင်းကြ ပါတော့လား။ ဆောင်ရွက်ကြပါတော့လားနဲ့ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဘက်နဲ့တစ်ဘက် လက်ညှိုးထိုး နေတာက တော်တော်လေးများနေတယ်လို့ ထင်မိတယ်။ ပူးပေါင်းဆောင်ရွက်မှုဆိုတာ တော်တော်လေးကို အားနည်းနေတာကို တွေ့ရတယ်။ သုံးယောက်ရှိရင် နှစ်ဖွဲ့ကွဲတတ်တဲ့အလေ့အထလေးတွေကိုလည်း အချိန်မီ ပြင်ကြဖို့လိုပြီလို့လည်း ယူဆမိပါတယ်။

အဟိတ်တိရစ္ဆာန်လေးတွေဖြစ်တဲ့ နှံပြည်စုတ်ငှက်ကလေး၊ ကျီးကလေး၊ ခြင်ကလေး၊ ဖားကလေးတွေ တောင်မှ စည်းလုံးခြင်းရဲ့အင်အားကို ကြည့်တတ်မြင်တတ်အသုံးချတတ်ကြရင် သူတို့ထက် အသိဉာဏ်ပညာ အတိုင်းအဆမရှိသာလွန်တဲ့ လူသားတွေက သူတို့ထက်မကပိုပြီး ကြည့်နိုင်မြင်နိုင် အသုံးချနိုင်ရမှာပါ။

တကယ်ဆို ဘယ်လိုလူမှုအဖွဲ့အစည်းမှာပဲဖြစ်ဖြစ် ကြုံတွေ့ရင်ဆိုင်ကြရတဲ့ ပြဿနာတွေ၊ အခက်အခဲ တွေက အများကြီးပါ။ တကယ့်ကိုအများကြီးပါတယ်။ စောစောကငှက်ကလေးလို တစ်ကြိမ်တည်းကြုံရတာမျိုးတောင် မဟုတ်ပါဘူး။ ဒီလိုအများကြီးရှိနေတာဆိုတော့ စုစုစည်းစည်းနဲ့ လက်တွဲပြီးအလုပ်လုပ်ကြဖို့က ပိုပြီးအရေးကြီး ပါတယ်။ တစ်ယောက်က အလုပ်တစ်ခုလုပ်နေတယ်။ ပြဿနာတစ်ရပ်ကိုဖြေရှင်းဖို့ကြိုးစားနေတယ်။ ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ ကိုယ်ကနားလည်တတ်ကျွမ်းတယ်။ ဒါဆိုရင် သူ့ကိုအကြံဉာဏ်ပေးတာလေးလောက်ပဲဖြစ်ဖြစ် ကူညီလိုက်ရုံပေါ့။ သူလည်းအကျိုးရှိမယ်။ ကိုယ်လည်းအကျိုးရှိမယ်။ ခေါင်းတစ်လုံးတည်းဖြေရှင်းတာထက် ခေါင်းတွေအများကြီးစုပြီးဖြေရှင်းတာက ပိုပြီးအကျိုးရှိထိရောက်မှာ မလွဲပါဘူး။ ခေါင်းအုပ်စုလေးတစ်စုတည်း ဖြေရှင်းတာထက် ခေါင်းအုပ်စုတွေအများကြီးပေါင်းပြီး အဖြေရှာတာက ပိုပြီးထိရောက်အောင်မြင်မှာမလွဲပါဘူး။ ဒီလိုမဟုတ်ဘဲနဲ့ မပြောသေးဘူး ကြည့်နေတယ်ဆိုတာမျိုးချည်းလုပ်နေဖို့မသင့်ပါဘူး။ တစ်ချို့ဆိုရင် ကြည့်နေရုံတင် မကဘူး။ ဒီလိုလုပ်ပြန်ပြီ၊ ဟိုလိုလုပ်ပြန်ပြီနဲ့ ဝိုင်းဝန်းကဲ့ရဲ့ဖို့ပဲ စိတ်အားထက်သန်နေတယ်။ အမှန်ကဘာလဲ၊ ဖြစ်သင့်တာက ဘယ်လိုမျိုးလဲ ဆိုတာကို ထောက်မပြဘူး။ အပြစ်ချည်းပြောနေတယ်။ ကူညီဖြေရှင်းဖို့ဆိုတာ ဝေးရော။ အကြံတွေဉာဏ်တွေ ပေးတယ်ဆိုဦးတော့ ဆရာကြီးအထာတွေနဲ့ချည်းဖြစ်နေကြတယ်။ တစ်ဘက်လူ မှာလည်း နာယူရတာ သိပ်ပြီးအဆင်မပြေဘူး။ ပြောသမျှဆိုသမျှက ပေါင်းစည်းဖို့ကိုဦးမတည်နိုင်ကြဘူး။ ဒီတော့ ပေါင်းစည်းမှုရဲ့အင်အားကို အသုံးမချနိုင်ကြတော့ဘူး။ မပေါင်းစည်းနိုင်တော့ လုပ်ဆောင်ချက်တွေဟာ အထိုက်အလျောက်အကျိုးရှိနေမှာဖြစ်ပေမယ့် ပေါင်းစည်းခြင်းကရလာတဲ့ ရလဒ်လောက်တော့ ထိရောက်အောင်မြင် နိုင်မှာမဟုတ်ဘူးဆိုတာ သေချာနေပါပြီ။

ကိုယ့်အဖွဲ့အစည်းကို အန္တရာယ်ပြုချင်တဲ့အဖွဲ့အစည်းသော်လည်းကောင်း၊ ပုဂ္ဂိုလ်သော်လည်းကောင်း၊ သူတို့ရဲ့အင်အားက ကိုယ့်ထက်အဆများစွာ ကြီးချင်ကြီးနေမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းကာကွယ်နိုင်ကြရင် ကြုံလာသမျှအန္တရာယ်တွေကို ရင်ဆိုင်ကျော်လွှားနိုင်မှာအမှန်ပါ။

ပြင်ပရန်ဆိုတာထက် အခက်အခဲဆိုတာကတော့ ရှိကိုရှိမှာပဲ။ ဒီအခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့ဆိုတာ စည်းလုံးညီညွတ်ခြင်းကလွဲပြီး အခြားမရှိနိုင်ပါဘူး။

ဟုတ်ပြီ။ ကိုယ်ကအားနည်းသူမဟုတ်ဘဲ အားကြီးသူဖြစ်နေပြီလား။ ဒါဆိုရင်လည်း ကိုယ့်ထက် အားနည်းတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေကို ရှိတဲ့အားလေးကိုအားကိုးပြီး အနိုင်မကျင့်သင့်၊ မပုတ်ခတ်သင့်ဘူး ဆိုတာ ဆင်မိုက်ကြီးက အသက်နဲ့ရင်းပြီး သက်သေပြသွားခဲ့တယ်။ ကိုယ့်ထက်အားနည်းသူကို အနိုင်မယူဘဲ ဖေးမကူညီမှုတွေပေးနိုင်မှသာ လူ့ဘောင်လောကကြီး သာယာအဆင်ပြေနိုင်မှာပါ။

အထက်ကဇာတ်ကြောင်းလေးထဲမှာ ကျီးကန်းကဆင်ကို မျက်စိကန်းအောင်လုပ်ပစ်ခဲ့တယ်။ ဒီနေရာမှာ မျက်စိဆိုတာ ပကတိမျက်စိကိုရည်ညွှန်းနိုင်သလို သိမြင်နိုင်စွမ်း၊ မြော်မြင်နိုင်စွမ်း၊ သုံးသပ်နိုင်စွမ်း အစရှိတာတွေ ကိုလည်း ရည်ညွှန်းလို့ ရနိုင်မှာပါ။ ရန်သူတစ်ယောက်ဟာ ကိုယ့်ကိုဒုက္ခပေးချင်လာပြီဆိုရင် အမှန်ကိုအမှန်အတိုင်း မမြင်တော့အောင်၊ အမှားကိုအမှန်ထင်လာအောင်၊ အဆိုးကိုအကောင်းထင်လာအောင် နည်းမျိုးစုံသုံးပြီး လှည့်စား တတ်ပါတယ်။ ဒီဟာကို ပညာမျက်စိနဲ့ သေသေချာချာရှုမြင်သုံးသပ်နိုင်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ပကတိမျက်စိကြီးကို လာပြီးထိုးဆိတ်နေမှ သိရမှာမဟုတ်ပါဘူး။ ဘယ်လိုသတင်းအချက်အလက်တွေနဲ့၊ ဘယ်လိုပုံဘယ်လိုနည်းနဲ့ အသိမှားအမြင်မှားအောင်ကြိုးပမ်းနေသလဲဆိုတာကို စူးစမ်းဆင်ခြင်နိုင်ဖို့လိုမှာပါ။ ဒါမှသာ ဆင်ကန်းတောတိုး ဖြစ်မယ့်ဘေးကနေလွတ်ကင်းမှာပါ။

ပြီးတော့ အသံတွေကိစ္စ။ ဖားသူငယ်လေးက အသံလေးနှစ်ချက်လောက်ပေးလိုက်ရုံနဲ့ ဆင်ကန်းကြီးကို ဇီဝိန်ချုပ်သွားစေနိုင်ခဲ့တယ်။ ဒီလိုပါပဲ။ ကိုယ့်ကိုယ်ပဲဖြစ်စေ။ သူတစ်ပါးကိုပဲဖြစ်စေ။ အသိမှား အမြင်မှား အကြားမှား အောင် နည်းမျိုးစုံနဲ့ အသံတွေလွှင့်ပြီးတော့ ကြိုးစားနေကြတာကိုတွေ့ရတတ်ပါတယ်။ ကိုယ့်ကိုချောက်ကျအောင် အသံအမျိုးမျိုးနဲ့ ဒုက္ခပေးတယ်။ ညီညွတ်နေတာကိုမညီညွတ်အောင်၊ မညီညွတ်သေးရင် ပိုပြီးတော့ ကွဲသထက် ကွဲအောင် သပ်လျှိုသွေးခွဲတဲ့အသံမျိုးတွေနဲ့ ကိုယ့်ရဲ့ဒုက္ခတွင်းကို နက်သထက်နက်အောင် တူးပေးဆွပေး နေကြတယ်။ ဒီအခါမျိုးကျရင် သတိကိုတမံ ဉာဏ်ကိုမြေကတုတ်၊ ပညာချွန်းကလေးနဲ့အုပ်ပြီး ကိုယ့်ခရီးကို ဖြောင့်ဖြောင့်မှန်မှန် နှင်နိုင်ဖို့လိုပါတယ်။ ကိုယ်မှားတဲ့အခါ ပြန်ပြင်နိုင်ဖို့လိုသလို တစ်ခြားသူမှားနေတာတွေ့ရင်လည်း လမ်းမှန်ကိုပြပေးနိုင်ရမှာပါ။ လျှောက်နေတဲ့ လမ်းကတော့မှားနေပြီဆိုတာကို ထောက်ပြပြောဆိုနိုင်ရမှာပါ။ ဒီလိုမှမဟုတ်ရင်တော့ လမ်းမှားကိုရောက်ပြီးတော့ ဘဝရေတိမ်နစ်ရမယ့်ဘေးမျိုးနဲ့ ကြုံရတွေ့ရနိုင်ပါတယ်။

ဒါ့ကြောင့် ဘယ်ခြေလှမ်းကိုပဲလှမ်းလှမ်း သတိသမ္ပဇဉ်လေးနဲ့ယှဉ်ပြီးလှမ်းနိုင်ဖို့ကြိုးစားရမှာပါ။ ဘယ် အလုပ်ကိုပဲလုပ်လုပ် ဆင်ခြင်ဉာဏ်လေးထားနိုင်မှ တန်ကာကျမှာပါ။ ကိုယ်မြင်နေရတဲ့အရာတွေက အမှန်တရားတွေဟုတ်ရဲ့လား။ ကိုယ့်ရဲ့ပညာမျက်စိကို ဘယ်လို ဝိပလ္လာသတရားတွေက ဖုံးလွှမ်းထားသလဲ၊ ဘယ်အာရုံတွေက လှည့်စားထားသလဲဆိုတာကို ဝေဖန်ပိုင်းဖြတ်နိုင်မှ အဆင်ပြေမှာပါ။ ကိုယ်ကြားနေရတဲ့အရာတွေ ကရော မှန်ကန်တဲ့အသံတွေဟုတ်ရဲ့လား။ ကိုယ့်ကိုချောက်ကျစေချင်လို့ ဝိုင်းဝန်းမြည်တွန်နေကြတဲ့ အန္တရာယ် ဖိတ်ခေါ်သံတွေလားဆိုတာကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့လိုမှာပါ။

အသံတွေကြားနေရပြီ။ ဘာမှန်းညာမှန်းက သိပ်မရေရာသေးဘူးဆိုရင်တော့ ဒီလိုအသံတွေနောက်ကို လိုက်ပြီး ဒီလိုပြောသမျှယုံပြီး စွတ်မတိုးလိုက်ပါနဲ့ဦး။ ဒုက္ခချောက်ကမ်းပါးပြတ်ကြီးထဲကို စောက်ထိုးမိုးမျှော် ဒလိမ့်ခေါက်ခွေးကျသွားနိုင်ပါတယ်။

အရာရာကိုသတိထား၊ ညီညွတ်ခြင်းရဲအင်အားနဲ့ အခက်အခဲမှန်သမျှကို အတူလက်တွဲပြီး ရင်ဆိုင် ကျော်လွှားနိုင်ကြရင်ဖြင့် တိုင်းထက်အလွန်၊ တံခွန်နဲ့ကုက္ကားဆိုတဲ့အဖြစ်မျိုးကို မလွဲမသွေရောက်ကြမှာမို့ ငှက်ကလေးပေးတဲ့သင်ခန်းစာကို ရကြပါစေ၊ ရပါစေလေ။

Comments

comments

Next Post

“မှန်တာပြောရင် ရိုက် တယ်တော”

Thu Jul 9 , 2020
ဆရာကြီးအောင်သင်းပြောဖူးတယ်…. အညာမြေက ကျေးရွာတစ်ရွာမှာ အရှုးပါး (စိတ်မနှံ) တဲ့ကောင်မလေးတစ်ယောက်ရှိတယ်တဲ့… တနေ့တော့ ရွာသူကြီးက ဘာလုပ်လိုက်လဲ မသိဘူး… ဗိုက်ကြီး (ကိုယ်ဝန်) ရသွားတဲ့တယ်.. ရွာရဲ့ဂုဏ်သိက္ခာအကျမခံတဲ့ ရွာသူ ရွာသားတွေက အဖြစ်မှန်ကိုသိရဖို့ အရှုးပါး (စိတ်မနှံတဲ့) ကောင်မလေးကို ဝိုင်းဖမ်းပြီး စစ်ဆေးကြတယ်ပေါ… ဒီကိုယ်ဝန်က ဘယ်သူနဲ့ရတာလဲပေါ..စသည့် မေးကြတယ်ပေါ… အရှုးမလေးက “သူကြီးနဲ့တော့” ဆိုပြီးဖြေတော့… “ဟာ”.. မဟုတ်တာ… “လိမ်တာပ”ဲ ဆိုပြီး ဝိုင်းရိုက်ကြတယ်… မေးတာ အမှန်ဖြေစမ်းဆိုပြီး ဝိုင်းပြောကြတော့… အရှုးမက မပြောချင်တော့ဘူးပေါ… ရွာသူရွာသားတွေက ကဲဟာမပြောချင်ဘူးဆိုပြီး ထပ်ရိုက်ပြန်တော့ … ဘာဖြစ်လို့ မပြောချင်ရတာလဲ ဆိုပြီး မေးတော့.. အရှုးမက “မှန်တာပြောရင် ရိုက်တယ်တော” ဆိုပြီးပြောလိုက်တယ်။ […]